နိုင်ငံတွင်အကြီးဆုံးဘီယာလုပ်ငန်းဖြစ်သည့် စစ်တပ်ပိုင် မြန်မာအဖျော်ယမကာလုပ်ငန်းသည် ယခုနှစ်ပထမ ၃ လရောင်းချရမှုသည် ယခင်နှစ်ထက် ထက်ဝက်ကျဆင်းသွားကြောင်း စစ်တပ်နှင့် အဖျော်ယမကာလုပ်ငန်း ဖက်စပ်လုပ်နေသော ဂျပန် အဖျော်ယမကာလုပ်ငန်း Kirin ၏ စာရင်းများအရ သိရသည်။ စစ်ကောင်စီဆန့်ကျင်ရေး သပိတ်မှောက်နေသူများက အာဏာသိမ်းခေါင်းဆောင်များအတွက် ငွေကြေးလမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်ပြီး စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်အပြီး ထိုသို့ရောင်းအားပြိုကျခြင်းဖြစ်သည်။
Kirin သည် စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်အတူ မြန်မာအဖျော်ယမကာလုပ်ငန်းကို ၅၁ ရာခိုင်နှုန်းပိုင်သည်။
ကမ္ဘာတဝန်း ကူးစက်ရောဂါ ကိုဗစ်-၁၉ အပြင် စစ်အာဏာသိမ်းမှုသည် ဖေဖေါ်ဝါရီလနောက်ပိုင်း ရောင်းအားကို ထိခိုက်စေပြီး မြန်မာရှိ စီးပွားရေးလုပ်ငန်းများကို နှောက်ယှက်လိုက်ကြောင်း ၂၀၂၁ ခုနှစ်ဘဏ္ဍာငွေရှင်းတမ်းတွင် Kirin က ဖေါ်ပြသည်။
မြန်မာဘီယာဈေးကွက်သည် ကိုဗစ်-၁၉၊ နိုင်ငံရေးအုံကြွမှုနှင့် ကုန်စည်ပေးသွင်းသည့် ကွင်းဆက် ပြတ်တောက်မှုကြောင့် သေးငယ်သွားကြောင်း Kirin က ဆိုသည်။ မြန်မာ့အဖျော်ယမကာရောင်းအားသည် ဈေးကွက်နှင့်အညီ ယခင်နှစ်ကထက် ၄၆ ရာခိုင်နှုန်းကျဆင်းကြောင်း ဖေါ်ပြသည်။
“ဈေးကွက်ကျဆင်းသကဲ့သို့ မြန်မာအဖျော်မယကာလုပ်ငန်း၏ ရောင်းအားလည်း အလားတူ ပမာဏ ကျဆင်းသည်” ဟု Kirin ကဖေါ်ပြသည်။
ရောင်းအားကျဆင်းသောကြောင့် ဝင်ငွေနှင့် လုပ်ငန်း အကျိုးအမြတ်နှစ်ခုလုံးသည် ၂၀၂၀ ခုနှစ် ပထမ သုံးလထက် ၄၉.၆ ရာခိုင်နှုန်း ကျဆင်းကြောင်း Kirin ၏ဘဏ္ဍာရေး အစီရင်ခံစာက ဖေါ်ပြသည်။
စစ်အာဏာသိမ်းပြီးနောက် Kirin က မြန်မာစစ်တပ်၏လုပ်ရပ်များသည် ကုမ္ပဏီ၏စံနှုန်းများနှင့် လူ့အခွင့်အရေးမူဝါဒကို ဆန့်ကျင်နေသောကြောင့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဖက်စပ်လုပ်ငန်း အဆုံးသတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဖက်စပ်လုပ်ငန်း ဖျက်သိမ်းရေးအတွက် ဆွေးနွေးနေကြောင်းလည်း ကီရင်က ၎င်း၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။
Kirin သည် ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအကြား စစ်တပ်နှင့် ပူးပေါင်းသောကြောင့် အစောပိုင်းတွင် နိုင်ငံတကာပြစ်တင်ရှုတ်ချမှုများကို ခံရသည်။ လွန်ခဲ့သော နှစ်က Kirin သည် Deloitte Tohmatsu Financial Advisory ကို ငှားရမ်းပြီး မြန်မာ့စီးပွားရေး ဦးပိုင်၏ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးကို လွတ်လပ်သော သုံးသပ်မှုပြုလုပ်စေသည်။ သို့သော် စစ်တပ်နှင့်ပတ်သက်ပြီး ထိုသို့စုံစမ်းသုံးသပ်မှုသည် သတင်းအချက်အလက်များ မရသောကြောင့် ကောက်ချက်ချမရဘဲ အဆုံးသတ်သွားသည်။
သို့သော် Kirin က ဦးပိုင်ကုမ္ပဏီသို့ အမြတ်ခွဲဝေခြင်းကို နိုဝင်ဘာလက ရပ်ဆိုင်းလိုက်သည်။ Kirin ၏ မြန်မာနိုင်ငံမှ စီးပွားရေးသည် ၂၀၁၉ ခုနှစ်က လုပ်ငန်းလည်ပတ်မှုအကျိုးအမြတ် ဒေါ်လာ ၁၁ သန်း (ကျပ် ၁၆၁.၈၄ ဘီလျံ) ရကြောင်း ကုမ္ပဏီ၏ အဆိုအရ သိရသည်။
စစ်တပ်နှင့်ပတ်သက်သည့် ထုတ်ကုန်များကို မြန်မာစားသုံးသူများ၏ သပိတ်မှောက်မှုသည် အလုပ်ဖြစ်ပြီး စစ်ခေါင်းဆောင်များ၏ ငွေအိတ်ကို တိုက်ရိုက်ထိကြောင်း Kirin ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Justice for Myanmar ကပြောသည်။
မြန်မာပြည်သူများသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရေးကို တောင်းဆိုကြောင်း Kirin ၏ စာရင်းများက ပြသကြောင်း JFM ကပြောသည်။
“Kirin သည် ထိုစာရင်းများကို ကမ္ဘာတဝန်း ကူးစက်ရောဂါနှင့် နိုင်ငံရေးအုံကြွမှုကြောင့်ဖြစ်ကြောင်း ရှင်းပြရန်ကြိုးစားသော်လည်း ယင်းသည် လူသတ်သမားများကို ငွေကြေးပံ့ပိုးသည့် မြန်မာနိုင်ငံမှ စက်ဆုတ်ဖွယ်စီးပွားရေး ပုံစံကို လူထုက ဆန့်ကျင်ကြောင်း အထောက်အထားအဖြစ် မိမိတို့သိရသည်” ဟု JFM ကဆိုသည်။
JFM က Kirin အနေဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဖက်စပ်လုပ်ငန်းဖြတ်ရန် လုပ်ဆောင်မှုများကို အမြန်ဆုံးအသိပေးရန်လည်း တောင်းဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Military-Owned Brewer’s Sales Halved as Boycott Bites ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ
တယ်လီနော မြန်မာ၏ အနာဂတ် ဘာလဲ ဘယ်လဲ