စီးပွားရေး

အွန်လိုင်းအခြေပြု ကြော်ငြာလုပ်ငန်းများ ရပ်တည်ရေး ခက်ခဲလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေ့ဘွတ် ဆိုရှယ်မီဒီယာကို ပိတ်ပင်ခြင်း၊ အင်တာနက်များကို ကန့်သတ်ခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဒစ်ဂျစ်တယ်နည်းပညာ အခြေပြု ကြော်ငြာအေဂျင်စီလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် ရပ်တည်ရန် အခက်အခဲ များစွာ ရင်ဆိုင်နေကြလျက် ရှိသည်။

ဖေဖေါ်ဝါရီလ အစောပိုင်းမှစတင်ပြီး အခြားလူမှုကွန်ရက်ပလက်ဖေါင်းများနှင့်အတူ ဖေ့ဘွတ်ကို မြန်မာနိုင်ငံတွင် တရားဝင်ပိတ်ပင်လိုက်သည်။ မတ်လ ၁၅ ရက်နေ့မှစတင်ပြီး နိုင်ငံတဝန်း မိုဘိုင်း အင်တာနက်များကို ဖြတ်တောက်လိုက်ကာ ဧပြီလ ၂ ရက်နေ့မှစတင်ပြီး ဘရော့ဘန်းဝါယာလက် အင်တာနက်များကို ဖြတ်တောက်လိုက်ပြန်သောကြောင့် လူအနည်းငယ်သာ အသုံးပြုနိုင်သည့် အသေတပ်ဆင်ထားသော အင်တာနက်များကိုသာ သုံးနိုင်တော့သည်။

အသုံးပြုသူ အများအပြားသည် နည်းအမျိုးမျိုးရှာကာ လူမှုကွန်ရက်ကို အသုံးပြုနေကြဆဲဖြစ်သော်လည်း မြန်မာနိုင်ငံ၌ Facebook သုံးစွဲသူဦးရေသည် ၂၅ သန်း မှ ၉ သန်း နီးပါးသို့ လျော့ကျသွားခဲ့ကြောင်း ကြော်ငြာအေဂျင်စီ လုပ်ငန်းများထံက သိရသည်။

ထို့ပြင် အများပြည်သူသည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေပေါ်တွင်သာ စိတ်ဝင်စားမြင့်တက်လျက် ရှိခြင်းကြောင့် ယခုအခြေအနေမျိုးတွင် မည့်သည့် စီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သုံးစွဲသူ လူထုထံ ပေးပို့မရဘဲ ရပ်ဆိုင်းထားကြရကြောင်း ၎င်းတို့က ဆိုသည်။

“အေဂျင်စီတွေဟာ ကုန်ထုတ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုပေးသူတွေကို သုံးစွဲသူလူထုနဲ့ ချိတ်ဆက်ပေးတဲ့ သတင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တခုဖြစ်တဲ့အတွက် ရောင်းသူ ဝယ်သူနှစ်ဖက်လုံးက စိတ်ဝင်စားမှု လျော့ကျသွားတဲ့အခါ၊ သတင်းမီဒီယာ အတော်များများ အလုပ်မလုပ်နိုင်တော့ဘဲ ဆက်သွယ်ရေး ချိတ်ဆက်မှု ခက်ခဲလာတဲ့အခါ အေဂျင်စီတွေအနေနဲ့ လုပ်ကိုင်ရတာ အင်မတန် ခက်ခဲလာပါတယ်။ နောက်ပြီး ကြော်ငြာတွေကို ဘယ်ပလက်ဖောင်းပေါ်မှာ တင်ရမလဲ မသိတော့တာ၊ ကြော်ငြာတွေကိုလည်း လူတွေက လက်မခံတော့တာမျိုး ဖြစ်လာနေတယ်” ဟု မြန်မာနိုင်ငံတွင် ထိပ်တန်းကြော်ငြာအေဂျင်စီဖြစ်သည့် Mango Group မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

အင်တာနက်၊ သတင်းမီဒီယာ၊ ဘဏ္ဍာရေး ဆိုင်ရာ နည်းပညာနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများ ထိခိုက်ခြင်းသည် ကြော်ငြာ အေဂျင်စီလုပ်ငန်းကဏ္ဍ တခုလုံးကိုလည်း အခက်အခဲ ဖြစ်စေလျက်ရှိသည်။

ဖေ့ဘွတ်လူမှုကွန်ရက် ပိတ်ပင်ခြင်းနှင့် သတင်းမီဒီယာများ ပျောက်ကွယ်လာခြင်းတို့က ကြော်ငြာများ ပလက်ဖောင်းပျောက်သွားစေသလို အင်တာနက်ကန့်သတ်ခြင်းကြောင့် အွန်လိုင်းငွေပေးချေမှု အခက်အခဲကြုံရခြင်းကလည်း ကြော်ငြာအေဂျင်စီများ ဝန်ဆောင်မှု ပေးနေကြရသည့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများကို များစွာ ထိခိုက်လျက်ရှိသည်။

ထိုအခြေအနေများကြောင့် ကြော်ငြာအေဂျင်စီများသည် လုပ်ငန်းလုပ်ကိုင်ရမှု ကျပ်တည်းလာပြီး ဝင်ငွေကျဆင်းသွားသည့် ပြဿနာ အခက်အခဲများကို ရင်ဆိုင်နေကြရသည်။

ကြော်ငြာအေဂျင်စီလုပ်ငန်းများသည် လက်ရှိအချိန်တွင် ကြော်ငြာလုပ်ငန်းများ မရှိသလောက်ကို လျော့ကျသွားလျက်ရှိပြီး ကုမ္ပဏီများ၏ ဝင်ငွေသည် ကိုဗစ်ကာလနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကျော်အထိ လျော့ကျသွားလျက် ရှိကြောင်း အေဂျင်စီလုပ်ငန်းများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်များတွင် မြန်မာ့နိုင်ငံရေး ပွင့်လင်းလာပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစဉ်က ပြည်တွင်း၌ ရုံးခွဲများ ဖွင့်လှစ်ပြီး လုပ်ငန်းလုပ်ကိုင်နေသော အေဂျင်စီလုပ်ငန်းများထဲမှ တချို့သည် မြန်မာပြည်မှ ရုံးခွဲများကို ပြန်လည် ပိတ်သိမ်းရန် ပြင်ဆင်နေကြပြီး အများစုသည် ဝန်ထမ်းများ လျှော့ချကာ ရပ်တည်နေကြလျက် ရှိသည်။

“ကျနော်တို့ ကုမ္ပဏီမှာ ဒီမှာရှိနေတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေ အကုန် ဒီမှာ မရှိကြတော့ဘူး။ ဒါပေမယ့် အိမ်နီးချင်း နိုင်ငံတွေက ရုံးခွဲတွေမှာ ပြောင်းပြီး ရုံးထိုင်နေကြတာပေါ့။ ဒီမှာရှိတဲ့ လုပ်ငန်းက ဆက်ပြီးလည်နေသေးတယ်ဆိုရုံပဲ ရှိတော့တယ်” အမည်မဖော်လိုသည့် အခြား ကြော်ငြာအေဂျင်စီလုပ်ငန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ပထမနှင့် ဒုတိယလှိုင်းကာလများတွင် ကုမ္ပဏီဝန်ထမ်းများသည် အိမ်မှ ဘေးကင်းစွာ အလုပ်လုပ်နိုင်ကြပြီး အွန်လိုင်းပလက်ဖောင်းကို အသုံးပြုမှု ပိုမိုမြင့်မားလာသည့်အတွက် အေဂျင်စီများအနေဖြင့် လူများဖြင့် ကြော်ငြာရသည့် ကိစ္စများကို မလုပ်ရခဲ့သော်လည်း အွန်လိုင်းပလက်ဖောင်းများပေါ်မှ အလုပ်ဆက်နိုင်ခဲ့သေးသည်။

“အခုအချိန်ကတော့ ကိုဗစ်ကာလထက် အခက်အခဲတွေ ပိုများတယ်ဆိုတာ အမှန်ပါပဲ။ ကျမတို့ အနေနဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအပြင် သူတို့ရဲ့စိတ်ခံစားချက်နဲ့ ဘေးအန္တရာယ်ကင်းရေးကိုပါ ထည့်သွင်းစဉ်းစား ရတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အတော်ကြိုးစားရပါတယ်” ဟု Mango Group မှ တာဝန်ရှိသူက ရှင်းပြသည်။

ယင်းပြင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသူများထဲတွင် အများပြည်သူများ တခဲနက် အားပေးကြသည့် အနုပညာရှင်များစွာ ပါဝင်ခဲ့ကြပြီး ၎င်းတို့ကို စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားခြင်းနှင့် တရားစွဲဆိုမှုများ ရှိနေခြင်းကြောင့်လည်း ကြော်ငြာအသစ်ရိုက်ကူးမှုများနှင့် ရိုက်ကူးထားပြီးသော ကြော်ငြာများကိုပင် ထုတ်လွှင့်ရန် အခက်အခဲ ရှိနေကြသည်။

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံတွင် အွန်လိုင်းမှတဆင့် ဈေးဝယ်သူပေါင်း ၂၂၀,၀၀၀ ခန့်ရှိပြီး အွန်လိုင်းမှ ငွေပေးချေမှု ပမာဏ သည် နိုင်ငံ GDP ၏ ၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိရှိပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ e-commerce ဈေးကွက် အပါအဝင် ဒစ်ဂျစ်တယ် ကုန်သွယ်မှုဈေးကွက်ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၂ ဘီလီယံအထိ ရှိနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းခဲ့ကြသည်။

မြန်မာနိုင်ငံသည် အင်တာနက် အသုံးနည်းသော နိုင်ငံအုပ်စုများထဲ၌ ရှိပြီး အင်တာနက်ပြတ်တောက်မှုကြောင့် အင်တာနက် အသုံးနည်းသည့် နိုင်ငံများမှာ ဖြစ်ပွားနိုင်သည့် ဆုံးရှုံးမှုတန်ဖိုးနှင့် တွက်ချက်ကြည့်ပါက လူ ၁၀ သန်းလျှင် တရက် ဆုံးရှုံးနှုန်း အမေရိကန်ဒေါ်လာ ၆ သိန်း ခန့်မှန်းထားသောကြောင့် မြန်မာ့လူဦးရေ ၅၄ သန်းခန့်နှင့် တွက်ချက်ပါက တရက်လျှင် မြန်မာ့စီးပွားရေး၏ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းနှုန်း ဆုံးရှုံးနိုင်ကြောင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာတို့တွင် လေ့လာဆန်းစစ်၍ သုတေသနစာတမ်းများ ထုတ်ပေးနေသည့် ISP မြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် မိုဘိုင်းဒေတာဖြင့် အင်တာနက် အသုံးပြုနိုင်သော်လည်း လိုင်းမှာ နှေးကွေးခြင်းနှင့် VPN ကျော်၍ အသုံးပြုရခြင်းတို့ကြောင့် တချို့အသုံးပြုသူများအတွက် အခက်အခဲများ ရှိနေသေးသည့်အတွက် ယခင်ကဲ့သို့ အားလုံး ပြန်အသုံးပြုရန် မလွယ်ကူသေးကြောင်းလည်း သိရသည်။

“အင်တာနက်ဆိုတာက သတင်း အချက်အလက်တခုတည်းအတွက် အသုံးပြုတာမှ မဟုတ်တာ။ အခုက အင်တာနက် ပေါ်ကနေ ချိတ်ဆက်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍအစုံကို ချိတ်ဆက်ပြီး လုပ်နေကြတာ။ ဒီအင်တာနက် အဆင်မပြေတော့ ဘာမှ လုပ်လို့မရတော့ဘူး” အွန်လိုင်းငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းနေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

You may also like these stories:

မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ

တယ်လီနော မြန်မာ၏ အနာဂတ် ဘာလဲ ဘယ်လဲ

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ စကားများက ပြည်သူ့နားမှာ မချိုသာ

Did you find apk for android? You can find new Free Android Games and apps.
Loading