စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းနှင့် စစ်ကောင်စီကို ထောက်ခံသည်ဟု သံသယရှိသောကြောင့် တရုတ်နိုင်ငံအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသည့်တိုင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ (BRI) ၏ အစိတ်အပိုင်းတခု ဖြစ်သည့် ကြီးမားသော အခြေခံအဆောက်အဦး စီမံကိန်းများ အကောင်အထည်ဖော်ရေး အစီအစဉ်ကို ရှေ့ဆက်ဆောင်ရွက်ရန် တွန်းအားပေးသည့် အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက အရေးပါသော ကော်မတီ ၃ ခု ကိုပြန်လည် ဖွဲ့စည်းလိုက်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စ၍ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး သဘောထားများ သိသိသာသာ မြင့်တက်လာခဲ့သည်။ စစ်အာဏာသိမ်းခြင်းကို ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အားထုတ်မှုများကို တရုတ်နှင့် ရုရှားတို့က ပိတ်ပင်ခဲ့ပြီးနောက် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများက တရုတ်စီမံကိန်းများ အားလုံးကို ဆန့်ကျင်ရန်နှင့် တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ရန် ပြည်သူများသို့ တောင်းဆိုခဲ့သည်။
သို့သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက စစ်အစိုးရကို ရှောင်ကျဉ်ကြခြင်းနှင့်အတူ တရုတ်နိုင်ငံသည် အာဏာသိမ်း ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ရန်နှင့် တိုင်းပြည်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိသည့် နိုင်ငံအနည်းငယ်ထဲမှ တခု ဖြစ်လာခဲ့သည်။
နောက်ဆုံးထုတ်ပြန်သော တရားဝင် ပြန်တမ်းများအရ စစ်အစိုးရသည် မတ်လအတွင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ပူးတွဲကော်မတီမှ အရပ်သား အစိုးရအဖွဲ့ဝင်များ အားလုံးကို ဖြုတ်ချပြီး ၎င်းတို့ ခန့်ထားသူများဖြင့် အစားထိုးခဲ့ကြောင်း သိရသည်။ ကော်မတီသည် BRI နှင့် သက်ဆိုင်သည့် ၂ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ အကောင်အထည်ဖော်ရေး အရေးကြီးသော စီမံကိန်းများကို သတ်မှတ်ခြင်း၊ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းနှင့် အစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခြင်း အပါအဝင် တရုတ်အစိုးရနှင့် ထိတွေ့ဆက်ဆံရာတွင် အဓိကကျသော အခန်းကဏ္ဍတခုမှ ပါဝင်နေသည်။
CMEC နှင့် ပတ်သက်သည့် သဘောတူညီချက်တခုကို တရုတ်အစိုးရက ဖြုတ်ချခံ ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၁၇၀၀ ခန့်ရှိသော CMEC သည် BRI ၏ အဓိက အစိတ်အပိုင်းတခု ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းနှင့် မြန်မာနိုင်ငံ စီးပွားရေး အဓိကအချက်အချာနေရာများ (ပထမဆုံး မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့၊ ထို့နောက် အရှေ့ဘက်မှ ရန်ကုန်နှင့် အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်) ကို ဆက်သွယ်ပေးမည် ဖြစ်သည်။
CMEC ပူးတွဲကော်မတီတွင် အာဏာသိမ်းခေါင်းဆောင်များက ခန့်အပ်ထားသည့် အဓိက စီးပွားရေးဝန်ကြီးများသာမက CMEC ဖြတ်သန်းသွားမည့် ပြည်နယ်နှင့် တိုင်းများဖြစ်သော မကွေး၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီတို့မှ စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များလည်း ယခုအခါ ပါဝင်လာသည်။ NLD အစိုးရလက်ထက်က ကော်မတီ၏ အဓိက လုပ်ငန်း တာဝန်များထဲမှ တခုဖြစ်သော CEMC တည်ထောင်ရာတွင် နိုင်ငံသားများပါဝင်မှုကို အားပေးသည့် အပိုဒ်ကိုလည်း စစ်အစိုးရက ဖယ်ရှားခဲ့သည်။
ထို့ပြင် မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ (CBECZ) အကောင်အထည်ဖော်ရန် ဗဟိုကော်မတီဝင်များကိုလည်း စစ်အစိုးရက ပြန်လည် ဖွဲ့စည်းခဲ့သည်။ ကော်မတီသည် အကောင်အထည်ဖော်ရေး မူဝါဒများ ရေးဆွဲရေး၊ ဇုန်များ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများကို အရှိန်မြှင့်တင်ရေးတွင် အဓိက အခန်းကဏ္ဍ မှပါဝင်မည် ဖြစ်သည်။ CMEC သဘောတူညီချက်အရ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် တည်ဆောက်ရန် စီစဉ်ထားသည်။
CBECZ သည် “ရလဒ်များကို ဦးစားပေးသည့် BRI ပူးပေါင်းဆောင်ရွက်မှု” ကို ပိုမိုနက်ရှိုင်းစေရန် လိုအပ်သော CMEC ၏ အဓိကထောက်တိုင်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်က သတ်မှတ်ထားသော စီမံကိန်းများထဲမှ တခု ဖြစ်သည်။
ယခုအခါ စစ်အစိုးရသည် CBECZ ၏ လုပ်ငန်း ကော်မတီကိုလည်း ၎င်း၏ အဖွဲ့ဝင်များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သူတို့က အသေးစိတ် စီမံကိန်းများအတွက် ညှိနှိုင်းဆွေးနွေးမှုများ၊ ကွင်းဆင်းလေ့လာမှုများနှင့် စီမံကိန်းတည်ဆောက်ရန် မူဘောင်သဘောတူညီချက် ရေးဆွဲခြင်းအပါအဝင် စီမံကိန်း လက်တွေ့ အကောင်အထည်ဖော်မှုများကို ဆွေးနွေးရန် တရုတ်နိုင်ငံမှ လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရနှင့် NLD အစိုးရတို့က ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တွင် ရန်ကုန်မြို့သစ်နှင့် ရှမ်းနှင့် ကချင်ပြည်နယ်များရှိ CBECZ များ အပါအဝင် CMEC စီမံကိန်းများကို အရှိန်မြှင့်ရန် သဘောတူခဲ့သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံအား အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက် ဝင်ရောက်နိုင်ရန်နှင့် ရေနံတင်သွင်းရာတွင် မလေးရှားကျွန်းဆွယ်နှင့် အင်ဒိုနီးရှား ဆူမားတြာကျွန်း ကြားရှိ မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုဘဲ တင်သွင်းနိုင်ရန် စီစဉ်ထားသည့် ကုန်သွယ်ရေး အချက်အချာဖြစ်သည်။ ဒေါ်လာဘီလီယံပေါင်းများစွာ တန်သော ရန်ကုန်မြို့သစ် စီမံကိန်းသည် CMEC အစီအစဉ်၏ တစိတ်တ်ပိုင်းလည်း ဖြစ်သည်၊ သို့သော်လည်း NLD အစိုးရက စီမံကိန်း ပထမအဆင့်၏ အရွယ်အစားနှင့် ကုန်ကျစရိတ်ကို လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များ ရှိသော်လည်း NLD အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအတွက် အရေးအကြီးဆုံးသော စီမံကိန်းများထဲမှ တခုမျှ အမှန်တကယ် အကောင်အထည်ဖော်သည့် အဆင့်သို့ မရောက်ခဲ့ပါ။ စီမံကိန်းအားလုံး အထူးသဖြင့် ၎င်းတို့၏ စီးပွားဖြစ်နိုင်စွမ်းနှင့် ၎င်းတို့သည် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် ကိုက်ညီမှုရှိ မရှိကို ဂရုတစိုက် သုံးသပ်နေသည်ဟု အရပ်သား အစိုးရက ပြောကြားခဲ့သည်။
BRI စီမံကိန်းများကို အကောင်အထည်ဖော်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုများ ရှိသော်လည်း စစ်ကောင်စီကို ရှုတ်ချရန် တရုတ် အစိုးရ၏ ငြင်းဆန်မှုသည် တရုတ်ဆန့်ကျင်ရေးသဘောထားများ တိုးပွားစေသည့်အတွက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ထိခိုက်နိုင်စေကြောင်း ဗြိတိန်အခြေစိုက် ပညာရှင် အဖွဲ့တခု ဖြစ်သည့် Chatham House ၏ အစီရင်ခံစာ တစောင်က ဧပြီလတွင် သတိပေးခဲ့သည်။
အကြီးတန်းသုတေသန ပညာရှင် ဒေါက်တာ Gareth Price က “တရုတ်စက်ရုံတွေ မီးလောင်ကျွမ်းခဲ့ပြီး ဆန္ဒပြသူတွေက ပိုက်လိုင်းတွေ ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်နေတဲ့ အတွက်ကြောင့် တရုတ်နိုင်ငံရဲ့ မစွက်ဖက်ရေး သဘောထားက ခြိမ်းခြောက်မှု အောက်ကို ရောက်သွားပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းမှုကို တရုတ်အစိုးရက “ ပြည်တွင်းရေးကိစ္စ” တခုအဖြစ် သတ်မှတ်ပြီး မြန်မာန်ိုင်ငံမှ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုသင့်ကြောင်းလည်း ပြောသည်။ ပြင်းထန်သည့် ဖိနှိပ်ဖြိုခွဲမှုများအတွင်း စစ်ကောင်စီ တပ်ဖွဲ့များ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူများအပေါ် စာနာမှုပြသရန်လည်း ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာပြည်သူ အများအပြားက တရုတ်အစိုးရသည် စစ်ကောင်စီကို ထောက်ပံ့နေသည်ဟု ယုံကြည်ရန် ဖြစ်စေခဲ့သ ည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar Regime Reorganizes Committees to Press Ahead With BRI Projects ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ
တိုင်းရင်းသားဒေသများတွင် တရုတ်သြဇာကြီးထွားမှုက စိုးရိမ်ရသည်
တရုတ်အကြွေးထောင်ချောက်မှ မြန်မာနိုင်ငံကို ကယ်တင်ခြင်း