စီးပွားရေး

စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့

Want create site? Find Free WordPress Themes and plugins.

စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ PetroChina International Singapore Pte Ltd က ဧပြီလတွင် ဂျက်လေယာဉ်ဆီများ မြန်မာနိုင်ငံသို့ ရောင်းချခဲ့ကြောင်း အစိုးရ အချက်အလက်များကို ကိုးကားပြီး Reuters သတင်းတပုဒ်က ရေးသည်။

ဂျက်လေယာဉ်ဆီများကို အရပ်ဖက်လေကြောင်းလိုင်းများတွင်သာမက စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ထောက်ပံ့နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဗုံးကြဲမည့် စစ်လေယာဉ်များတွင်လည်း အသုံးပြုနိုင်သောကြောင့် ပေးသွင်းသူများက ဂျက်လေယာဉ်ဆီရောင်းရန် အထူးသတိထားခဲ့ကြသည့်အချိန်တွင် ယင်းသို့ တရုတ်အစိုးရပိုင် ကုမ္ပဏီက ရောင်းချခဲ့ခြင်းဖြစ်သည်။

တရားဝင် ထုတ်ပြန်ထားခြင်း မရှိသည့် သွင်းကုန်ဆိုင်ရာ အချက်အလက်များအရ PetroCina International က ဧပြီလ ၁၅ ရက် နေ့တွင် မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းတွင် ချထားပေးရန် ဂျက်လေယာဉ်ဆီ တန်ချိန် ၁၃၃၀၀ နှင့် ဓာတ်ဆီ တန် ချိန် ၄၀၀၀ ကို MT Yu Dong ရေနံတင်သင်္ဘောဖြင့် တင်ခဲ့ကြောင်း သတင်းက ဆိုသည်။

အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခြင်းအတွက် အာဏာသိမ်း စစ်ကောင်စီကို အမေရိကန်နှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့ပြီး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ရေနံထုတ်ကုန်များ တင်ပို့ခြင်းကို တား မြစ်သည့် နိုင်ငံတကာ၏ ဆောင်ရွက်မှုများ လက်ရှိအချိန်တွင် မရှိပါ။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သော်လည်း ဧပြီလက ထုတ်ပြန်ကြေငြာချက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုသည့် အခြေအနေအထိ မရောက်ခဲ့ပါ။

တရုတ်နိုင်ငံကလည်း စစ်အစိုးရကို အင်တိုက်အားတိုက် ရှုတ်ချခဲ့ခြင်း မရှိဘဲ ၎င်း၏ အိမ်နီးချင်းနိုင်ငံတွင် တည်ငြိမ်မှုကို မြင်လိုသည်ဟုသာ ပြောခဲ့ခြင်းကြောင့် စစ်တပ်အာဏာပိုင်များကို ထောက်ခံနေသည်ဟု စစ်အစိုးရ၏ အတိုက်အခံအချို့ ထံမှ စွပ်စွဲချက်များ ထွက်ပေါ်စေခဲ့သည်။

“နေပြည်တော်မှာ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ချင်တဲ့ တရုတ်အစိုးရရဲ့ ဆန္ဒအရ မြန်မာနဲ့ စီးပွားရေး လုပ်ခြင်းအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တုံ့ပြန်ခြိမ်းခြောက်မှုကို တရုတ်အစိုးရပိုင် ကုမ္ပဏီတွေက ဂရုမထားတဲ့ အသွင်ပါ” ဟု စင်ကာပူ နိုင်ငံ Nanyang နည်းပညာတက္ကသိုလ်၊ S. Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းမှ တွဲဖက်သုတေသနပညာရှင် Henrick Tsjeng က ပြောသည်။

တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းတခု ဖြစ်သော Justice for Myanmar က လောင်စာဆီရောင်းချမှုကို ပြစ်တင်ရှုတ်ချလိုက်သည်။

“PetroChina က မြန်မာနိုင်ငံကို ဂျက်လေယာဉ်ဆီတင်ပို့နေပြီး တိုင်းရင်းသားအသိုင်းအဝိုင်းတွေအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေကြတဲ့ စစ်ရာဇဝတ်သားတွေနဲ့ စီးပွားရေးလုပ်နေတာကို ကျမတို့ အလွန် စိတ်ပျက်မိပါတယ်” ဟု ပြောခွင့်ရအမျိုးသမီး ဒေါ်ရတနာမောင်ကပြောသည်။

ဧပြီလလယ်ပိုင်းတွင် လေကြောင်း တာဘိုင်လောင်စာများ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း စင်ကာပူ ကုန်သွယ်ရေး အေဂျင်စီ ဖြစ်သည့် Enterprise Singapore မှ အချက်အလက်များက အတည်ပြုပေးခဲ့သည်။ အဆိုပါ လောင်စာဆီများကို ကူးသန်းရောင်းဝယ်ရေး လေယာဉ်များတွင်ရော စစ်လေယာဉ်များတွင်ပါ အသုံးပြုနိုင်ပြီး အဆင့်ပေါ် မူတည်၍ ရောစပ်အသုံးပြုရန် လိုအပ်ဖွယ်ရှိ ကြောင်း သတင်းက ဆိုသည်။

စစ်တပ်ဂျက်လေယာဉ်များက မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် ဗုံးကြဲမှုများ မကြာခဏပြုလုပ်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်ခံရသော အဖွဲ့များအနက်မှ တခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA ) က ယခုအပတ်အတွင်း တရုတ်နိုင်ငံမှ လေယာဉ်လောင်စာများ တင်ဆောင်လာသည်ဟု သံသယရှိသော ဆီသယ်ယာဉ် ၇ စီး ကို တိုက်ခိုက်ခဲ့ သည်။

မြန်မာနိုင်ငံမှ အချက်အလက်များအရ PetroCina International က ဂျက်လေယာဉ်ဆီများကို Puma Energy နှင့် မြန်မာ့ ရေနံလုပ်ငန်း (MPE) တို့ ဖက်စပ်တည်ထောင်ထားသည့် National Energy Puma Aviation Services Co. , Ltd (NEPAS) သို့ ရောင်းချခဲ့ကြောင်း သိရသည်။ ဓာတ်ဆီက ပြည်တွင်းမှ အခြား လောင်စာဆီ တင်သွင်းသူ ၃ ဦးထံ ရောက်ရှိသွားခဲ့သည်။

ဧပြီည ၁၅ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ကုန်ပစ္စည်း ပို့ဆောင်ရေး NEPAS က စီစဉ် ခဲ့သည်ဟု Puma Energy က Reuters သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း မည်သည့်ဆီ အမျိုးအစားများ သင်္ဘောမှ ချခဲ့သည် ဆိုသည့် အပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ရေနံ ဝယ်ယူရောင်းချရေး နိုင်ငံတကာကုမ္ပဏီတခု ဖြစ်သည့် Trafigura က ရှယ်ယာ အများစု ပိုင်ဆိုင်ထားပြီး လောင်စာဆီ သိုလှောင် ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီ ဖြစ်သော Puma Energy က ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှု သေချာစေရန် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြောင်း ပြောကြားထားသည်။

ထိုအချိန်မှစ၍ ဖက်စပ်ကုမ္ပဏီ NEPAS ၏ လုပ်ငန်းများကို ရှယ်ယာအများစု ပိုင်ဆိုင် ထားသည့် MPE က ဆောင်ရွက်နေသည်ဟု Puma Energy မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မှတ်ချက်ပေးရန် တောင်းဆိုခြင်းကို ယခုအခါ စစ်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန (MOEE) က ပိုင်ဆိုင်သော MPE က တုံ့ပြန်ခြင်း မရှိပါ။

ဂျက်လေယာဉ်လောင်စာများအပြင် ဓာတ်ဆီတန်ချိန် ၇၉၅၀၀ နှင့် ဒီဇယ်တန်ချိန် ၁၁၀၇၀၀ ကို မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်လက တင်ပို့ခဲ့ကြောင်း Enterprise Singapore ၏ အချက်အလက်များက ဖော်ပြနေသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးတင်သွင်းမှုမှာ ဖေဖော်ဝါရီလအတွင်းက ဂျက်လေယာဉ်ဆီ တန်ချိန် ၁၃၈၀၀ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ အချက်အလက်များ ကိုးကားပြီး သတင်းက ရေးသည်။ COVID-19 ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်တွင် လစဉ် တင်သွင်းမှု တန်ချိန် ၁၄၅၀၀ ခန့် ရှိခဲ့သည်။

ကိုးကား။ ။Reuters ၏ PetroChina ships jet fuel to junta-ruled Myanmar, data shows

You may also like these stories:

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်

စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား

မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်

Did you find apk for android? You can find new Free Android Games and apps.
Loading