စီးပွားရေး

ရန်ကုန်မီးရထားရုံးဟောင်း ဟိုတယ်ဆောက်လုပ်ရေး တနှစ်နားမည်

ရန်ကုန်မြို့လည်ရှိ ယခင်မီးရထားရုံးဟောင်း မြေနေရာပေါ်တွင် ဆောက်လုပ်နေသည့် အမေရိကန်ဒေါ်လာသန်း ၁၃၀ တန် ဟိုတယ်စီမံကိန်းကို တနှစ်ရပ်နားထားမည်ဟု နိုင်ငံတကာ အဆင့်မြင့် ပန်နင်စူလာ Peninsula ဟိုတယ်များကို ဆောက်လုပ်ရေး တာဝန်ယူထားသော ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များ Hongkong and Shanghai Hotels က ကြေညာခဲ့သည်။

“မြန်မာပြည်က ကံမကောင်းအကြောင်းမလှမှုတွေကြောင့် ရန်ကုန်ပန်နင်စူလာ ဆောက်လုပ်ရေးကို ၁၂ လ ယာယီရပ်ဆိုင်းထားဖို့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ သဘောတူလိုက်ပါတယ်” ဟု ပြီးခဲ့သည့် သောကြာနေ့ ရှယ်ယာရှင်များ အစည်းအဝေးတွင် ဟောင်ကောင်စတော့ဈေးကွက်စာရင်းဝင် ဟိုတယ်လုပ်ငန်း အကြီးအကဲ Clement Kwok က ပြောဆိုခဲ့ကြောင်း Nikkei Asia သတင်းတပုဒ်က ဆိုသည်။

“မြန်မာပြည်က အခြေအနေတွေကို ကျနော်တို့ ဆက်စောင့်ကြည့်ပါမယ်။ အခြေအနေတွေ တည်ငြိမ်လာပြီးတာနဲ့ ကျနော်တို့ စီမံကိန်းကို ပြန်စနိုင်ဖို့ မျှော်လင့်ပါတယ်” ဟုလည်း Clement Kwok က ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှ စပြီး မြန်မာပြည် အခြေအနေမှာ ကမောက်ကမဖြစ်သွားပြီး ဘဏ်လုပ်ငန်းများ မလည်ပတ်နိုင်တော့သဖြင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းကုန်သည့်အပြင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များနှင့် အာဏာသိမ်း ဆန့်ကျင်သူများ၏ ပဋိပက္ခက လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။

ဟောင်ကောင်ကုမ္ပဏီ၏ ကော်ပိုရိတ်ရေးရာ အုပ်စု ဒါရိုက်တာ Lynne Mulholland က ရန်ကုန်ပန်နင်စူလာဟိုတယ်စီမံကိန်းကို ပြီးခဲ့သည့်လက သဘောတူ ရပ်ဆိုင်းခဲ့ပြီး “လုံခြုံရေးက အဓိက ဦးစားပေးပါ” ဟု ပြောဆိုခဲ့သည်။

ရန်ကုန် ပန်နင်စူလာ ဟိုတယ်စီမံကိန်းကို ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များအုပ်စုက ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်သည်ကို မြန်မာပြည်ရှိ ကုမ္မဏီအုပ်စုဖြစ်သော Serge Pun & Associates လက်အောက်ရှိ Yoma Strategic Investments နှင့် First Myanmar Investment တို့က အသီးသီးပိုင်ကြသည်။

ရန်ကုန် ပန်နင်စူလာ ဟိုတယ်တွင် ဇိမ်ခံ တည်းရန် အခန်း ၈၈ ခန်းပါဝင်ပြီး Serge Pun & Associates ၏ အထပ်မြင့် စီးပွားရေးစင်တာ ရိုးမစင်ထရယ် Yoma Central ပါ တွဲလျက် ပါဝင်မည် ဖြစ်သည်။

အာဏာမသိမ်းမီ တလအလို ဇန်နဝါရီလအတွင်း ရိုးမစင်ထရယ် ဆောက်လုပ်ရေးလုပ်သားများ လုပ်ခလစာ အပြည့်အဝ မရှိခြင်းနှင့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေ ရခြင်းကြောင့် ထိုစီမံကိန်းရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကို ပိတ်ဆို့ကာ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

You may also like these stories:

ရန်ကုန်တွင် တည်ဆောက်မည့် ဂျပန် AEON Mall စီမံကိန်းကို ဆိုင်းငံ့

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်

လုပ်ခလစာ အပြည့်မရ၍ Yoma Central စီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သား ရာနှင့်ချီ ဆန္ဒပြ

Loading