မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက် အာဏာသိမ်း စစ်ကောင်စီသို့ ငွေချေးရန် တရုတ်ကျောထောက်နောက်ခံပြု အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ် Asian Infrastructure Investment Bank -AIIB က တံခါးဖွင့်ထားကြောင်း စီးပွားရေး သတင်းစာကြီး Financial Times က ရေးသားခဲ့သည်။
Financial Times က AIIB ၏ ဒု ဥက္ကဋ္ဌ Joachim von Amsberg နှင့် တွေ့ဆုံမေးမြန်းမှုတွင် ဘဏ်အနေဖြင့် မည်သည့်စီမံကိန်းသစ်ကိုမျှ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ထားခြင်း မရှိသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီကို အကူးအပြောင်း ကြားကာလ အစိုးရ de facto government အဖြစ် သတ်မှတ်ညှိနှိုင်းနိုင်သည့် မူဘောင်ရှိကြောင်း ဆိုသည်။
“အစိုးရတရပ်အနေနဲ့ ကျနော်တို့ မရှုမြင်ပါဘူး။ ကျနော်တို့ စိစစ်ရမယ့်စာရင်း checklist အရ ကျနော်တို့ သွားမှာပါ” ဟု Joachim von Amsberg က ပြောသည်။
AIIB ဘဏ်၏ စိစစ်ရမည့် စာရင်း checklist တွင် အကူးအပြောင်း ကြားကာလ အစိုးရ de facto government ဆိုသည်မှာ နယ်မြေ အာဏာပိုင်စိုးမှုအပေါ် ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း၊ ဘဏ္ဍာရေး တာဝန်များအပေါ် အသိအမှတ်ပြုခြင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ချက် သဘောထားများနှင့် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဆိုင်ရာ အန္တရာယ်များအပေါ် တွက်ချက်သုံးသပ်ထားမှုများ ပါဝင်ကြောင်း သိရသည်။
“ကျနော် ထင်မြင်ချက်နဲ့ ဖြေလို့ မရနိုင်ပါဘူး။ ဒါက အထူးပြုထားတဲ့ စီမံကိန်း ပရိုပိုဆယ်အပေါ် အခြေခံတယ်၊ အထူးပြုထားတဲ့ အချိန်နဲ့ အချက်အပေါ် အခြေခံပါတယ်”ဟု Joachim von Amsberg က မြန်မာစစ်ကောင်စီအား မည်သို့ ငွေချေးမည်နှင့် ပတ်သက်ပြီး ဖြေဆိုသည်။
AIIB ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ရည်ရွယ်ချက် ကြီးမားသည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို ငွေကြေးထောက်ပံ့ရန်ဟု အများက ရှုမြင်ခဲ့ကြသည်။ ယခုအချိန်ထိ ဘဏ်က စီမံကိန်း ၁၁၉ ခုအတွက် အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ ချေးထားခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသည် AIIB ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပုဂ္ဂလိကကဏ္ဍ စွမ်းအင်စက်ရုံစီမံကိန်းတခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငွေ ရထားခဲ့သည်။
AIIB ၏ သဘောထားသည် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်း စစ်ကောင်စီက ယခုအချိန်ထိ ဆန္ဒပြသူ ၈၀၀ ကျော်ကို သတ်ဖြတ်ပြီး လူ ၅ ထောင်နီးပါး ဖမ်းဆီးချုပ်နှောင်ထားမှုကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အနေဖြင့် မြန်မာပြည်ရှိ ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများအား ငွေကြေးအထောက်အပံ့များ ရပ်ဆိုင်းကြောင်း ကြေညာအပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမေရိကန် ပညာရှင် အဖွဲ့တဖွဲ့ဖြစ်သော Stimson Center မှ တရုတ်-မြန်မာဆက်ဆံရေးကျွမ်းကျင်သူ Yun Sun က အနောက်အုပ်စုများအနေဖြင့် စစ်ကောင်စီကို အရေးယူပိတ်ဆို့ပြီး မြန်မာပြည်နှင့် ဆက်ဆံရေး လျှော့ချခြင်းသည် တရုတ် ရင်းနှီးမြှုပ်နှံသူများ၊ တရုတ်ကုမ္ပဏီများအား ကွက်လပ်ဖြည့်ရန် အခွင့်ကောင်းပေးလိုက်ခြင်းဟု သုံးသပ်သည်။
“တကယ်လို့ အနောက်နိုင်ငံကုမ္ပဏီတွေက ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် တရုတ်တွေက သူတို့ခြေရာတွေနဲ့ မြန်မာဈေးကွက်က သူတို့ရှယ်ယာတွေကို ပိုမြှင့်လိုက်မှာကို ရှောင်လို့ မရနိုင်ဘူး။ မေးခွန်းက အထီးကျန်စေမှုနဲ့ အရေးယူပိတ်ဆို့တာက အကောင်းဆုံးဗျူဟာ ဟုတ်ရဲ့လား” ဟု Yun Sun က ပြောသည်။
သို့သော် မြန်မာပြည်၏ အနေအထားက ပေါက်ကွဲလုနီး ဗုံးတလုံးပမာ ဖြစ်နေပြီး စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရန် အန္တရာယ် များလွန်းနေကြောင်း ပြောဆိုချက်များလည်း ရှိသည်။
အမေရိကန် ပညာရှင် အခြားအဖွဲ့ဖြစ်သည့် United States Institute of Peace မှ မြန်မာ့အရေး ကျွမ်းကျင်သူများ ဖြစ်သည့် Jason Tower နှင့် Priscilla A. Clapp တို့က တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးစင်္ကြန် စီမံကိန်းများကို လက်ရှိ ပဋိပက္ခ၊ ဖရိုဖရဲ၊ ကူးစက်ရောဂါ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များအပြင် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ပြိုကွဲမှုများအကြား ရှေ့ဆက်လုပ်ရန် ဆုံးဖြတ်ပါက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ပြင်းထန်ရှည်ကြာသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု သတိပေးသည်။
“စစ်ကောင်စီနှင့် ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်ရန် ဘေ့ဂျင်းက ဆုံးဖြတ်ခဲ့ပါက ဘေ့ဂျင်းသည် စစ်ဇုန်တခုတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အချည်းနှီးသော အားထုတ်မှုအတွက် အဖိုးတန်သော ရင်းမြစ်များကို ဆုံးရှုံးတော့မည်”ဟု ၎င်းတို့က ရေးသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံခန့်ခွဲသည့် အဓိကကော်မတီတခုကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းစီမံကိန်းကို တွန်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် စစ်ကောင်စီက ချေးယူသည့် ငွေများကို ၎င်းတို့အာဏာရသောအခါ တာဝန်ယူမည် မဟုတ်ကြောင်း အတိုက်အခံတို့က ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြေညာထားသည်။
You may also like these stories:
မြန်မာနိုင်ငံ ဖရိုဖရဲ အခြေအနေက တရုတ်အတွက် အိပ်မက်ဆိုး ဖြစ်သည်
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု တရုတ်ကုမ္ပဏီလုပ်ဆောင်မည်
တိုင်းရင်းသားဒေသများတွင် တရုတ်သြဇာကြီးထွားမှုက စိုးရိမ်ရသည်