ဆပ်ပြာ၊ ဆပ်ပြာမှုန့် နှင့် သွားတိုက်ဆေးများကို နယ်စပ်ဒေသများမှ တဆင့် သွင်းခွင့်ကို အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းသည် ပြည်တွင်း၌ စားသုံးသူများ၏ သပိတ်မှောက်ခြင်းကို ခံနေရသော စစ်တပ်ထုတ် လူသုံးကုန်ပစ္စည်းများကို အရောင်းမြှင့်တင်ရေးအတွက်ဟု စွပ်စွဲမှုများကို ပေါ်ထွက်လာစေသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက် သောကြာနေ့က စပြီး နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေး၊ ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်းများ ကာကွယ်ရေးကို အကြောင်းပြကာ အဆိုပါသွင်းကုန်များကို ပိတ်ပင်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကုန်ပစ္စည်းများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကော်ဖီမစ်၊ အချိုရည်မျိုးစုံနှင့် နို့ဆီ၊ နို့စိမ်း အပါအဝင် စားသောက်ကုန် ၅ မျိုးကိုလည်း တင်သွင်းခွင့် ရပ်ဆိုင်းထားသေးသည်။
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သွင်းကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ကျနေသော နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေးအနေဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ သုံးစွဲရန် မိန့်ခွန်းများ မကြာခဏဆိုသလို ပြောတတ်သည်။
ယခု ပိတ်ပင်မှုသည်လည်း ပြီးခဲ့သည့်အပတ် မွန်ပြည်နယ်ရှိ စစ်တပ်ပိုင် ပဒုမ္မာ ဆပ်ပြာစက်ရုံသို့ ဗိုလ်ချုပ်မှူးကြီး သွားရောက်ခဲ့အပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းသို့ သွားရောက်ခဲ့ရာတွင် ပြည်ပသွင်းကုန်များ အစားထိုးပြီး ပြည်တွင်း လိုအပ်ချက်နှင့်အညီ ပြည့်မီအောင် ထုတ်လုပ်ရန် သူ ပြောဆိုခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာက ရေးသည်။ ၂၀၀၂ ခုနှစ်ကတည်းက အမျိုးမျိုး ဆပ်ပြာများ ထုတ်လုပ်နေခဲ့သော်လည်း စစ်တပ်ထုတ် ဆပ်ပြာများမှာ ဈေးကွက်အတွင်း လူသုံးမများပေ။
စစ်ကောင်စီ၏ ထိုသို့ လူသုံးကုန်များ တင်သွင်းမှု ပိတ်ပင်ခြင်းသည် တရားမဝင်မှောင်ခိုဈေးကွက်ကို ပိုမိုကြီးထွားလာစေမည်ဖြစ်သလို စစ်တပ်ပိုင် ကုမ္ပဏီများ၏ ထုတ်ကုန်များနှင့် ၎င်းတို့၏ နီးစပ်ပြီး အထူးအခွင့်အရေးရရှိသော လုပ်ငန်းရှင်များ၏ ထုတ်ကုန်များက ဈေးကွက်ကို ချယ်လှယ်ခွင့်ရရှိစေသွားမည်ဖြစ် ကြောင်း လုပ်ငန်းရှင်တချို့က ဝေဖန်နေကြသည်။
“သူတို့ ပိတ်လိုက်လို့ ဒါတွေက မဝင်လာတော့တာမျိုးတော့ ဖြစ်မှာမဟုတ်ဘူး။ အရင်လိုပဲ မှောင်ခိုကနေ ဝင်မယ်၊ ဈေးက သုံးလေးဆလောက် တက်သွားမယ်။ ဒါဆို သာမန်အခြေခံလူတန်းစားက မသုံးနိုင် လောက်တော့ဘူး။ အဲဒီတော့ ဈေးကွက်မှာရှိတဲ့ သူတို့ကုန်ပစ္စည်းကိုပဲ ဝယ်ရမယ့်အခြေအနေဖြစ်သွားပြီလေ ” ဟု လက်လီ လုပ်ငန်းလုပ်ကိုင်နေသူတဦးက ဧရာဝတီသို့ ပြောသည်။
“ ဒီဟာက ကျနော်တို့ ၂၀၁၀ အရှေ့ပိုင်းက ခေတ်လိုမျိုး ပြန်သွားနေတာ။ သူတို့နဲ့ နီးစပ်တဲ့သူဆို လုပ်ခွင့်ပေးမယ်။ သူတို့နဲ့ မပတ်သက်တဲ့သူဆိုရင် ဒါကို သူတို့က ထိန်းချုပ်မယ်။ အမိန့်တခုနဲ့ သွားတဲ့ စီးပွားရေးလို ဖြစ်လာတာပေါ့ ” ၎င်းက ဆက်လက်၍ ပြောသည်။
မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးထားသော မြန်မာ့စီးပွာရေးကော်ပိုရေး( MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ (UMEHL) တို့ လက်အောက်ရှိ ကုမ္ပဏီများသည် သယံဇာတတူးဖော်ရေး၊ ဘဏ်လုပ်ငန်းများမှ အစ ဘတ်စ်ကားလိုင်း အလယ် သောက်ရေသန့်၊ ကော်ဖီထုတ်၊ နို့ဆီ၊ ဆပ်ပြာနှင့် သွားတိုက်ဆေး အပါအဝင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရေးအထိ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
၂၀၁၉ တွင် MEC သည် ရန်ကုန်တွင် ဂျာမဏီနှင့် ဆွီဒင်မှ စက်များဖြင့် Dentomec အမည်ရှိ သွားတိုက်ဆေးကို ထုတ်လုပ်ရန် စက်ရုံစထောင်သည်။ ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်မှူးကြီးက သွားရောက်ကြည့်ရှုခဲ့သည်။ Dentomec သည် ပဒုမ္မာ ဆပ်ပြာများကဲ့သို့ ဈေးကွက်အတွင်း လူသုံးများခြင်း မရှိပါ။
လတ်တလောတွင်လည်း စစ်တပ်ထုတ် ကုန်ပစ္စည်းများ သပိတ်မှောက်ခံနေရသည်။
လူထု၏ သပိတ်မှောက်မှုကြောင့် မြန်မာ့ဘီယာဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစုရရှိထားသည့် မြန်မာ ဘီယာသည် ရောင်းအား ကျဆင်းသွားပြီး ဝင်ငွေနှင့် လုပ်ငန်း အကျိုးအမြတ်နှစ်ခုလုံးသည် ၂၀၂၀ ခုနှစ် ပထမ သုံးလထက် ၄၉ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းကြောင်း Kirin ၏ မေလအတွင်းက ထုတ်ပြန်သည့် ဘဏ္ဍာရေး အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေသည့် ဘောဂဗေဒပညာရှင်များပါဝင်သော အဖွဲ့ဖြစ်သည့် မြန်မာအတွက် လွတ်လပ်သော ဘောဂဗေဒပညာရှင်များ (Independent Economists for Myanmar-IEM) က ရေးသားပြီး အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုသော မကြာသေးမီက ထွက်လာသည့် အစီရင်ခံစာတစောင်တွင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် စစ်ကောင်စီ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပမှ ထည့်ဝင်မှု တားမြစ်ခြင်းသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များနှင့် အများပြည်သူဆိုင်ရာ အသုံးစရိတ်များကို ချိန်ဆသုံးစွဲရန် ဖြစ်စေနိုင်ကြောင်း ဖေါ်ပြခဲ့သည်။
“အတင်းအကျပ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု မရှိလျှင်ပင် စစ်တပ်သည် ၎င်းတို့အတွက် ဦးစားပေးလိုအပ်ချက်များနှင့် လျှပ်စစ်ထုတ်ရန် လောင်စာနှင့် ကိရိယာများ၊ ပြည်သူလူထု ရှင်သန်ရန် လိုအပ်သော အစားအသောက်၊ မြေသြဇာနှင့် ဆေးဝါး တင်သွင်းခြင်းအတွက် ငွေစိုက်ထုတ်ခြင်းအကြား ရွေးချယ်နေရသည်” ဟု အစီရင်ခံစာက ဆိုသည်။
ယခုကဲ့သို့ ပိတ်ပင်လိုက်သောကြောင့် ပြည်တွင်းရှိ လက်လီအရောင်းဆိုင်များတွင် ပြည်ပမှ တင်သွင်းထားသော ဆပ်ပြာနှင့် ဆပ်ပြာမှုန့်များ ဝယ်ယူစုဆောင်းခဲ့ကြပြီး ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်သွားပြီး အချို့ဆိုင်များက လက်ကျန်ပစ္စည်းများအား ခွဲတမ်းဖြင့် ရောင်းချနေကြရသည်။
You may also like these stories:
စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်
စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်
စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်