မြန်မာစစ်ကောင်စီသည် လွန်ခဲ့သော ၄ နှစ်ကျော်က ပိတ်ပစ်ခဲ့သည့် ရှမ်းပြည်နယ်ရှိ အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) ကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးအနီးတွင် တည်ရှိသော ထိုစက်ရုံသည် စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရုရှားအစိုးရပိုင် Tyazhpromexport တို့အကြား ဖက်စပ် သံမဏိတူးဖေါ်သန့်စင်ရေး စီမံကိန်းဖြစ်သည်။
ပြီးခဲ့သည့်အပတ် တနင်္လာနေ့က စစ်ကောင်စီနှင့် ရုရှားအရာရှိများသည် ပင်းပက်စီမံကိန်းပြန်လည်စတင်ရေးအတွက် နေပြည်တော်တွင် ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဒေါက်တာ နီကိုလေ လစ်စတိုပါဒေါ့ နှင့် စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း တို့ဦးဆောင်သည်။
ရုရှားသံအမတ်နှင့် စစ်ကောင်စီဝန်ကြီးတို့သည့် ထိုသံမဏိစက်ရုံကို စစ်ဆေးရန် ရုရှားကျွမ်းကျင်သူများ ခေါ်ယူရေး၊ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဆေးဝါးထုတ်လုပ်ရေး၊ ရာဘာနှင့် အထည်ချုပ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးစသည့် စီးပွားရေး ကိစ္စများကိုလည်း ဆွေးနွေးကြောင်း စစ်ကောင်စီ၏ ပြီးခဲ့သည့် အင်္ဂါနေ့ထုတ် သတင်းစာက ဖေါ်ပြသည်။
၂၀၁၇ ခုနှစ်အစောပိုင်းတွင် မဆိုင်းငံ့မီအထိ ထိုသံမဏိ စက်ရုံစီမံကိန်းကို MEC နှင့် Rostec (Russia’s State Corporation) လက်အောက်ခံ VO Tyazhpromexport ကုမ္ပဏီတို့အကြား စာချုပ်ဖြင့် လုပ်ငန်းလည်ပတ်သည်။
စစ်ဖြစ်နေသည့် ရှမ်းပြည်နယ်တွင် တည်ရှိသော ပင်းပက်စီမံကိန်းသည် ပင်းပက်တောင် သို့မဟုတ် ထင်းရှူးတောင်ကို မြန်မာနိုင်ငံတွင် အကြီးမားဆုံး သံသတ္တုမိုင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထိုစက်ရုံကိုတောင်ကြီးမှ ၈ မိုင်ခန့်အကွာ ပင်းပက်ရှိ မြေ ၅၂၆၀ ဧကပေါ်တွင်တည်ဆောက်ထားသည်။
၂၀၀၄ ခုနှစ်က စတင်သည့် ထိုစီမံကိန်းသည် သံ တန်ချိန် ၂ သိန်းနှင့် သံသတ္တုရိုင်း တန်ချိန် ၇ သိန်း ၂ သောင်း ထုတ်လုပ်ရန် ရည်မှန်းခဲ့သည်။
၂၀၁၄ ခုနှစ်က ပြည်ထောင်စု ကြံ့ခ်ိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရ၏ စက်မှုဝန်ကြီးဌာနသည် ရုရှားနိုင်ငံ၏ Romlet နည်းကို သုံးပြီး သံသတ္တုရိုင်း စီးပွားဖြစ်ထုတ်ရန် Tyazhpromexport နှင့် ယူရို ၁၃၇ သန်းတန်သော သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုစက်ရုံမှထွက်သည့် သံသတ္တုရိုင်းများကို မန္တလေးတိုင်း မြင်းခြံရှိ အမှတ် (၁) သံမဏိစက်ရုံတွင် သံမဏိထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ ထိုစက်ရုံသည်လည်း ယခုအခါ ဆိုင်းငံ့ထားသော စက်ရုံဖြစ်သည်။
ဘူမိဗေဒလေ့လာမှုများအရ ထိုစက်ရုံအနီးရှိ သံသတ္တုမိုင်းသည် သံရိုင်း ၅၆.၄ ရာခိုင်နှုန်းပါသည့် Hematite သံရိုင်းတန်ချိန် ၁၀.၇ သန်းနှင့် သံရိုင်း ၄၂.၆ ရာခိုင်နှုန်းပါသည့် Lemonite သံရိုင်းတန်ချိန် ၅၉.၃ သန်း ထုတ်လုပ်နိုင်ကြောင်း အစိုးရပိုင် ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာက ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဖေါ်ပြသည်။
ပင်းပက်စက်ရုံကို ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် စတင်ရန် စီစဉ်ထားခဲ့ကြသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် လွှတ်တော်သည် အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံပေါင်း ၂၄ ရုံကို စစ်ဆေးပြီးနောက် ထိုစီမံကိန်းကို ၂၀၁၇ မတ်လတွင် ရပ်ဆိုင်းလိုက်သည်။ ထိုသို့စက်ရုံများကို ရပ်ဆိုင်းရခြင်းမှာ ဘဏ္ဍာရေးအရ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်သည်။ ပင်းပက်နှင့် မြင်းခြံမှ သံမဏိစက်ရုံနှစ်ခုလုံးကို ရပ်ဆိုင်းခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဦးစိုးသိန်းအပါအဝင် ယခင် စက်မှုဝန်ကြီးဟောင်းများနှင့် မင်းကင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်တို့က ထိုစက်ရုံများ တည်ဆောက် လည်ပတ်မှု ရပ်ဆိုင်းရန် လွှတ်တော်က ဆုံးဖြတ်ခြင်းကို ဝေဖန်ကြသည်။
ပင်းပက်သတ္တုတွင်းနှင့် သံသန့်စင်စက်ရုံသည် ထိုဒေသတွင်နေထိုင်သည့် ပအို့ဝ် တိုင်းရင်းသားများနှင့် သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်သော ဆိုးကျိုးများဖြစ်စေကြောင်း ဒေသခံ ပအို့ဝ်လူငယ်အစည်းအရုံး (PYO) က ၎င်းတို့၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာဖြစ်သည့် “အနာဂတ်ကို လုယူခြင်း”အမည်ရှိ အစီရင်ခံစာတွင်ဖေါ်ပြသည်။ ထိုသတ္တုတူးဖေါ်ရေး စီမံကိန်းသည် ဒေသခံ ပအို့ဝ် လူမှုအသိုက်အဝန်းကို ခြိမ်းခြောက်နေသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
ထိုစီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူ ၇၀၀၀ ကျော်သည် ၎င်းတို့နေအ်ိမ်များနှင့် လယ်ယာများကို ထာဝရ ဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖေါ်ပြသည်။ ပင်းပက်တောင်အရှေ့ဖက် ဟိုပေါင်တောင်ကြားမှ သဘက်မြစ်ရေကို မှီခိုသုံးစွဲနေရသည့် နောက်ထပ်လူပေါင်း ၃၅၀၀၀ ကိုလည်း ထိခိုက်စေမည်ဟုဆိုသည်။
၂၀၁၇ ခုနှစ်တွင် စီမံကိန်းဆိုင်းငံ့ချိန်မှ စတင်ပြီး ထိုနေရာတွင် မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရကြောင်း ဟိုပေါင် ဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ အခြားဒေသခံတဦးက စီမံကိန်းပြန်စမည့် သတင်းကြားကြောင်း ပြန်မစစေလိုကြောင်းပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta to Reopen Russian-backed Steel Plant မှ ဘာသာပြန်ဆိုသည်။)
You may also like these stories:
လက်နက်ရောင်းသည့် ရုရှားနှင့် စီးပွားရေး ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
စစ်ကောင်စီက ဝင်ငွေခွန်နှုန်းထားများ လျှော့ချ
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်