အဒါနီဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်လီမိတက် Adani Ports and Special Economic Zone Limited သည် မြန်မာစစ်တပ်နှင့်ပတ်သက်နေသောကြောင့် နော်ဝေးနိုင်ငံမှ KLP ရန်ပုံငွေအဖွဲ့က ၎င်းတို့၏ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ဆန့်ကျင်သည်ဟု ဆိုကာ ထိုလုပ်ငန်းရှိ ၎င်းတို့ပိုင်ရှယ်ယာများကို ထုတ်ရောင်းလိုက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာသည်။
အိန္ဒိယနိုင်ငံမှ အကြီးမားဆုံး ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့် Adani Ports သည် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC မှ မြေကိုငှားပြီး ရန်ကုန်တွင် ကုန်သေတ္တာဆိပ်ကမ်းတခုတည်ဆောက်မည့် စီမံကိန်းကြောင့် န်ိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ စစ်ဆေးလေ့လာမှု ခံနေရသည်။
“မြန်မာနိုင်ငံရှိ Adani ၏ လုပ်ငန်းများနှင့် ထိုနိုင်ငံမှ စစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် KLP ၏ လုပ်ငန်းလမ်းညွှန်များ ချိုးဖေါက်စေသည့် အန္တရာယ်ကို ဖြစ်စေသည်” ဟု KLP က Reuters သတင်းဌာနသို့ပေးပို့သော ကြေညာချက်တွင် ဖေါ်ပြထားသည်။
ဖေဖေဝါရီလ ၁ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပေါ် ဖိအားများတိုးလာချိန်တွင် အိန္ဒိယနိုင်ငံမှ Adani အုပ်စုက ၎င်း၏ ရန်ကုန်ရှိ ဆိပ်ကမ်း အတွက် မြေငှားရမ်းခ MEC သို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးကြောင်း ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ ဩစတြေးလျ ABC သတင်းဌာနက ရေးသားသည်။
နော်ဝေးမှ အကြီးမားဆုံး အငြိမ်းစားထောက်ပံ့ရေး ရန်ပုံငွေလုပ်ငန်းဖြစ်သော KLP သည် အထက်ပါဆုံးဖြတ်ချက်ချချိန်တွင် Adani Ports တွင် ကရောင်း ၉ သန်း (ဒေါ်လာ ၁.၀၅ သန်း) ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ထိုသို့ ရှယ်ယာများကို ထုတ်ရောင်းရခြင်းမှာ ကုန်သေတ္တာဆိပ်ကမ်းကို စစ်တပ်ပိုင်မြေတွင်တည်ဆောက်နေသောကြောင့်နှင့် ထိုဆိပ်ကမ်းကို မြန်မာစစ်တပ်က လက်နက်နှင့်စစ်ကိရိယာများ တင်သွင်းမည့် ဆိပ်ကမ်း သို့မဟုတ် ရေတပ်စခန်းအဖြစ် သုံးစွဲမည့် အန္တရာယ် နီးကပ်နေသောကြောင့်ဖြစ်ကြောင်း KLP ကပြောသည်။
“ထိုနည်းလမ်းဖြင့် ဆိပ်ကမ်းကို စစ်တပ်က လူ့အခွင့်အရေးဆက်လက်ချိုးဖေါက်ရာတွင် သုံးနိုင်သည်” ဟုလည်း KLP က ဆိုသည်။
Adani က ၎င်းတို့သည် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် မြန်မာပြည်သူများ၏ အခြေခံအခွင့်အရေးများ ချိုးဖေါက်ခြင်းတို့ကို ရှုတ်ချကြောင်း စစ်တပ်နှင့် သဘောတူညီချက်ကို ပြုလုပ်သည့် ၂၀၁၉ ခုနှစ်က စစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အစိုးရ၏ အဖွဲ့အစည်းတခုသာဖြစ်ကြောင်း ပြောသည်။
ထိုစီမံကိန်းကို စွန့်လွှတ်နိုင်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စုကချမှတ်သည့် အရေးယူပိတ်ဆို့မှုများကို ၎င်းတို့ ချိုးဖေါက်နေကြောင်းတွေ့ပါက ရင်းနှီးမြှုပ်နှံမှုများကို ပယ်ဖျက်မည်ဖြစ်ကြောင်းလည်း Adani ကပြောသည်။
“ထိုသို့ပယ်ဖျက်လိုက်ခြင်းသည် Adani ၏ စုစုပေါင်းပ်ိုင်ဆိုင်မှု၏ ၁.၃ ရာခိုင်နှုန်းသာရှိသောကြောင့် ကုမ္ပဏီ ငွေစာရင်းကို ကြီးကြီးမားမားထိခ်ိုက်စေမည်မဟုတ်ပေ” ဟု Reuters သို့ပေးသော ကြေညာချက်တစောင်တွင်ဖေါ်ပြထားသည်။
KLP က ၎င်းတို့သည် Adani Ports နှင့် ယခုနှစ် မတ်လက စတင်ဆွေးနွေးနေကြောင်း ကုမ္ပဏီ စီမံခန့်ခွဲမှုနှင့် ဧပြီလက အစည်းအဝေးကျင်းပခဲ့ကြောင်း ပြောသည်။
Adani က ၎င်းတို့သည် လူ့အခွင့်အရေးကို အလေးအနက်ထားကြောင်းနှင့် ၎င်းတို့တွင် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတခုရှိကြောင်း KLP သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
တချိန်တည်းတွင် “၎င်းတို့သည် မြန်မာစစ်တပ်နှင့် သဘောတူညီချက် မချုပ်ဆိုမီက လူ့အခွင့်အရေးနှင့်ပတ်သက်သည် လုံလောက်သော စုံစမ်းစစ်ဆေးမှုမလုပ်ခဲ့” ဟု Adani က ဝန်ခံကြောင်း KLP ပြောသည်။
Adani Ports မှ ရင်းနှီးမြှုပ်နှံမှုများကို ထုတ်ရောင်းမည့် KLP ၏ ဆုံးဖြတ်ချက်ကို မြန်မာအတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရနှင့် Justice for Myanmar အဖွဲ့က ကြိုဆိုခဲ့သည်။
“အခြားရန်ပုံငွေအဖွဲ့အစည်းများအနေဖြင့် Adani Ports နှင့် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သော စီးပွားရေးများမှ ရင်းနှီးမြှုပ်နှံမှုများကို ထုတ်ရောင်းပြီး အလားတူလုပ်ဆောင်ကြရန် မိမိတို့တောင်းဆိုသည် ” ဟု Justice for Myanmar အဖွဲ့မှ ပြောခွင့်ရသူ ဒေါ် ရတနာမောင်ပြောသည်။
ကိုးကား။ ။ Reuters
You may also like these stories:
အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး
စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ
မြန်မာ့တပ်မတော်နှင့် ပေါင်းပြီး စီးပွားရေးလုပ်ခြင်း
စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်