ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းမှုသည် ဘဏ်များမှငွေများကို စိုးရိမ်တကြီး အလုအယက်ထုတ်ယူမှု ဖြစ်စေပြီးနောက် ဘဏ်များမှ ငွေထုတ်ယူခြင်းကို တင်းကျပ်လိုက်သောကြောင့် ဖြစ်ပေါ်လာသော ငွေသားပြတ်လပ်မှု ပြဿနာက ဖြေရှင်းမရဘဲ ဆက်လက်ဖြစ်ပေါ်နေသည်။
ဗဟိုဘဏ်သည် ကျပ်ငွေတန်ဖိုးကျခြင်းနှင့် ငွေကြေးဖေါင်းပွမှုဖြစ်မည်ကို စိုးရိမ်ပြီး ငွေထောက်ပံ့ပေးရန် စိတ်အားထက်သန်ခြင်း မရှိသောကြောင့် ထိုငွေသားပြတ်လပ်မှုကို မကြာမီဖြေရှင်းပေးနိုင်မည့် အခြေအနေမရှိပေ။ ဝန်ထမ်းများနှင့် ကုန်ကြမ်းပေးသွင်းသူများက ငွေသားကိုသာ တောင်းခံနေသောကြောင့်သော စီးပွားရေးလုပ်ငန်းအများအပြား ထိခိုက်နေသည်။
“ကမ္ဘောဇဘဏ်၊ ငွေ ၅၀၀ ရမည်။ ၆.၅ ရာခိုင်နှုန်း။ ကိုယ်တိုင်လာ။ ရန်ကုန်” စသည့် သတင်းစကားများကို လူမှုကွန်ရက်တွင် တင်ကြသည်။ ကမ္ဘောဇဘဏ်တွင် အပ်ထားသည့် ငွေ သ်ိန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၃ သောင်း) ထုတ်ယူလိုပါက အကျိုးဆောင်ခ ၆.၅ ရာခိုင်နှုန်းဖြင့် ရန်ကုန်တွင် မျက်နှာချင်းဆိုင် ထုတ်ပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် ငွေအပ်နှံထားသူတဦးလျှင် တပတ် ကျပ်ငွေ ၂ သိန်းကို ငွေထုတ်စက်မှ ထုတ်ခွင့်ပေးထားသည်။ သို့သော် ငွေထုတ်စက် အနည်းငယ်တွင်သာ ထုတ်ယူနိုင်သောကြောင့် ငွေအပ်ထားသူများသည် ထိုစက်များသို့ နံနက်စောစော စုပြုံသွားရောက်ရပြီး ချက်ချင်းဆိုသလို လူရာချီသည့် လူတန်းကြီးများဖြစ်ပေါ်လာသည်။
အစောပိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တုံ့ဆိုင်းသွားခြင်းသည် ဘဏ်ဝန်ထမ်းများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ဝန်ထမ်းအင်အားနည်းသွားရာမှ စတင်သည်။ စစ်တပ်က ဆန္ဒပြသူများကို ဖြိုခွဲမှု ပြင်းထန်လာသည့် ဧပြီလတွင် ဘဏ်ဝန်ထမ်းများ အလုပ်ပြန်ဆင်းကြသော်လည်း မည်သည့်တိုးတက်လာသော လက္ခဏာကိုမျှ မမြင်ရပေ။
အပ်ထားသောငွေ ပြန်မရတော့မည်ကို ဘဏ်အသုံးပြုသူများ စိုးရိမ်မှု ကြီးထွားနေပြီး ငွေထုတ်ယူရန် ကြိုးစားမှုများကို ပိုမိုဖြစ်ပေါ်စေသည်။
ပြည်တွင်း ဝန်ထမ်းများက ဘဏ်မှ လုပ်ခလစာပေးချေမှုအစား ငွေသားဖြင့်ပေးရန် တောင်းဆိုမှုများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများ ပိုမိုရင်ဆ်ိုင်လာရပြီး မနိုင်မနင်း ဖြစ်လာသည်။ ကုန်ကြမ်း ပေးသွင်းသူများနှင့် အခြား မိတ်ဖက်စီးပွားရေးလုပ်ငန်းများကလည်း ငွေသားကိုသာ တောင်းခံနေကြသည်။
ထိုင်းအခြေစိုက် အဓိက လက်ကားအရောင်းလုပ်ငန်း မက်ခရိုကလည်း ခရက်ဒစ်ကဒ်ဖြင့် ငွေပေးချေမှုလက်ခံခြင်းအား ယခုလတွင် ရပ်ဆိုင်းလိုက်ပြီး ငွေသားကိုသာ လက်ခံတော့သည်။
ဗဟိုဘဏ်က ငွေစက္ကူများထပ်မံရိုက်နှိပ်ပြီး ဘဏ်များသို့ ထုတ်ပေးလိုက်လျှင် ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် လှည့်ပတ်ငွေသားပမာဏ တိုးမြှင့်လိုက်ပါက ကျပ်ငွေတန်ဖိုးကျပြီး ငွေကြေးဖေါင်းပွမှုဖြစ်မည်ကို ဗဟိုဘဏ်က စိုးရိမ်နေသည်ဟု ဘဏ္ဍာရေး ကျွမ်းကျင်သူများက ယုံကြည်သည်။ အပ်နှံငွေများ တဖက်သတ် စီးထွက်ခြင်းသာရှိသောကြောင့် ဘဏ်များသည် အန္တရာယ်ကျရောက်မည့် အနေအထားသို့ ရောက်ကုန်သည်။
” ငွေများများ ထုတ်ပေးလေလေ ပြည်သူတွေက ငွေတွေယူပြီး စိတ်ချရတဲ့ အမေရိကန်ဒေါ်လာ ဝယ်လေလေပဲ။ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းအခြေအနေ ယိုယွင်းပြီး ကျပ်တန်ဖိုးကျမှာကို ကြောက်နေတယ်” ဟု ပြည်ပ ဘဏ်လုပ်ငန်းရှင်တဦးက ပြောသည်။
သောကြာနေ့မှ စတင်ပြီး ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် တဒေါ်လာလျှင် ၁၅၉၅ ကျပ်မှ ၁၆၀၅ ကျပ်အထိ တန်ဖိုးဖြတ်လာပြီး ကျပ်ငွေသည် အာဏာမသိမ်းမီကထက် ၁၇ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားသည်။
မြန်မာနိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရာများသို့ ထွက်လာသည့် လူအရေအတွက်သည်လည်းအာဏာမသိမ်းမီက အဆင့်နီးပါး ပြန်ရောက်လာကြောင်း Google ၏ ကိုဗစ်-၁၉ လူမှုအသိုက်အဝန်းလှုပ်ရှားသွားလာမှု အစီရင်ခံစာက ဖေါ်ပြသည်။ ဥပမာဆိုရပါက ရန်ကုန်တွင် လက်လီဆိုင်များနှင့် ဖျော်ဖြေရေးဌာနများသို့ သွားလာသူအရေအတွက်သည့် ၉၀ ရာခိုင်နှုန်းအထိ ခေတ္တကျဆင်းသွားပြီးနောက် ယခုအခါ ၅၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိလာသည်။
သို့သော် စီးပွားရေးလုပ်ငန်းများ နှေးကွေးသွားခြင်းကြောင့် ဖြစ်ပေါ်သည့် အလုပ်လက်မဲ့ဖြစ်ခြင်းအပြင် ငွေသားပြတ်လပ်ခြင်းနှင့် ဈေးနှုန်းများမြင့်မားလာခြင်းတို့ကြောင့် ဝယ်ယူသုံးစွဲမှု တုံ့ဆ်ိုင်းနေဆဲဖြစ်သည်။
“လူတွေက တတ်န်ိုင်သမျှတော့ အပြင်ထွက် အလုပ်လုပ်နေကြတယ်။ ဒါပေမယ့် သူတို့က အသုံးစရိတ်ကို အနည်းဆုံးအဆင့်အထိ လျှော့ချထားတော့ ဟင်းသီးဟင်းရွက်တောင် မဝယ်တော့ဘူး” ဟု လမ်းဘေးတွင် ဟင်းသီးဟင်းရွက်ရောင်းသူတဦး ပြောသည်။
အသက် ၃၃ နှစ်အရွယ် ဆန်လက်ကားရောင်းသူတဦးက “ငွေပေးချေမှုအတွက် ဘဏ်ကနေ ငွေလွှဲခဲ့ဖူးတယ်။ အခုကျတော့ ပွဲစားတွေက ငွေသားနဲ့မချေရင် ကျနော့်ကို မရောင်းတော့ဘူး” ဟုပြောသည်။
မေလအစောပိုင်းမှ စတင်ပြီး အဓိကအစားအသောက်များ ဈေးနှုန်းသည် ခန့်မှန်ခြေ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ တက်လာသည်။ ဓါတ်ဆီဈေးတက်ခြင်းကြောင့် ကုန်စည်ဖြန့်ချိသည့် စရိတ် ပိုမိုကုန်ကျကာ ကြက်သားဝက်သား ဈေးများလည်း တက်ကုန်သည်။
မြန်မာနိုင်ငံ၏ ဝယ်ယူမှု စီမံရေး အညွှန်းကိန်း PMI သည် ဧပြီလတွင် ၃၃.၀ ရှိရာမှ မေလတွင် ၃၉.၇ သို့တက်လာကြောင်း ဗြိတိန်သုတေသနဌာန IHS Market က ဆိုသည်။ သို့သော် စီးပွားရေးလုပ်ငန်းများ တိုးတက်မှုအမှတ်ဖြစ်သည့် အမှတ် ၅၀ အောက်တွင် လွန်စွာနိမ့်ကျနေသည်။ ငွေရင်းစီးဆင်းမှု တုံ့ဆိုင်းခြင်းသည် ကုန်ကြမ်းနှင့် အခြားလိုအပ်သောအရာများ ဝယ်ယူမှုကိုလည်း နှောင့်နှေးစေသည်။
နိုင်ငံသားများ ဘဏ်တွင် ငွေပြန်အပ်ရန် မျှော်လင့်ချက်ကင်းသည့် ကြိုးစားမှုအနေဖြင့် ဘဏ်အပ်ငွေများတွင် အန္တရာယ်မရှိကြောင်း ဗဟိုဘဏ်က အလေးအနက်ထားပြောခဲ့သည်။ မေလအစောပိုင်းတွင် ဗဟိုဘဏ်သည် ထုတ်ယူမှု အကန့်အသတ်မရှိသော်လည်း စည်းကမ်းချက်အချို့ရှိသည့် အထူးငွေစာရင်းများကို ဖွင့်ခွင့်ပြုသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဘဏ်များတွင်ငွေသားမရှိဟု ပြည်သူများက အဓိပ္ပါယ်ကောက်ယူပြီး ငွေအပ်ရန် စိတ်အားထက်သန်ခြင်း မရှိကြတော့ပေ။
ဘဏ်များအပေါ် အများပြည်သူ ယုံကြည်မှုသည် စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားသောကြောင့် ကာလတိုအတွင်းနာလန်ထမည့် အခြေအနေမရှိဘဲ ဖရိုဖရဲ အခြေအနေများသည် ကာလအတန်ကြာ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မျှော်လင့်ရသည်။
ကိုးကား ။ ။ Nikkei Asia
You may also like these stories:
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်
ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ပိတ်တာ စစ်တပ်ထုတ်ကုန်တွေ ဈေးကွက်ရဖို့လား