သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို အာဏာသိမ်းစစ်ကောင်စီက ဇွန်လ ၁၇ ရက်က ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ဦးလှမိုးကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက် ဖျက်သိမ်းခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို မည်သည့် ရည်ရွယ်ချက်ဖြင့် ပြန်လည်ဖွဲ့စည်းရကြောင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီ၏ လမ်းညွှန်ချက်များတွင် ဦးစားပေး လုပ်ရန် မကြာခဏ ပြောဆိုသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်နိုင်သည်။
အမှန်တကယ်အားဖြင့် အစိုးရက ဦးဆောင်လုပ်ကိုင်သော သမဝါယမစနစ်သည် မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ် ဦးနု လက်ထက်မှသည် စစ်ဗိုလ်ချုပ်ကြီးများ၏ အရပ်ဖက်ယူနီဖောင်း ပြောင်းလဲခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းအလယ် သမ္မတ ဦးသိန်းစိန် လက်ထက်အထိ ခေတ်အဆက်ဆက်တွင် အောင်မြင်မှုမရှိခဲ့ပေ။
သမဝါယမအသင်းအဖွဲ့များကို အရင်းရှင် စီးပွားရေးစနစ်များတွင် လုပ်ငန်းရှင်များက အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းများကို ကာကွယ်ပေးနိုင်ရန်နှင့် အလုပ်သမားများကိုယ်တိုင် စီမံခန့်ခွဲမှုနှင့် အကျိုးအမြတ်ခံစားမှုတွင် ပါဝင်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ကြ ခြင်းဖြစ်သည်။ အလုပ်သမားသမဂ္ဂများက ဦးဆောင်ဖွဲ့ခဲ့ကြသည်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွင် အကျိုးအမြတ်ရှာသော်လည်း အလုပ်သမားများ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း ပုံစံသစ်အဖြစ် သမဝါယမက ပြန်လည်ခေတ်စားလာသည်။ သမဝါယမ စနစ်ကို ဥရောပနိုင်ငံများတွင် ယခုအချိန်အထိ ဆက်လက်အသုံးပြုနေကြပြီး အောင်မြင်နေသည့်စနစ်ဖြစ်နေသော်လည်း သမဝါယမကို ဝန်ကြီးဌာန အနေဖြင့် ဖွဲ့စည်းခြင်းမရှိပေ။
မြန်မာနိုင်ငံတွင်မူ အများပြည်သူများက သမဝါယမ စနစ်ကို စီးပွားရေးပုံစံတခုအနေဖြင့် မဟုတ်ဘဲ နိုင်ငံရေးပုံစံမျိုးဖြစ်သာ လက်ခံထားကြသည်။ အာဏာပိုင်များက ဦးဆောင်ခဲ့ကြသဖြင့် အာဏာရအသိုင်းအဝိုင်း၏ နိုင်ငံရေး မျက်နှာပေးမှုနှင့် အဂတိလိုက်စားမှုများကြောင့် သမဝါယမစနစ်သည် အထူးသဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် အကြီးအကျယ် နာမည်ပျက်သွားခဲ့ရသည်။
၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းယူအပြီး ဗိုလ်ချုပ်နေဝင်း၏ စစ်အုပ်စုသည် ပုဂ္ဂလိကပိုင် အသေးစား အလတ်စားလုပ်ငန်းများပါမရှောင် စီးပွားရေးလုပ်ငန်းများ နှင့် အဆောက်အဦးများကို “ပြည်သူပိုင် သိမ်း”သည်ဟု ခေါင်းစဉ်တပ်ခါ ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများအား ထိန်းချုပ်ပြီး သမဝါယမဝန်ကြီးဌာနမှတဆင့် စားသုံးသူလူထုထံ ခွဲတမ်းစနစ်ဖြင့် ကုန်ပစ္စည်းများ ဖြန့်ချိရောင်းချခဲ့သည်။
ရွှေဝါနှင့် ကာဘော်လစ် ဆပ်ပြာများမှာ မဆလပါတီခေတ် သမဝါယမဆိုင်များတွင် လူကြိုက်မများသော တွဲဘက်အပို ထည့်ရောင်းသော ရောင်းကုန်များအဖြစ် ကျော်ကြားခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်အာဏာ ထပ်သိမ်းသော စစ်အုပ်စုကလည်း မဆလပါတီ၏ သမဝါယမကို အမွေဆက်ခံပြီး ထိန်းသိမ်းခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးနှင့် အမည်ပြောင်း နိုင်ငံတော် ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး စစ်ကောင်စီ ၂ ခုလုံးလက်ထက် သမဝါယမ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက်ဟုဆိုကာ ကျေးရွာ၊ ရပ်ကွက်များအလိုက် အသင်းအဖွဲ့ ဖွဲ့ စည်းပြီး ချေးငွေများ ထုတ်ချေးပေးခြင်းနှင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသော ကုမ္ပဏီများက ရောင်းချသော လယ်ယာသုံးစက်ယန္တရားများကို အရစ်ကျ ရောင်းချပေးခြင်းများသာ လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ သမဝါယမစနစ်သည် အမိန့်ပေးစီးပွားရေးတွင် အထောက်အပံ့ဖြစ်စေရေးကိုသာ အခြေခံထားသောကြောင့် ကိုယ်ကျိုးစီးပွားရှာမှုများနှင့် လာဘ်စားမှုများ ဖြစ်ပေါ်လာခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်တွင် သမဝါယမဝန်ကြီးဌာနကို ဝန်ကြီး ဦးကျော်ဆန်း တာဝန်ယူစဉ်က တရုတ် EXIM ဘဏ်ထံမှ ၄ ရာခိုင်နှုန်း အတိုးဖြင့် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ချေးယူခဲ့ပြီး သမဝါယမ အသင်းသား တောင်သူများကို အတိုးနှုန်း ၁၈ ရာခိုင်နှုန်းဖြင့် ပြန်ချေးရာ အတိုးနှုန်း နှစ်ခုကွာဟချက်မှ ဗဟိုသမဝါယအသင်းက အကျိုးကျေးဇူးရရှိခဲ့သည်ဟု ဆိုသော်လည်း လာဘ်စားမှု အများအပြား ပေါ် ပေါက်ခဲ့သလို နိုင်ငံအတွက်လည်း အတိုးနှုန်းကြီးမြင့်သည့် ပြည်ပကြွေးမြီ ကျန်ခဲ့ရသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်က လာဘ်စားမှု ဖြစ်စဉ်တခုတွင် မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သမဝါယမ ဦးစားအရာရှိက သမဝါယမ ချေးငွေများအနက် ကျပ် ၂ ဒဿမ ၅၈၈ ဘီလီယံအထိ အလွဲသုံးစားလုပ်ခဲ့ သည်။
ထိုအခြေအနေများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရ တက်လာသော ၂၀၁၆ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းလိုက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင်သာ ဦးစီးဌာနတခုအနေဖြင့်သာ ထားရှိခဲ့သည်။
ရန်ကုန်မြို့ရှိ စီးပွားရေးလေ့လာသုံးသပ်သူ တဦးက “သမဝါယမရဲ့ သမိုင်းကြောင်းတခုလုံးကို ပြန်ကြည့်လိုက်ရင် ပြည်သူလူထုအတွက် ဘာအကျိုးမှ ဖြစ်ခဲ့တာမရှိဘူး။ အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေကို ပံ့ပိုးပေးခဲ့လားဆိုတော့လည်း ဘာမှ ပံ့ပိုး မပေးနိုင်ခဲ့ဘူး၊ အဲဒါကြောင့်ပဲ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ မဖွံ့ဖြိုးခဲ့တာပေါ့ ” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် ထိုဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခြင်းသည် NLD အစိုးရလက်ထက်က လုပ် ဆောင်ခဲ့မှုများကို ပြန်လည်ပြောင်းလဲခြင်းနှင့် ၎င်းတို့အတွက် ကောင်းနိုးရာရာများကို ထင်သလို လျှောက်လုပ်သည့် ပုံစံဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတကာမှ ဖိအားများလာချိန်တွင် ယခင်က အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ၏ လမ်းစဉ်များအတိုင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်တွင်းသုံးစွဲမှု ဖူလုံရေး အတွေးအခေါ်များအပေါ် အခြေခံပြီး ခေတ်နောက်ပြန်ဆွဲရန်သာ ဖြစ်ပုံပေါ်သည်။
“သူတို့လုပ်ဆောင်နေမှုကို လေ့လာကြည့်သလောက် နကစကောင်စီ ဥက္ကဋ္ဌရဲ့ အစည်းအဝေးတိုင်းမှာ ပြောဆိုနေတာတွေက သူတို့ ပိုပြီးတော့ Inward Looking လို့ ခေါ်တာပေါ့ ပြည့်အင်အားသည် ပြည်တွင်းမှာ ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားမယ့် ပုံစံတော့ ရှိနေတယ်” ဟု စီးပွားရေးလေ့လာသုံးသပ်သူက ဆိုသည်။
သို့သော် အရပ်သားအစိုးရလက်ထက်က လုပ်ဆောင်ထားခဲ့သော သမဝါယမ ဦးစီးဌာန၏ ချေးငွေများနှင့် အရစ်ကျစနစ်သည်ပင် တောင်သူလယ်သမားအတွက် အကျိုးမရှိဖြစ်နေကြောင်း ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ လယ်သမား ဦးဝင်းမြင့်က ပြောဆိုသည်။
၎င်းက “သမဝါယချေးငွေက ၁ သိန်း ၉ သောင်း နှစ်ခါရထားတော့ ၃ သိန်း ၈ သောင်းပေါ့ အဲဒါကို ၆ လ တကြိမ် ပြန်ပြန်ဆပ်နေရတယ်၊ ပြီးမှက ၂၀၂၃ ခုနှစ်ဆိုတော့ လယ်သမားတွေအတွက်က အကြွေးကို မြန်မြန်အကျေဆပ်ပြီး ပြန်ထုတ်လို့ရမယ့် အခွင့်အရေးလည်းမရှိဘူး။ အရစ်ကျပေးတဲ့ စက်ပစ္စည်းတွေ ကျ တော့လည်း သိန်း ၄၊ ၅ ရာ ဆိုတော့ ဘယ်လိုမှ မဝယ်နိုင်ဘူး” ဟု ဆိုသည်။
လတ်တလောမှာပင် ကျေးရွာများရှိ သမဝါယမ အသင်းအဖွဲ့များပင် အကြွေး ပြန်ဆပ်သူနည်းပါးခြင်းနှင့် အကျင့်ပျက်ခြစားမှုများကြောင့် ဖွဲ့စည်းထားသော သမဝါယမ အသင်းများကိုပါ ပြန်လည်ဖျက်သိမ်း မှုများ မြင့်တက်လျက်ရှိနေကြောင်း ၎င်းက ဆိုသည်။
စစ်အစိုးရများလက်ထက် နိုင်ငံအတွက် လိုအပ်သော စီမံကိန်းများ နှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် တရုတ်ချေးငွေများကိုသာ အဓိက ရယူသုံးစွဲခဲ့ကြပြီး ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်၏ စာရင်းစစ်ချုပ်အစီအရင်ခံစာအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီစုစုပေါင်း၏ ထက်ဝက်ကျော်သည် တရုတ်ချေးငွေများ ဖြစ်သည်။
လက်ရှိအချိန် မြန်မာနိုင်ငံ၏ စီးပွားရေးကို အကျိုးပြုထားခြင်းမရှိသလို ခေတ်အဆက်ဆက်တွင်လည်း အောင်မြင်မှုမရှိခဲ့သည့် ထိုဝန်ကြီးဌာနကို စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းခြင်းက တရုတ် ချေးငွေများ ထပ်မံတိုးမြှင့်လာခြင်းနှင့် ၎င်းတို့၏ နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအတွက်သာ အကျိုးဖြစ်ထွန်းစေမည်သာ ဖြစ်နိုင်သည်။
သမဝါယစနစ်သည် မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်လုံးတွင် မအောင်မြင်ခဲ့သလို စီးပွားရေးစနစ်အရ တွင်လည်း မလိုအပ်တော့သည့် အသင်းအဖွဲ့မျိုးသာ ဖြစ်ကြောင်း ပြီးခဲ့သည့် အရပ်သား အစိုးရ၏ လွှတ်တော်တွင် စီးပွားရေးအကြံပေးလုပ်ဆောင်ခဲ့သည့် စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။
“အခုပြန်ဖွဲ့လည်း လုပ်ငန်းအနေနဲ့ ဘာမှ သီးခြားလုပ်စရာမရှိဘူး။ သမဝါယဝန်ကြီးဌာနဆိုတာက ထားဖို့ကို မသင့်တဲ့ ဝန်ကြီးဌာနတခုပဲ။ ဖျက်ပစ်သင့်တဲ့ ဌာနတခုပဲ။ အခုခေတ်အခြေအနေအရ သမ က မလိုအပ်တော့ဘူး။ ဦးနေဝင်းလက်ထက် သမဝါယမဆိုရင် ဟာသတောင်ရှိတယ်။ သမဝါယမအသင်းတွေ စာရင်းစစ်တော့မယ်ဟေ့ဆိုရင် ရပ်ကွက်ထဲမှာ မီးသတိထားကြဆိုတာမျိုးပေါ့ ” ဟု ၎င်းက ပြောသည်။
You may also like these stories:
ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ပိတ်တာ စစ်တပ်ထုတ်ကုန်တွေ ဈေးကွက်ရဖို့လား
စီးပွားရေး ပြန်လှုပ်ရှားလာသော်လည်း ငွေသားပြတ်လပ်မှုက အရိပ်မဲထိုးနေ
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်
စစ်ကောင်စီက ဝင်ငွေခွန်နှုန်းထားများ လျှော့ချ