ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှု၊ သယ်ယူပို့ဆောင်ရေး အခက် အခဲနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပြည်တွင်း ပြည်ပ စားသောက်ဆိုင် လုပ်ငန်းများ ပိတ်သိမ်းမှု ပိုများလာလျက် ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့် ပိတ်သိမ်းသွားသော ကုမ္ပဏီများထံက သိရသည်။
ယခု ဇူလိုင်လ အစပိုင်းတွင် ပြည်တွင်း ကုမ္ပဏီ ရိုးမအုပ်စုက Franchise (ကုန်အမှတ်တံဆိပ်အမည်နှင့် စီးပွားရေး စနစ်များကို ယူ၍ လုပ်ငန်း ခွဲပေးခြင်း) ရယူကာ ဖွင့်လှစ်ထားသော အမေရိကန် အခြေစိုက် Auntie Anne’s ပေါင်မုန့်ဆိုင်၊ တရုတ်အခြေ စိုက် Little Sheep ဟော့ပေါ့ ဆိုင်ခွဲများကို ပိတ်သိမ်းတော့မည်ဟု ကြေညာထားခဲ့သလို ကုန်ကြမ်းရရှိမှု အခက်အခဲနှင့် ဝယ် လိုအားကျဆင်းခြင်း တို့ကြောင့် ဂျပန် စားသောက်ဆိုင် Fuji နှင့် ဂျပန် ဆူရှီဆိုင်တချို့ကလည်း ယာယီပိတ်သိမ်းခြင်းနှင့် လုပ်ငန်း ရပ်ဆိုင်းခြင်းများ ရှိနေသည်။
ထိုကုမ္ပဏီများအပြင် လူသိများသည့် ပြည်တွင်း ကုမ္ပဏီတခုဖြစ်သော Noodi ကော်ရည်ဆိုင်သည် လည်း ယခု ၂၀၂၁ ခုနှစ် ထဲတွင် ၎င်း၏ ဆိုင်ခွဲ ၃ ကို ပြန်လည် ပိတ်ထားလိုက်ရပြီး ဆိုင်ခွဲတဆိုင်သာ ကျန်ရှိတော့ကြောင်း အဆိုပါ လုပ်ငန်းက ထုတ်ပြန် ထားသည်။ Noodi ကော်ရည် လုပ်ငန်းသည် ပြည်တွင်း ဘဏ်တခုဖြစ်သည့် ကမော္ဘဇဘဏ် (KBZ) ၏ ၂၀၁၉ ခုနှစ် စွန့်ဦးတီ ထွင် လုပ်ငန်းရှင်ဆုကို ရရှိထားသည့် လုပ်ငန်း ဖြစ်သည်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (MRA) ဥက္ကဋ္ဌ ဦးနေလင်းက “ စားသောက်ဆိုင် လုပ်ငန်းတွေ ဘယ်နှ ဆိုင် ပိတ်သွားပြီ၊ ဘယ်နှဆိုင်ပြုတ်သွားပြီလဲ ဆိုတာတော့ စာရင်းအတိအကျ မကောက်ထားရသေးတော့ သေချာ မပြောနိုင် ပေမယ့် ကိုယ်နဲ့ သိတဲ့အထဲမှာတောင် တော်တော်များများ ပါသွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
စားသောက်ဆိုင် လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့သော ၂၀၂၀ မတ်လ အတွင်းမှ စတင်ပြီး ပါဆယ် စနစ်ဖြင့်သာ အဓိက ရောင်းချခဲ့ကြရပြီး ကိုဗစ် ကူးစက်မှု အရှိန်လျော့သွားသည့် ကြားကာလများတွင်လည်း ရက်အနည်းငယ်သာ ဆိုင်ဖွင့်ရောင်းချခွင့် ရရှိခဲ့ခြင်းကြောင့် ကျဆင်းသွားသည့် ဝင်ငွေကို ဆိုင်ခန်းခ၊ ဝန်ထမ်းစရိတ် အပါအဝင် ကုန်ကျစရိတ် များကို ကာမိရန်သာ လုပ်ငန်းလည်ပတ်နေကြရကြောင်း ၎င်းက ရှင်းပြသည်။
ဦးနေလင်းက ဆက်လက်၍ “နိုင်ငံခြားသားတွေကို အဓိက ရောင်းချရတဲ့ ဆိုင်မျိုးတွေဆိုရင် သူတို့ ဝင်ငွေ ဇီးရိုးလို့ ပြောလို့ ရ တယ်။ ကိုယ့်ရဲ့ ပြည်တွင်း အချင်းချင်းစား သောက်ဆိုင်တွေဆိုရင် ပြည်တွင်းက လူတွေကို မျှော်လို့ ရနေပေမယ့် အရင်က လောက် စားသောက်မှုနှုန်းက မရှိတော့ဘူး” ဟု ဆိုသည်။
ပြည်တွင်း စားသောက်ဆိုင် လုပ်ငန်းများသည် ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းမှုအပြင် စစ်တပ်က အာဏာသိမ်းမှု ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းဖြစ်ပေါ်လာသော ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ငွေသား ရရှိမှုအခက်အခဲနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ကုန်ကြမ်း ပြတ်လပ်သည့် ပြဿနာ များကို ရင်ဆိုင်နေကြရကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များက ပြောကြသည်။
လက်ရှိအချိန်တွင် ပြည်တွင်း စားသုံးသူများကို အဓိကရောင်းချသော ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများရှိ စားသောက် ဆိုင် လုပ်ငန်းများထက် ပြည်တွင်းပြည်ပ ခရီးသွားများကို မှီခိုရောင်းချသော ပုဂံဒေသ အပါအဝင် ခရီးသွားဒေသများရှိ စားသောက် ဆိုင် လုပ်ငန်းများ အပေါ်လည်း ရိုက်ခတ်မှုက ကြီးမားသည်။
ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းအခြေပြု စားသောက်ဆိုင်တချို့သည်လည်း အပြီးပိတ်သိမ်းမှုများ ရှိလာနေကြောင်း လုပ်ငန်း ရှင် များထံက သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့လူနာ တကျော့ပြန် မြင့်တက်လာခြင်းကြောင့် စစ်ကောင်စီက တိုင်းနှင့် ပြည်နယ်တချို့ရှိ မြို့နယ်များကို Stay at Home သတ်မှတ်လိုက်ကာ စားသောက်ဆိုင်များကို ဆိုင်ထိုင်စားခွင့် ပြန်ပိတ်လိုက်ပြီး ပါဆယ်စနစ် သာ ရောင်းချရန် ညွှန်ကြားထားသည်။
“အခုက နိုင်ငံခြားက မှာတဲ့ ဂျုံတွေကို သွင်းလို့ မရတော့လို့ ပြည်တွင်းက ဂျုံကို သုံးနေရတယ်။ နိုင်ငံခြားက ကုန်ကြမ်း အရည် အသွေးနဲ့က ကိတ်က ၃ ရက်လောက်ခံတယ်။ ဒီက ဂျုံနဲ့ကျတော့ တရက်ပဲ ခံတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုရင် စားသုံးသူဆီ ကျမတို့ ပြန်ရောင်းတော့ သူတို့ဆီလည်း ရောက်ရော မှိုတက်တာတွေဖြစ် အဲဒါကို ပြန်လဲပေး ရတော့ ကုန်ကျစရိတ်က နှစ်ခါ လို ဖြစ်တာပေါ့” ဟု အမည်မဖော်လိုသည့် ရန်ကုန်မြို့ရှိ လူသိများသော ကိတ်မုန့်ဆိုင် လုပ်ငန်း တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ကိုဗစ်ကာလ ပထမလှိုင်းတွင် ပုံမှန်ကာလတုန်းကထက်ပင် ရောင်းအား တိုးတက်ခဲ့သော်လည်း ယခုတွင်မူ ၎င်းတို့ လုပ်ငန်း၏ တလရောင်းအားမှ ရရှိသော ဝင်ငွေသည် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားသည့် အခက် အခဲကို ရင်ဆိုင်နေရ ကြောင်း ၎င်းက ဆိုသည်။
၎င်းက “ ကိုဗစ် ပထမလှိုင်းတုန်းက ကုမ္ပဏီတွေက ထောက်ပံ့တာတွေ ဘာတွေလည်း ရှိတော့ လူတွေ လက်ထဲမှာ ပိုက်ဆံ ရှိကြတယ်လေ။ အခုက သူတို့ရဲ့ ဝင်ငွေတွေလည်း ရပ်သွားတဲ့ အခြေအနေ ဖြစ်နေတာလေ” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်း အရှိန်ပြန် ကျသွားသော ၂၀၂၁ ခုနှစ် နှစ်အစပိုင်းတွင် လုပ်ငန်းများ ဦးမော့လာနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော အရင်းအနှီးအသစ်များ ဆုံးရှုံးသွားသည့် စားသောက်ဆိုင် လုပ် ငန်းများလည်း အများအပြား ရှိသည်။
လတ်တလောတွင် လူတန်းစား တရပ်သာ စားနိုင်သောက်နိုင်သော စားသောက်ဆိုင်အနည်းစုသာ လုပ်ငန်းပုံမှန် လည်ပတ်နိုင်သော်လည်း ကျန်စားသောက်ဆိုင် လုပ်ငန်းအများစုမှာ ဆက်လက်ရပ်တည် နေနိုင်ရေးအတွက် ရုန်းကန်နေကြရလျက် ရှိကြ ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
“ဇန်နဝါရီလမှ ဆိုင်စားတွေ ပြန်ခွင့်ပြုလိုက်တော့ ကျနော်တို့က ၂၀၂၁ ခုနှစ်က အဆင်ပြေပြီပေါ့ ပစ္စည်းတွေ ဘာတွေ လည်း အကုန်လုံးဝယ်တယ်၊ ဆိုင်ခန်းခတွေလည်း နောက်ထပ် ၁ နှစ်စာ ထပ်ချုပ်ပေါ့။ ပြီးတော့ ဖေဖော်ဝါရီလမှ ပြန်ပိတ် ရရော အဲဒါနဲ့ ၅ လပိုင်းကုန်မှာ ပြန်ဖွင့်ပြီးတော့ အခုတခါ ကိုဗစ်ပြန်ပိတ်ရတော့ ကျနော် အဆင်မပြေတော့ဘူး ” ဟု ရန်ကုန်မြို့ရှိ Mogok Noodle Bar ပိုင်ရှင် ကိုဇင်အောင်ဦးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားသုံးသူများနှင့် အစားအသောက်ပို့ဆောင်ပေးသော ကုမ္ပဏီတို့က ငွေပေးချေမှုကို ငွေသားဖြင့် မဟုတ်ဘဲ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ဖြစ်သည့် Mobile Banking စနစ်များဖြင့်သာ ငွေပေးချေမှု များလာခြင်းကြောင့် လုပ်ငန်းလည်ပတ်ငွေ စီးဆင်းမှု အကျပ်အတည်းကိုလည်း ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
ကိုဇင်အောင်ဦးက “ပါဆယ်စနစ်ပဲဆိုတော့ စားတဲ့သူက မလာတော့ဘူး။ ကိုယ်တိုင်သွားပို့ဆိုတော့ ကျနော်တို့က နီးနီးနားနား ကိုပဲ သွားပို့ပေးနိုင်တယ်။ Foodpanda တို့နဲ့ ချိတ်ထားတော့လည်း သူတို့ကိုက ၃၀ ရာခိုင်နှုန်းပေးရတော့ ကျနော်တို့က လုပ် အားရှုံးတာပေါ့။ ဒါပေမယ့်လည်း ထပ်ပြီးတော့ ဆိုင်ပိတ် လိုက်ရတယ် ဆိုတာမျိုး မဖြစ်ရအောင် အရှုံးခံပြီး လုပ်နေကြရတာ” ဟု ဆိုသည်။
စားသောက်ဆိုင် လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့နောက် ထိခိုက်မှုကြီးမားသည့် လုပ်ငန်းကဏ္ဍ တခုဖြစ်ပြီး ယခု ကိုဗစ် တတိယလှိုင်းသည် အချိန်ကြာပါက စားသောက်လုပ်ငန်း အများစု ဆက်လက်ရပ်တည်နိုင်ရန်ပင် မလွယ်ကူနိုင်တော့ကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များက ပြောကြသည်။
You may also like these stories:
တရုတ်- မြန်မာ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေ
ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်အရာရှိများ နိုင်ငံမှ ထွက်ခွင့် စစ်ကောင်စီ ပိတ်ပင်
Auntie Anne ‘ s ပေါင်မုန့်ဆိုင်များ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်