ပြီးခဲ့သည့် ကြာသပတေးနေ့က နော်ဝေအခြေစိုက် တယ်လီနောအုပ်စုသည် မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် တယ်လီနောမြန်မာကုမ္ပဏီကို လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုသို့ အမေရိကန်ဒေါ်လာ ၁၀၅ မီလျံနှင့် ရောင်းလိုက်သည်။
ယင်းသည် မေလအတွင်း မြန်မာနိုင်ငံမှ လုပ်ငန်းများ၏ ဒေါ်လာ ၇၅၂ သန်း အရှုံးပေါ်နေမှုအား ငွေစာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာချက်နှင့် တယ်လီနော မြန်မာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းအား ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြင်းပြင်းထန်ထန် ကန့်သတ်ခံထားရမှုများ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
တယ်လီနောမြန်မာသည် မြန်မာ့နိုင်ငံရေးအကူးအပြောင်းတွင် ထင်ရှား အရေးပါသော အမှတ်တံဆိပ်ဖြစ်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွင် အစိုးရချုပ်ကိုင်မှု ဖြေလျှော့ရေးနှင့် နိုင်ငံခြားရင်းနီးမြုပ်နှံမှု အားပေးရေး ကတိကဝတ် မည်မျှခိုင်မာကြောင်း တိုင်းတာနိုင်သော အညွှန်းအမှတ်အသား ဖြစ်ခဲ့သည်။
တယ်လီနော သည် ၂၀၁၁ ခုနှစ်တွင် အရပ်သားအုပ်ချုပ်မှုသို့ ကူးပြောင်းခဲ့သော မြန်မာနိုင်ငံ၌ မိုဘိုင်း ဝန်ဆောင်မှုပေးရန်အတွက် ၂၀၁၃ ခုနှစ်တွင် လိုင်စင်ရရှိခဲ့ပြီး နောက်နှစ်တွင် လုပ်ငန်းစတင်ခဲ့သည်။ အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ပြီးလျှင် နိုင်ငံအတွင်း၌ ဒုတိယအကြီးဆုံး မိုဘိုင်းအော်ပရေတာ အဖြစ် သတ်မှတ်ခံထားရသည်။ မြန်မာနိုင်ငံလူဦးရေ ၅၄ သန်း အနက် တယ်လီနောအသုံးပြုသူ ၁၈ သန်းရှိသည်။
“အခြေအနေ ပိုမို ယိမ်းယိုင်ကျဆင်းမှုနှင့် မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ရပ်များက ကုမ္ပဏီကို ပြန်ရောင်းထုတ်ရန် ဆုံးဖြတ်ချက်၏ အခြေခံ ဖြစ်လာခဲ့သည်” ဟု တယ်လီနောက ထုတ်ပြန်ကြေညာသည်။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်း စစ်ကောင်စီသည် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ဆန္ဒပြသူ ၉၀၀ ခန့်ကို ပစ်သတ်ခဲ့ပြီး လူ ၆၅၀၀ ခန့်ကိုလည်း ဖမ်းဆီးထားခဲ့သည်။
အာဏာသိမ်းသည့်နေ့တွင် စစ်တပ်က တယ်လီနောနှင့် အခြားဆက်သွယ်ရေးလုပ်ငန်းများအားလုံး ၏ ကွန်ရက်များကို ပိတ်ထားရန် အမိန့်ထုတ်သည်။ တယ်လီနောက ထိုလုပ်ရပ်ကိုဝေဖန်သော်လည်း လိုက်နာခဲ့သည်။ ဝန်ဆောင်မှုများပြန်စခွင့်ပေးခဲ့သော်လည်း ထိုနောက်ပိုင်းတွင် ခေတ္တပိတ်ရန် တောင်းဆိုမှုများရှိကာ မိုဘိုင်းအင်တာနက်ကို မတ်လ ၁၅ ရက်နေ့မှ စတင် ပိတ်ပင်ထားသည်။
Reuters သတင်းတပုဒ်အဆိုအရ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်ပဆက်သွယ်ရေး အမှုဆောင်များကို ခွင့်ပြုချက် မရှိဘဲ နိုင်ငံမှ ထွက်ခွာသွားခြင်း မပြုရန် စစ်ကောင်စီက ဇွန်လတွင် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာထွက်လာပြီးနောက် တပတ်ခန့်အကြာတွင် ဆက်သွယ်ရေး ကုမ္ပဏီများထံသို့ နောက်ထပ် စာတစောင် ထပ်မံ ပေးပို့ခဲ့ကာ ထိုစာ၌ ယခင်က တပ်ဆင်ခိုင်းထားသည့် ကြားဖြတ်စောင့်ကြည့်ရေး နည်းပညာများကို ဇူလိုင်လ ၅ ရက် နောက်ဆုံးထားကာ အပြည့်အဝ တပ်ဆင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ထိုနည်းပညာများသည် ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက် အသုံးပြုမှုများကို ကြားဖြတ် ထောက်လှမ်းနိုင်မည်ဖြစ်ပြီး အသုံးပြုသူများကို ခြေရာခံသည့် နည်းပညာများဖြစ်သည်ဟု သတင်းက ဆိုသည်။
ပြည်တွင်းဆက်သွယ်ရေးဈေးကွက်တွင် ဂျပန်ကုမ္ပဏီများ နှင့် ပို့/ဆက် ဝန်ကြီးဌာနတို့ကြား ပူးပေါင်း လုပ်ဆောင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT၊ နော်ဝေကုမ္ပဏီ တယ်လီနော၊ ကာတာ ကုမ္ပဏီ အော်ရီဒူး၊ နှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင်ကုမ္ပဏီ၊ မြန်မာစစ်တပ်ပိုင်ကုမ္ပဏီ နှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီတို့ ပူးပေါင်းပိုင်ဆိုင်ထားသည့် Mytel တို့က မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးလျက်ရှိရာ တယ်လီနောနှင့် ကာတာ အော်ရီဒူး တို့သည် ထိုညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာခြင်း မရှိကြောင်း Reuters သတင်းက ဆိုသည်။
ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ Associate Professor (International Business) ဒေါက်တာထွေးထွေးသိန်းက တယ်လီနောသည် စီးပွားရေးအရ အရှုံးအမြတ်အခြေအနေထက် ရေရှည်တွင် ၎င်းတို့သတ်မှတ်ထား သော လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရန် ဆက်လက်မလွယ်ကူတော့သည့် အခြေအနေရှိ နေခြင်းကြောင့် အခြားကုမ္ပဏီသို့ လက်လွှဲရောင်းချသွားခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“ရောင်းချဖို့ ကုမ္ပဏီကို ရွေးချယ်တဲ့ နေရာမှာတော့ လူ့ အခွင့်အရေး ဘက်ကကြည့်ဖို့ တယ်လီနောက အားနည်းခဲ့တယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ဘယ်ကုမ္ပဏီကမှ စိတ်ဝင်စားဖို့ မရှိနိုင်တော့ ဝယ်မယ့်ကုမ္ပဏီကိုပဲ မြန်မြန်ရောင်း လိုက်တာမျိုး ဖြစ်သွားတာထင်တယ်” ဟု သူက ဧရာဝတီသို့ ပြောဆိုသည်။
“လူ့အခွင့်အရေးစံနှုန်းတွေကို မချိုးဖောက်ဘဲ အလုပ်လုပ်လို့ မရတော့တဲ့အတွက် ထွက်သွားတော့မယ့် ကုမ္ပဏီကို ဒီအာဏာသိမ်းမှုကာလအတွင်းမှာ ဝယ်လိုက်တယ်ဆိုကတည်း အဲဒီကုမ္ပဏီက လူ့အခွင့် အရေးစံနှုန်းတွေကို ဘယ်လိုမှ လိုက်နာမှာ မဟုတ်ဘူး ” ဟုလည်း ဒေါ်ထွေးထွေးသိန်းက ပြောသည်။
တယ်လီနော မြန်မာကိုဝယ်ယူခဲ့သည့် M1 လုပ်ငန်းစုသည် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် မီကာတီနှင့် ညီအကိုများ ပိုင်ဆိုင်သော လုပ်ငန်းဖြစ်ပြီး မိုဘိုင်းလ်နှင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်များ တီထွင်ထုတ်လုပ်သော ဆက်သွယ်ရေးနည်းပညာကုမ္ပဏီဖြစ်သည်။
အနောက်အာဖရိက နှင့် အရှေ့အလယ်ပိုင်းနိုင်ငံ ပေါင်း ၁၀ နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး သုံးစွဲသူပေါင်း ၅ သန်းကျော်အထိရှိပြီး လန်ဒန် နှင့် ဒူဘိုင်းစတော့အိတ်ချိန်းတို့၏ စာရင်းဝင်ကုမ္ပဏီလည်းဖြစ်သည်။
M1 Group သည် မြန်မာ့စစ်တပ် နှင့် နီးစပ်သည့် ကုမ္ပဏီတခုဖြစ်ပြီး ၎င်းသည် မြန်မာစစ်တပ်က ရှယ်ယာပါဝင်သော ဆက်သွယ်ရေးအော်ပရေတာ Mytel အတွက် မိုဘိုင်းလ်ဖုန်းတာဝါတိုင်များ တည်ဆောက်ပေးနေသော Irrawaddy Green Towers ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်လည်းဖြစ်ကြောင်း Burma Campaign UK ၏ The Dirty List စာရင်းတွင် ဖော်ပြထားသည်။
တယ်လီနောကဲ့သို တာဝန်ယူမှု တာဝန်ခံမှုရှိသော ကုမ္ပဏီကြီးတခုက မြန်မာနိုင်ငံနဲ့ ထွက်သွားခြင်းသည် စစ်အာဏာသိမ်းမှုမတိုင်မီ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ၁၀ နှစ်ကာလအတွင်း မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်လာခဲ့သည့် အခြား နိုင်ငံခြားကုမ္ပဏီများအတွက် သတင်းဆိုးဟု စိုးရိမ်မှုများလည်း ရှိသည်။
“တယ်လီနော ပြန်ထွက်တာက မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေတဲ့ တခြား လူ့အခွင့်အရေးစံနှုန်း တွေကို လေးစားလိုက်နာတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဘာဆက်လုပ်မှာလဲ ဆိုတော့ မက်ဆေ့ချ် ပေးလိုက်တဲ့ သဘောလည်း ရောက်တယ် ” ဟု ဒေါက်တာ ထွေးထွေးသိန်းက ပြောသည်။
သို့သော်လည်း ထိုသက်ရောက်မှုသည် လုပ်ငန်းကဏ္ဍအပေါ် မူတည်ပြီး ကွာခြားနိုင်ကြောင်း၊ အလုပ် အကိုင် အခွင့်အလမ်းအများအပြား ပေးထားနိုင်သော အထည်ချုပ်လုပ်ငန်းနှင့် စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းများကဲ့သို့ လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီများသို့ သက်ရောက်မှု နည်းနိုင်ကြောင်း သူက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဂျပန်၊ ကိုရီးယား နှင့် ဥရောပနိုင်ငံတချို့က ကုမ္ပဏီများသည် စစ်တပ် ပိုင် ကုမ္ပဏီများနှင့် လုပ်ငန်းလက်တွဲလုပ်ဆောင်မှုများကို ရပ်တန့်ထားခြင်း၊ အမြတ်ခွဲဝေခြင်းများ ရပ်ဆိုင်းထားခြင်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဟု စီစဉ်ထားသော ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်ထားပြီဖြစ်သည်။
“စစ်တပ်ပိုင်နဲ့ နိုင်ငံပိုင်လုပ်ငန်းရယ် လူအခွင့်အရေးတွေကို သိပ်အလေးမထားတဲ့ ကုမ္ပဏီတွေပဲ ကျန်တော့မှာလေ ” ရန်ကုန်အခြေစိုက် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။
You may also like these stories:
တယ်လီနော မြန်မာကို လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုသို့ ရောင်းချ
ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်အရာရှိများ နိုင်ငံမှ ထွက်ခွင့် စစ်ကောင်စီ ပိတ်ပင်
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ
စစ်အာဏာရှင်စနစ်ကို ပံ့ပိုးနေသော နိုင်ငံတကာ နည်းပညာကုမ္ပဏီများ
မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ