ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုမြင့်တက်နေ၍ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းဖူလုံမှု ရှိစေရေးအတွက် ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့် ကန့်သတ်ထားခြင်းကြောင့် မြန်မာ ဘက်သို့ ထိုကုန်ပစ္စည်များ အဝင်နည်းလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကိုဗစ်ကူး စက်မြင့် နေချိန် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး နှင့် ကုသရေးဆိုင်ရာ ဆေးဝါး နှင့် ဆေးကိရိယာ ပစ္စည်းများကို မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့်ရပ်ဆိုင်းသည်ဟုသော စာတစောင် ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ သို့သော် နေပြည်တော်က ယင်းစာသည် အတုဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီက မြဝတီရှိ ကုန်သွယ်ရေး သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ ထိုင်းနိုင်ငံဘက်က ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများကို တင်ပို့ခွင့် ကန့်သတ်ထားခြင်း ကြောင့် ယခင်က ပုံမှန်ကုန်သွယ်နေသည့် ပမာဏထက် လျော့နည်းလျက်ရှိကြောင်း သိရသည်။
“သူတို့ နိုင်ငံမှာလည်း လိုအပ်ချက်ရှိနေတာကို သူတို့နိုင်ငံရဲ့ မူဝါဒကို ဒါပေမယ့် ကုန်သည်တွေအချင်း ချင်း ရောင်းသူဝယ်သူအဆင်ပြေလို့ သွင်းလာရင် ကျနော်တို့ က တံတား ၂ (မြဝတီ ထိုင်းမြန်မာနယ်စပ် တံတား)မှာ အဖွဲ့အကုန်ရှိတယ် FDA ရော အကောက်ခွန်ရော တခါတည်းစိစစ်ခွင့်ပြုပေးနေတယ်” ဟု ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တခုမှ တာဝန်ခံညွှန်ကြားရေးမှူး တဦးက ပြောသည်။
၎င်းက ဆက်လက်၍ “ ကျနော်တို့ဘက်က သွင်းလာတာကို ခွင့်မပြုဘူးဆိုတဲ့ မူဝါဒက လုံး၀ မရှိပါဘူး ” ဟု ပြောဆိုသည်။
ထိုင်းနိုင်ငံ၏ ပေါ်လစီအရ နှာခေါင်းစည်းအပါအဝင် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ဆေးနှင့် ဆက်စပ်ပစ္စည်း အများအပြားကို နိုင်ငံခြားတင်ပို့ခွင့်ကို ပိတ်ပင်ထားပြီး လူတဦးချင်း သုံးစွဲမှုအတွက်နှင့် အစိုးရချင်း ဆက်သွယ်မှာယူမှုများကတဆင့်သာ ရောင်းချသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း ဝင်ရောက် ရိုက်ခတ်နေပြီး လတ်တလော အောက်စီဂျင်ဘူးများ ကစဉ့်ကလျား ဝယ်ယူမှု ဖြစ်နေသည်။
လက်ရှိတွင် အစိုးရဆေးရုံများမှ လူနာများအား အပြည့်လက်ခံကုသနိုင်ခြင်းမရှိသည့်အတွက် ပြည်သူများအကြား အောက်စီဂျင်လိုအပ်ချက် မြင့်မားလျှက်ရှိပြီး ရရှိနိုင်ဖို့ အခက်အခဲတွေလည်း ကြုံတွေ့နေကြရသည်။
ပုဂ္ဂလိက အလှူရှင်များအဖို့ အောက်စီဂျင် စက်များ Oxygen Concentrator ဝယ်ယူတင်သွင်းရေး ကြိုးပမ်းလာကြသည်။
စစ်ကောင်စီဘက်ကလည်း ကိုဗစ်လူနာများအတွက် အရေးကြီးသော Oxygen Concentrator တင်သွင်းမှုကို FDA ထောက်ခံချက် နှင့် စီးပွား/ကူးသန်း သွင်းကုန် လိုင်စစ် လျှောက်ထားရန် မလိုတော့သလို အကောက်အခွန် ၃ ရာခိုင်နှုန်းကိုလည်း လက်ငင်း ပေးဆောင်စရာမလိုဘဲ စာရင်းမှတ်ထားပြီး ပစ္စည်းထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။
လတ်တလော မြဝတီနယ်စပ်မှ အောက်စီဂျင်စက်များ ကုန်သွယ်ခွင့်အခြေအနေနှင့် ပတ်သက်ပြီး သဘောထားရယူရန် မြဝတီနယ်စပ်ကုန်သည်အသင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
မြဝတီမြို့ရှိ ကုန်သည်တဦးကမူ “ ဆေးဝါးတို့ Mask တို့ အောက်စီဂျင် ဗူးတွေဘာတွေ ဝင်နေသွင်းနေ တုန်းပါပဲ။ ဒါပေမဲ့ ကိုဗစ်အကန့်အသတ်တွေကြောင့် ကုန်ကားအကြီးတွေထက် တနိုင်တပိုင် တင်သွင်း တာပဲ ရှိနေတော့တယ်။ အောက်စီဂျင်ဆိုရင် ကားအသေးတွေနဲ့ပဲ ဝင်လာတော့တယ်”ဟု ပြောသည်။
ယင်းသို့ ထိုင်းနိုင်ငံမှသာ အဓိကတင်သွင်းနေရသော ဆေး နှင့် ဆေးဝါးဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ဝင်ရောက်မှု အချိန်ကြန့်ကြာနေသလို ပုံမှန်ပမာဏထက် လျော့နည်း ဝင်ရောက် နေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆေးဝါး နှင့် အောက်စီဂျင်များ ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်ကာ ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံဘက်က ကိုဗစ်ကူးစက်မှုမြင့် တက်နေ ခြင်းကြောင့် ယာယီပိတ်ထားသော်လည်း ဆေး နှင့် ဆေးဝါးဆက်စပ်ပစ္စည်းများကို တင်သွင်းခွင့် ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။ အများစုမှာ ထိုင်းနိုင်ငံဘက်မှသာ မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိသည်။
You may also like these stories:
မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်
ကိုဗစ်ကုသရေးနှင့် အုပ်ချုပ်ရေးမှူးများ လုံခြုံရေး အပြည့်အဝ မလုပ်နိုင်သေးကြောင်း နစက ဝန်ခံ
တပတ်တာအတွင်း ကိုဗစ်သေဆုံးမှုမှာ နေ့စဉ် လူ ၅၀ အထက်တွင် ရှိနေ