စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးစေပြီး အကျပ်အတည်းဖြစ်စေကာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု မှားယွင်းသောကြောင့် လျှပ်စစ်ကဏ္ဍသည် နိုင်ငံတဝန်း ရှည်ကြာသည့် ဓါတ်အားပြတ်တောက်မှုများဖြစ်စေပြီး ပြည်သူလူထုကလည်း စစ်ကောင်စီကို ထောက်ခံခြင်းမရှိကြောင်း မြန်မာနိုင်ငံအတွက် လွတ်လပ်သော စီးပွားရေးပညာရှင်များ (IEM) အမည်ရှိ အမည်မဖေါ်လိုသော ကျွမ်းကျင်သူများအဖွဲ့က သတိပေးလိုက်သည်။
ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၏ သပိတ်ကြောင့် စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လစဉ် ကျပ်ဘီလျံ ၁၀၀ လျှော့နည်းရရှိကြောင်း IEM ကဆိုသည်။ နိုင်ငံ၏ အဓိက မြို့ကြီးနှစ်မြို့ဖြစ်သော ရန်ကုန်နှင့် မန္တလေးမှ ဓါတ်အားခကောက်ခံရရှိငွေမှာ မတ်လအထိ ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်း အသီးသီးသာ ရှိသည်ဟု ထိုအဖွဲ့၏ အဆိုအရ သိရသည်။
ယခုနှစ်အတွက် လျှပ်စစ်ကဏ္ဍ ဆုံးရှုံးမှုသည် ကျပ် ၂ မှ ၂.၅ ထရီလျံအထိ ရှိနိုင်ပြီး ဝင်ငွေအားလုံး၏ ၁၀ ရာခိုင်နှုန်း ရှိမည်ဟု ထိုအဖွဲ့က ဆိုသည်။
အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီဆန့်ကျင်ရေး ကျယ်ပြန့်သော လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် မြန်မာပြည်သူ အများစုသည် လျှပ်စစ်ဓါတ်အားခပေးဆောင်ရန် ငြင်းဆန်နေသည်။ ထိုသို့သပိတ်မှောက်ငြင်းဆန်ခြင်းသည် စစ်ကောင်စီကို ဆန့်ကျင်သည့် အန္တရာယ်ကင်းသော လှုပ်ရှားမှုနှင့် စစ်ကောင်စီကို ငွေကြေးမထောက်ပံ့ရေး အားထုတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည်။
ထို့အပြင် ထောင်ပေါင်းများစွာသော မီတာစာရေးများနှင့် မြို့နယ်နှင့် ရပ်ကွက် လျှပ်စစ်ရုံးများသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေကြသည်။ ထိုလှုပ်ရှားမှုအရ အစိုးရဝန်ထမ်းများနှင့် အခြားသူများသည် စစ်ကောင်စီအတွက် အလုပ်လုပ်ရန် ငြင်းဆန်ကြသည်။
အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီဆန့်ကျင်ရေး ကျယ်ပြန့်သော လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် မြန်မာပြည်သူ အများစုသည် လျှပ်စစ်ဓါတ်အားခပေးဆောင်ရန် ငြင်းဆန်နေသည်။
ဓါတ်အား သုံးစွဲခများကို ပြည်သူလူထုက ၅ လနီးပါး လျစ်လျူရှုထားသောကြောင့် စစ်ကောင်စီက မီတာခမဆောင်သူများကို ဓါတ်အားဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသည်။ သို့သော် စစ်ကောင်စီ ဝန်ထမ်းများသည် လမ်းမများတွင် တိုက်ခိုက်သတ်ဖြတ်ခံနေရသည်။ ရန်ကုန်ရှိ လျှပ်စစ်ရုံး အနည်းဆုံး ၉ ရုံး ပစ်မှတ်ထားတိုက်ခိုက်ခံရသကဲ့သို့ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်မှ လျှပ်စစ်ရုံးများလည်း တိုက်ခိုက်ခံရသည်။
စစ်ကောင်စီသည် လျှပ်စစ်ကဏ္ဍအတွက် ကာလတို ဘဏ္ဍာရေးတွင် ထိခိုက်ရုံသာမက နိုင်ငံတွင်း ရေရှည်ဓါတ်အားပေးမှု ကျဆင်းခြင်းကိုပါ ဖြစ်စေသည် ဟု IEM က ဆိုသည်။
လျှပ်စစ်ဓါတ်အားရင်းမြစ် အများစုသည် ရေအားနှင့် ပြည်တွင်းထုတ် ဓါတ်ငွေ့ ဖြစ်သောကြောင့် နိုင်ငံခြားငွေ ဆုံးရှုံးမှု အနည်းငယ်သာဖြစ်စေသည်။ သို့သော် ငွေကြေးဖေါင်းပွမှုနှင့် လျှပ်စစ်ဓါတ်အား ထိခိုက်မှု လက္ခဏာများ ရှိနေပြီး စစ်ကောင်စီသည် အဓိကအားဖြင့် စွမ်းအင်ကဏ္ဍ ကုန်ကျစရိတ်များကြောင့် ပေါ်ပေါက်လာသည့် ကြီးထွားနေသော လိုငွေကို ကာမိရန် ငွေကြေးရိုက်ထုတ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဓါတ်အားဝယ်ယူနေမှုအား ဖြတ်တောက်ခြင်းအကြား တခုခုကို ရွေးရတော့မည်ဖြစ်ကြောင်း IEM က ထောက်ပြသည်။
“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းများ အထူးသဖြင့် ပညာရှင်များကို အလုပ်မှထုတ်ပယ်သည့် အတိုင်းအတာကြောင့်လည်း မဟာဓါတ်အားလိုင်းကို ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းသည် မကြာမီ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်။ ဓါတ်အားပြတ်တောက်မှု ပိုမိုများပြား ရှည်ကြာလာမည်” ဟုလည်း IEM ကဆိုသည်။
ထိုအဖွဲ့၏အဆိုအရ လျှပ်စစ်နှင့်စွမ်းအင်ကြီးဌာန ဝန်ထမ်း ၄၀၅၈ ဦးသည် CDM တွင် ပါဝင်သောကြောင့် စစ်ကောင်စီက အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု သိရသည်။
စွမ်းအင်ကဏ္ဍ ကုန်ကျစရိတ်များကြောင့် ပေါ်ပေါက်လာသည့် ကြီးထွားနေသော လိုငွေကို ကာမိရန် ငွေကြေးရိုက်ထုတ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဓါတ်အားဝယ်ယူနေမှုအား ဖြတ်တောက်ခြင်းအကြား တခုခုကို ရွေးရတော့မည်
ဇွန်လနှောင်းပိုင်းမှ စတင်ပြီး နိုင်ငံတဝှမ်းမှ ပြည်သူများသည် မကြာခဏ မီးပြတ်သည်ကို ခံစားရသည်။ လျှပ်စစ်ဓါတ်အားခပေးဆောင်ရန် ငြင်းဆန်သောကြောင့် ရန်ကုန်ရှိ အချို့မြို့နယ်များတွင် ၁၆ နာရီကျော်ကြာအထိ မီးပြတ်နေကြောင်း ဒေသခံများပြောသည်။
စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လက်ရှိအခြေခံအဆောက်အအုံများ လည်ပတ်ရန်၊ ပုဂ္ဂလိက ဓါတ်အားထုတ်လုပ်သူများကို ပေးချေရန်၊ ကုန်ကျစရိတ်ကာမိရန်နှင့် ယခင်အစိုးရ၏ စီမံကိန်းများကို ဆက်လုပ်ရန် ရုန်းကန်နေရသည်ဟု IEM က ဆိုသည်။
ရေရှည်တွင် လျှပ်စစ်ဓါတ်အား ဖြန့်ချိမှုသည် ထိခိုက်ပြီး ကျဆင်းနိုင်သည်ဟုလည်း ဆိုသည်။ ကမ်းလွန် ဓါတ်ငွေ့ လုပ်ကွက်များတွင်လည်း ဓါတ်ငွေ့ကုန်ခန်းလာပြီး အစားထိုးလုပ်ကွက်များသည်လည်း မူလက စီစဉ်ထားသည့်အတိုင်း လည်ပတ်နိုင်တော့မည် မဟုတ်ပေ။ ဓါတ်ငွေ့စက်ရုံ ငှားရမ်းလုပ်ကိုင်မှုမှာလည်း မြေပြဿနာများနှင့် တန်ဖိုးကြီးမားသည့် ကန်ထရိုက်စာချုပ်များကို စစ်ကောင်စီက လိုက်နာမည် မလိုက်နာမည်နှင့် ပတ်သက်သည့် မရေရာမှုကြောင့် ထိခိုက်နေသည်ဟု ထိုအဖွဲ့က ဆိုသည်။
စီမံကိန်းကြီးများရှိသော ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ရေအားလျှပ်စစ် စီမံကိန်းသစ်များကို ဆိုင်းငံ့ သို့မဟုတ် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်ဟု ထိုအဖွဲ့က ဆိုသည်။
ကမ်းလွန် ဓါတ်ငွေ့ လုပ်ကွက်များတွင်လည်း ဓါတ်ငွေ့ကုန်ခန်းလာပြီး အစားထိုးလုပ်ကွက်များသည်လည်း မူလက စီစဉ်ထားသည့်အတိုင်း လည်ပတ်နိုင်တော့မည် မဟုတ်ပေ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအောက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၃၀-၃၁ ခုနှစ်တွင် နိုင်ငံလူဦးရေ ရာနှုန်းပြည့် လျှပ်စစ်ဓါတ်အား ရရှိစေရန် သတ်မှတ်ထားသည်။ အနောက် နိုင်ငံကုမ္ပဏီများက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေသည့်ကြားတွင် နိုင်ငံခြားငွေရှာရန် ကြိုးစားသည့်အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဆိုလာဓါတ်အား စီမံကိန်း ၁၂ ခုအတွက် အဆိုပြုတင်ဒါများကို လွန်ခဲ့သောလက ခေါ်ယူခဲ့သည်။ ထိုင်း ကုမ္ပဏီ ၄ ခုနှင့် တရုတ် ကုမ္ပဏီ ၅ ခုအပါအဝင် လုပ်ငန်းပေါင်း ၄၀ ခန့်က ထိုစီမံကိန်းများကို စိတ်ဝင်စားကြောင်း ဖေါ်ပြသည်။
မကြာသေးမီကခေါ်ယူသည့် တင်ဒါများတွင် ယှဉ်ပြိုင်မှု အားနည်းခြင်းနှင့် အနိုင်ရလုပ်ငန်းများသည် အတွေ့အကြုံကင်းမဲ့ခြင်းတို့ကြောင့် ဆိုလာလုပ်ငန်းများသည် ရည်မှန်းထားသည့် အတိုင်းအတာအထိ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မည့် အလားအလာ မရှိကြောင်း IEM က ဆိုသည်။
စစ်ကောင်စီ၏ အတင်းအကျပ်လုပ်ခြင်းနှင့် အသိပညာမဲ့ ဆုံးဖြတ်ချက်ချခြင်းတို့ကြောင့် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံနှင့်ဆိုင်သော အန္တရာယ် ပိုမိုများပြားစေကြောင်း IEM က ဆိုသည်။
အာဏာသိမ်းပြီးနောက် Electricité de France, Woodside နှင့် ယခင်ဆိုလာ တင်ဒါရထားသော တရုတ် လုပ်ငန်းများအပါအဝင် အချို့ ရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းများကို ဆိုင်းငံ့ သို့မဟုတ် မြန်မာနိုင်ငံမှ လုံး၀ ရုတ်သိမ်းသွားကြပြီး အများအပြားက အနာဂတ်စီမံကိန်းများအတွက် စောင့်ကြည့်လေ့လာနေသည်။ လျှပ်စစ် စီမံကိန်းများအတွက် ငွေထုတ်ပေးမှုအားလုံးကို ကမ္ဘာ့ဘဏ်က ဆိုင်းငံ့ထားပြီး နောက်ထပ်ချေးငွေအတွက် ညှိနှိုင်းမှုများလည်း ရပ်ဆိုင်နေသည်။
“ထိုသို့သောအခြေအနေကြောင့် စွမ်းအင်ကဏ္ဍသည် ၎င်း၏ ၂၀၂၁ အတွက် ရည်မှန်းချက်များကို လွဲချော်တော့မည်ဖြစ်သည်။ ထိုသို့ ဓါတ်အားမလုံလောက်မှုကြောင့် စီးပွားရေးကို နှစ်ပေါင်းများစွာ ထိခိုက်စေမည်” ဟု IEM ကဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Electricity Sector Crippled Since Military Coup ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ၏ ဆိုလာပါဝါ စီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ ၄၀ခန့် ဝင်ပြိုင်ရန် စီစဉ်နေ
နာမည်ပျက်ပြီး မအောင်မြင်ခဲ့တဲ့ သမဝါယမဝန်ကြီးဌာန စစ်ကောင်စီ ပြန်ဖွဲ့
စီးပွားရေး ပြန်လှုပ်ရှားလာသော်လည်း ငွေသားပြတ်လပ်မှုက အရိပ်မဲထိုးနေ
ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ပိတ်တာ စစ်တပ်ထုတ်ကုန်တွေ ဈေးကွက်ရဖို့လား