မြန်မာနိုင်ငံ၏ နိုင်ငံရေး မငြိမ်မသက်မှုများနှင့် ကူးစက်နှုန်း မြင့်တက်နေသော ကိုဗစ် ၁၉ တတိယ လှိုင်းတို့ကြောင်း အားနည်းနေသော မြန်မာ့စီးပွားရေးသည် ယခု ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀ မှ စက်တင်ဘာ ၂၀၂၁) အတွင်း အနုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ ယနေ့ထုတ်ပြန်သော မြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်ထားသည့် အစီရင်ခံစာက ခန့်မှန်းထားသည်။
မြန်မာ့စီးပွားရေးသည် အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျဆင်းသွားမည်ဟု ဆိုခြင်းသည် ၂၀၂၀ ဘဏ္ဍာနှစ်တွင် တွေ့ကြုံခဲ့ရသည့် အားနည်းသွားသော ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် နိုင်ငံစီးပွားရေးအနေဖြင့် ကိုဗစ် ၁၉ နှင့် စစ်တပ်အာဏာသိမ်းမှုသာ မဖြစ်ပွားခဲ့ပါက ရှိသင့်သည် ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမို ကျဆင်းသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သန်းခန့် ဆုံးရှုံးသွားနိုင်ပြီး လုပ်သားအများအပြားသည်လည်း အလုပ်ချိန် (သို့မဟုတ်) လစာ လျှော့ချခံရနိုင်ကာ ဝင်ငွေလျော့ကျမှုကို ကြုံတွေ့ရနိုင်ပြီး ဆင်းရဲနွမ်းပါးသည့် လူဦးရေသည်လည်း လာမည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် နှစ်ဆအထိ မြင့်တက် သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုထားသည်။
“ အလုပ်အကိုင်များ၊ ဝင်ငွေများ ဆုံးရှုံးသည့်နည်းတူ ကျန်းမာရေးနဲ့ အစားအစာ ဖူလုံမှု မရှိမှု၊ ဘေးအန္တ ရယ်များ စုပေါင်း၍ ယခင်နှစ် ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံး နဲ့ အင်အားအနည်းဆုံး ပြည်သူတွေဟာ လူနေမှုဘဝ သက်သာချောင်ချိရေးအတွက် အခက်အခဲကြီးစွာ ရင်ဆိုင်ရပါလိမ့်မယ် ” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန် က ပြောသည်။
ကူးသန်းသွားလာမှု ကန့်သတ်ချက်များ၊ ဝင်ငွေလျော့ကျလာမှု၊ ဆန္ဒထုတ်ဖော်မှုများနှင့် အလုပ်သမား ပြတ်လပ်မှု တို့က စီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်စေပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့် တယ်လီဖုန်း ဆက်သွယ်ရေးများ၊ ကျန်းမာရေးနှင့် ပညာရေး ကဲ့သို့သော အရေးပါသော စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းများလည်း ထိခိုက်စေကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။
ယင်းအပြင် ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းအပါအဝင် ဗဟိုဘဏ်က နည်းလမ်းအမျိုးမျိုးဖြင့် ကုစားရန် ကြိုးပမ်းသော်လည်း ငွေသားကျပ်ငွေသည် ဈေးကွက်အတွင်း ပြတ်လပ်နေဆဲဖြစ်ပြီး ဘဏ်ဝန်ဆောင် မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများသည် အကန့်အသတ်ဖြင့် ရှိနေဆဲဖြစ်သည်။
ဇန်နဝါရီလ နောက်ပိုင်းမှ ယခု ဇူလိုင်လအထိ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး ကုန်သွယ်မှုပြတ်တောက်ခြင်းကြောင့် လောင်စာဆီနှင့် သွင်းကုန် တချို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ လယ်သမားများအနေဖြင့်လည်း ကောက်ပဲသီးနှံများ လက်ကားဈေး ထိုးကျသွားခြင်း၊ သွင်းကုန်ဈေးများ မြင့်တက်လာခြင်းနှင့် ချေးငွေရရှိရန် အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း ကမ္ဘာ့ဘဏ်၏ ပြောသည်။
ထိုရိုက်ခတ်မှုများကြောင့် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံနှင့် ကုန်သွယ်မှုတို့ကို အားနည်းစေပြီး စီးပွားရေး လုပ်ငန်းများအပြင် သွင်းကုန်နှင့် လုပ်သားထောက်ပံ့မှုများကိုပါ ထိခိုက်စေသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ကင်မ်အလန် အက်ဒ်ဝပ်က “ မေလ နဲ့ ဇွန်လ တွေမှာ ကူးသန်းသွားလာမှု ပြန်လည်ကောင်းမွန်လာခြင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ် ချက်များ ဖြေလျှော့ခြင်းတို့ကြောင့် အချို့ဧရိယာများမှာ တည်ငြိမ်လာတော့မည့် ရှေ့ပြေးလက္ခဏာများ မြင်ခဲ့ရသော်လည်း စီးပွားရေးတခုလုံးအနေဖြင့်မူ အလွန်အမင်း အားနည်းနေဆဲဖြစ်ပြီး ကိုဗစ်နိုင်တင်း ကူးစက်ပြန့်နှံ့မှု တိုးပွားလာသည့် ဇူလိုင်လနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေဟာ ဆက်လက် ကျုံ့သွားနေနိုင်ပါတယ် ” ဟု ပြောဆိုသည်။
ပြည်သူ့ကျန်းမာရေးစနစ် ခိုင်ခိုင်မာမာမရှိသော အခြေအနေတွင် ကိုဗစ်နိုင်တင်း တတိယလှိုင်းသည် လူ့ အသက်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် စီးပွားရေးကို ချက်ချင်း ခြိမ်းခြောက်လျက်ရှိ ပြီး ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ကန့်သတ်ချက်များနှင့် ကြိုတင်ကာကွယ်သည့် အပြုအမှုများ ကြောင့်လည်း မြန်မာ့စီးပွားရေးအတွက် ဆတိုး စိန်ခေါ်မှု ဖြစ်ပေါ်စေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုထားသေးသည်။
ရေရှည် စီးပွားရေးမျှော်မှန်းချက်အနေဖြင့် ဆိုရပါက မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းချင်းရာများသည် ဆယ်စုနှစ်တခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ပြီး အရင်းအနှီးများ၊ လူသားရင်းမြစ်နှင့် ကုန်ထုတ်လုပ်မှုစွမ်းအားတို့ သိသာထင်ရှားစွာ ထိခိုက်စေခဲ့ကာ စီးပွား ရေးလုပ်ကိုင်နိုင်မည့် ပတ်ဝန်းကျင် အခင်းအကျင်းအပေါ် သက်ရောက်မှုကိုလည်း အနာဂတ်နှစ်ပေါင်းများစွာ အထိ ဆက်လက်ရင်ဆိုင်ဖြေရှင်းရဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လျှပ်စစ်ကဏ္ဍ ဖရိုဖရဲဖြစ်
ကိုဗစ်၊ အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်းတွေကြား အသက်ရှူကျပ်သူမျာ
တယ်လီနော မြန်မာက ပြန်ထွက်တဲ့အခါ
ကိုဗစ်ကြောင့် တရုတ် – မြန်မာ နယ်စပ်ဂိတ်အားလုံး ယာယီပိတ်