နော်ဝေအခြေစိုက် တယ်လီနောအုပ်စုသည် တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 အုပ်စုထံသို့ လက်လွှဲ ရောင်းချမှုသည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ကန့်ကွက်ခံနေရသည်။
တယ်လီနောမြန်မာကို ရောင်းချရာတွင် ၃၈ နိုင်ငံပါ ဖွံ့ဖြိုးရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အသင်း Organisation for Economic Co-operation and Development (OECD) က ချမှတ်ထားသော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများ လိုက်နာ ရမည့် လမ်းညွှန်ချက်များကို လိုက်နာခဲ့ခြင်းမရှိသောကြောင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၇၄ ခု ကိုယ်စား နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ သုတေသနဌာန Centre for Research on Multinational Corporations (SOMO) က OECD ထံသို့ တိုင်ကြားလိုက်ကြောင်း ဇူလိုင်လ ၂၇ တွင် သတင်းထုတ်ပြန်လိုက်သည်။
တယ်လီနောမြန်မာက ပိုင်ရှင်အသစ်ထံသို့ လက်လွဲရောင်းချရာတွင် ၎င်း၏ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေသော သုံးစွဲသူ ၁၈ ဒသမ ၂ သန်း၏ ဖုန်းခေါ်ဆိုမှုဆိုင်ရာ အချက်အလက်များကိုပါ လွှဲပြောင်းသွားမည်ဖြစ်ခြင်းကြောင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ နှင့် တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြခြင်းဖြစ်သည်။
OECD သည် ပိုမိုကောင်းမွန်သောစီးပွားရေးမူဝါဒများ၊ တာဝန်သိစီးပွားရေးလုပ်ငန်းကြီးများ လိုက်နာရမည့် စံနှုန်းသတ်မှတ်ချက်များ လုပ်ဆောင်ပေးသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်ပြီး နော်ဝေနိုင်ငံသည် ထို အဖွဲ့အစည်းကြီး၏ အဖွဲ့ ဝင်နိုင်ငံလည်း ဖြစ်သည်။
တယ်လီနောမြန်မာကို ရောင်းချရာတွင် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် တယ်လီနောနှင့် ပတ်သက်ဆက်နွယ်သူများကို အသိပေးဆွေးနွေးမှု မရှိခဲ့ခြင်း၊ လူအခွင့်အရေးထိခိုက်မှုကို ကာကွယ်ရန် (သို့မဟုတ်) ပျက်ကွက်ခဲ့ခြင်း အပြင် ဆုံးရှုံးနိုင်ခြေရှိသော စီမံခန့်ခွဲမှုအတွက် သင့်လျော်သော စိစစ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့မှုများကြောင့် OECD ထံသို့ တိုင်ကြားခံရခြင်းဖြစ်သည်။
SOMO အနေဖြင့် တိုက်ကြားသည့် အဖွဲ့အစည်းများ၏ လုံခြုံရေးအခြေအနေများအရ ထိုအဖွဲ့အစည်းများ၏ နာမည်များကို ဖော်ပြခြင်းမရှိခဲ့ပါ။
တယ်လီနော ဆက်သွယ်ရေး အုပ်စုသည် ၂၀၁၃ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက် လုပ်ကိုင်ခွင့် လိုင်စင် ရရှိပြီးနောက် ၂၀၁၄ ခု ဖေဖေါ်ဝါရီမှာ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်လည်ပတ်ခဲ့ပြီး ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်တွင် ဒုတိယဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားသော ဆက်သွယ်ရေးအော်ပရေတာ တခုလည်း ဖြစ်သည်။
ဇူလိုင်လ ၈ ရက်နေ့က နော်ဝေအခြေစိုက် တယ်လီနောအုပ်စုသည် မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် တယ်လီနောမြန်မာကုမ္ပဏီကို လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုသို့ အမေရိကန်ဒေါ်လာ ၁၀၅ မီလျံနှင့် ရောင်းလိုက်သည်။
ယင်းသည် မေလအတွင်း မြန်မာနိုင်ငံမှ လုပ်ငန်းများ၏ ဒေါ်လာ ၇၅၂ သန်း အရှုံးပေါ်နေမှုအား ငွေစာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာချက်နှင့် တယ်လီနော မြန်မာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းအား ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြင်းပြင်းထန်ထန် ကန့်သတ်ခံထားရမှုများ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အာဏာသိမ်းသည့်နေ့တွင် စစ်တပ်က တယ်လီနောနှင့် အခြားဆက်သွယ်ရေးလုပ်ငန်းများအားလုံး ၏ ကွန်ရက်များကို ပိတ်ထားရန် အမိန့်ထုတ်သည်။ တယ်လီနောက ထိုလုပ်ရပ်ကိုဝေဖန်သော်လည်း လိုက်နာခဲ့သည်။ ဝန်ဆောင်မှုများပြန်စခွင့်ပေးခဲ့သော်လည်း ထိုနောက်ပိုင်းတွင် ခေတ္တပိတ်ရန် တောင်းဆိုမှုများရှိကာ မိုဘိုင်းအင်တာနက်ကို မတ်လ ၁၅ ရက်နေ့မှ စတင် ပိတ်ပင်ထားသည်။
Reuters သတင်းတပုဒ်အဆိုအရ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက် အသုံးပြုမှုများကို ကြားဖြတ် ထောက်လှမ်းနိုင်မည်ဖြစ်ပြီး အသုံးပြုသူများကို ခြေရာခံသည့် နည်းပညာများပါသည့် ဆော့ဖ်ဝဲများကို တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများအား တပ်ဆင်ခိုင်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး လူအခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေချိန်တွင် ဆက်သွယ်ရေးကုမ္ပဏီတခုကို အလျှင်အမြန်ဝယ်ယူခဲ့သော ကုမ္ပဏီတခုသည် တာဝန်သိစီးပွားရေးလုပ်ငန်းကြီးများ လိုက်နာစောင့်ထိန်းသော လူအခွင့်အရေးစံနှုန်းများကို ဘယ်လိုမှ လိုက်နာလိမ့်မည် မဟုတ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
M1 ကုမ္ပဏီသည် မြန်မာစစ်တပ်ပိုင်က ရှယ်ယာပါဝင်သော Mytel ဆက်သွယ်ရေးကုမ္ပဏီများအား တာဝါတိုင်များ တည် ဆောက်ကာ ငှားရမ်းအသုံးပြုခွင့်ပေးနေသော Irrawaddy Green Towers ကုမ္ပဏီ၏ အဓိက အစုရှယ်ယာ ပိုင်ဆိုင် သူဖြစ်ပြီး မြန်မာစစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီဖြစ်ကြောင်း Burma Campaign UK ၏ The Dirty List စာရင်းတွင် ဖော်ပြထားခံရသည်။
You may also like these stories:
တယ်လီနော မြန်မာက ပြန်ထွက်တဲ့အခါ
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ
ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်အရာရှိများ နိုင်ငံမှ ထွက်ခွင့် စစ်ကောင်စီ ပိတ်ပင်
စစ်အာဏာရှင်စနစ်ကို ပံ့ပိုးနေသော နိုင်ငံတကာ နည်းပညာကုမ္ပဏီများ