စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဝရုန်းသုန်းကား ကျဆင်းနေသော မြန်မာကျပ်ငွေတန်ဖိုးကို ထိန်းထားနိုင်ရန် ဖေဖော်ဝါရီလမှ ဇူလိုင် ၂၈ ရက်အထိ ၆ လအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာသန်း ၉၀ နီးပါး ထုတ်ရောင်းထားရကြောင်း သိရသည်။
အာဏာသိမ်းမှု စတင်သည့် ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဇွန်လတွင် ၁၂ သန်းနှင့် ဇူလိုင်လ(၂၈ ရက်အထိ) ၃၃ သန်း ထုတ်ရောင်း ပေးထားပြီး စုစုပေါင်း ၈၇ ဒသမ ၈ သန်းအထိ ပြည်တွင်းဘဏ်များသို့ လေလံစနစ်ဖြင့် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
လက်ရှိအချိန်တွင် မြန်မာကျပ်ငွေ တန်ဖိုးသည် အာဏာမသိမ်းမီက တန်ဖိုးထက်၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ တဒေါ်လာ လဲလှယ်နှုန်းသည် မြန်မာကျပ်ငွေ ၁၇၀၀ ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပြည်တွင်းငွေလဲ လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
စီးပွားရေး လုပ်ငန်းရှင်တဦးက “အခုက ပို့ကုန်ကလည်း ကျနေတယ်။ ပြည်သူတွေက ကျပ်ငွေအပေါ် ယုံကြည်မှု ကျလာတော့ ဒေါ်လာ ဝယ်စုထားတွေရယ်၊ ကျနော်တို့ နိုင်ငံက သွင်းကုန် ဦးစားပေးနိုင်ငံဖြစ်တဲ့အတွက် ပြည်ပက ကုန်သွင်းရတဲ့အတွက် ဒေါ်လာလိုအပ်ချက်က အမြဲရှိနေတယ်ဆိုတော့ ဒေါ်လာဈေးက ထပ်တက်နေဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် အဓိက လောင်စာဆီ ဖြစ်သော စက်သုံးဆီ၊ ဆေးဝါး ပစ္စည်းများနှင့် ကုန်ကြမ်းအများအပြားများကို ပြည်ပနိုင်ငံများမှသာ အဓိက တင်သွင်းနေရလျက် ရှိသည်။
ဗဟိုဘဏ်က ပြည်တွင်းဘဏ်များကို လေလံထုတ်ရောင်းပေးသည် တဒေါ်လာ လဲလှယ်နှုန်းသည်ပင် ကျပ် ၁၆၄၅ ဖြစ် သည်။
စစ်တပ်က အာဏာမသိမ်းသေးသည့် ဖေဖော်ဝါရီလ မတိုင်မီကာလတွင် အမေရိကန်ဒေါ်လာ တဒေါ်လာ လဲလှယ်နှုန်းသည် တဒေါ်လာကို ကျပ် ၁၃၀၀ ကျော်သာရှိပြီး ယခု ၆ လ အတွင်းတွင် အမေရိကန်ဒေါ်လာ တဒေါ်လာကို ကျပ် ၃၇၀ မှ ၄၀၀ ကျော်အထိ ဖြစ်လာခြင်း ဖြစ်သည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်း၊ ကုန်သွယ်မှု လိုငွေမြင့်တက်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု မရှိသည့် အခြေအနေတွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ အများအပြား ထုတ်ရောင်းနေခြင်းသည် ငွေမာရှာရန် ခက်နေသော အာဏာသိမ်းစစ်ကောင်စီ လက်ထဲတွင် ရှိသည့် အရံနိုင်ငံခြားငွေအား တိုက်စားနေသလိုလည်း ဖြစ်သည်။
ယခု ၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အနုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းသည် ၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ကမာ္ဘ့ဘဏ်၏ ဇူလိုင်လ ၂၆ ရက်က ထုတ်ပြန်ထားသော မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာက ဆိုသည်။
You may also like these stories:
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ
မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို
တယ်လီနောမြန်မာက သုံးစွဲသူများ၏ အချက်အလက်များ လက်လွှဲရောင်းချမှု ကန့်ကွက်ခံနေရ
ကိုဗစ်၊ အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်းတွေကြား အသက်ရှူကျပ်သူများ