ကိုဗစ်နိုင်တင်းအပြင် စစ်အာဏာသိမ်းမှုကိုပါ ထပ်မံကြုံတွေ့လိုက်ရသောကြောင့် ဆယ်စုနှစ်တခုစာ ကြိုးပမ်းခဲ့သော မြန်မာ့စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုများသည် ဆုံးရှုံးသွားတော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ပြောဆိုခြင်းသည် စစ်အာဏာသိမ်း ၆ လအတွင်း နိုင်ငံ၏ စီးပွားရေး ဘယ်ရောက်လာခဲ့ပြီကို ပြသနေသည်။
ကမ္ဘာ့ဘဏ်၏ မတ်လက ခန့်မှန်းချက်တွင် ယခုနှစ် မြန်မာ့ စီးပွားရေး ၁၀ ရာခိုင်နှုန်း ကျုံ့မည်ဟု ခန့်မှန်းခဲ့သော်လည်း တနင်္လာနေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာတွင် စီးပွားရေး ကျဆင်းမှု ၂ ဆ နီးပါးတိုးသွားပြီး ရှေ့လာမည့်လများတွင် စီးပွားရေး ပိုမိုထိခိုက်မည့် သဘောဆောင်နေသည်။
ယခု ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀ မှ စက်တင်ဘာ ၂၀၂၁) တွင် မြန်မာ့စီးပွားရေးသည် အနုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ပြီး ထိုအခြေအနေသည် ကိုဗစ်နှင့် အာဏာသိမ်းမှုတို့ မဖြစ်လျှင် ပုံမှန်ရှိနေမည့် မြန်မာ့စီးပွားရေး၏ ပမာဏထက် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
မြန်မာ့စီးပွားရေးသည် အာဏာသိမ်းစစ်အုပ်စု၏ စီမံခွန့်ခွဲမှုအလွဲများကြောင့် ကိုဗစ်နိုင်တင်း တတိယလှိုင်းတွင် အောက်စီဂျင်ရှုဖို့လိုသည့် လူနာများကဲ့သို့ အသက်ရှုကျပ်လာနေပြီ ဖြစ်သည်။
ကတိမတည်၊ ဂုဏ်သိက္ခာ မရှိဘဲ ပြည်သူကရော စီးပွားရေးလုပ်ငန်း တွေကပါ ယုံကြည်မှုမရှိတဲ့ အစိုးရတခုအောက်က တိုင်းပြည်စီးပွားရေးကတော့ ဘယ်လိုမှ ကောင်းလာစရာ မရှိတော့ဘူး
“စီးပွားရေးအတွက်ကတော့ အောက်စီဂျင်လည်း မရှိတော့ဘူး။ လာလည်း လာမှာ မဟုတ်တော့ဘူး” ဟု ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ Associate Professor (International Business) ဒေါက်တာ ထွေးထွေးသိန်းက ပြောဆိုသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကျဆင်းသွားခြင်း၊ တည်ငြိမ်မှု မရှိသေးသော နိုင်ငံ ရေး အခြေအနေများ၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် စီးပွားရေးနာလန်ထူနိုင်ရေး အနာဂတ်အစီအစဉ် မရှိသော အာဏာသိမ်း စစ်အစိုးရ၏ လုပ်ကိုင်ပုံများကို ကြည့်ရှုပြီး ပြောင်းလဲတိုးတက်လာနိုင်ဖွယ် မရှိ သော စီးပွားရေးအခြေအနေကို ၎င်းက သုံးသပ်လိုက်ခြင်းဖြစ်သည်။
ဒေါက်တာထွေးထွေးသိန်းက “ကတိမတည်၊ ဂုဏ်သိက္ခာ မရှိဘဲ ပြည်သူကရော စီးပွားရေးလုပ်ငန်း တွေကပါ ယုံကြည်မှုမရှိတဲ့ အစိုးရတခုအောက်က တိုင်းပြည်စီးပွားရေးကတော့ ဘယ်လိုမှ ကောင်းလာစရာ မရှိတော့ဘူး” ဟု ပြောဆိုသည်။
“အကုန်ထိုးရပ်သွားတော့”
ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလ (၂၀၂၀ ခုနှစ် တနှစ်တာ) တွင် နယ်စပ်ကုန်သွယ်ရေးနှေးသွား ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တန့်နေခြင်း၊ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းသွားခြင်းနှင့် CMP လုပ်ငန်းများ၏ ပြည်ပအမှာစာများ လျော့ကျသွား၍ မြန်မာ့စီးပွားရေးသည် တုံ့ဆိုင်းနေခဲ့ပြီးသား ဖြစ်သည်။
နိုင်ငံခြားရင်းနှီး မြှုပ်နှံတွေ ရပ်နေတဲ့အချိန်မှာမှ အာဏာသိမ်းလိုက်တော့ နိုင်ငံတကာက အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှု တွေပါ အကုန်ထိုးရပ်သွားတော့ ပိုဆိုးသွားပြီလေ
ထိုသို့ အားနည်းနေသော စီးပွားရေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ယခင်က ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားသော အမေရိကန်ဒေါ်လာ ဘီလီယံနှင့် ချီသော နိုင်ငံခြားရင်းနှီးမြှုပ် နှံများ ရပ်ဆိုင်းသွားခဲ့ပြီး ကမ္ဘာ့ဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဥရောပသမဂ္ဂ(EU)၊ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီထောက်ပံ့များ ရပ်ဆိုင်းခြင်း ခံရပြန်သည်။
ယင်းအပြင် အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ဘဏ်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်ကာ ငွေသား လည်ပတ်စီးဆင်းမှုအခက်အခဲ၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး သယ်ယူပို့ဆောင်ရေးစရိတ်နှင့် သွင်း ကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်းမြင့်တက်သွားခြင်းနှင့် ဈေးကွက်ဝယ်လိုအား ကျဆင်းမှုများကို စီးပွားရေးလုပ်ငန်း အားလုံးလိုလိုမှာ ခါးစည်းခံရတော့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ အစပိုင်း စကာ အတည်ပြုခြင်းနှင့် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အသစ်များ မရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ ဝက်ဘ်ဆိုက်မှ သတင်းထုတ်ပြန်မှုများအရ သိရသည်။
“ကိုဗစ်စဖြစ်ကတည်းက စီးပွားရေးအခြေအနေက ဖြည်းဖြည်းချင်းကျဆင်းနေတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံတွေ ရပ်နေတဲ့အချိန်မှာမှ အာဏာသိမ်းလိုက်တော့ နိုင်ငံတကာက အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှု တွေပါ အကုန်ထိုးရပ်သွားတော့ ပိုဆိုးသွားပြီလေ ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက ပြောသည်။
အဖြစ်က မနှစ်ကထက် ပိုဆိုး
မကြာသေးမီက စီးပွားရေး ရိုက်ခတ်မှုများ၏ ပြင်းအားနှင့် ကြာချိန်ကို ကိုးကားပြီးနောက် မြန်မာ့စီးပွားရေးသည် ကပ်ရောဂါကြောင့် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များ ခံရမည်ဖြစ်ပြီး အသက်များနှင့် အသက်မွေးဝမ်းကြောင်းများကို ခြိမ်းခြောက်မှုများသည် ၂၀၂၂ ခုနှစ်အထိပင် ဆက်လက်ဖြစ်ပေါ်နေမည်ဟု ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၄ ရက်နေ့အထိ ကူးစက်မှုစုစုပေါင်း ၂၆၀၀၀၀ ကျော်နှင့် သေဆုံးမှု ၆၄၆၀ ခုရှိပြီး နေ့စဉ်ပျှမ်းမျှ ကူးစက်မှုသစ် ၆၀၀၀ ခန့်ရှိနေသည်။ သို့သော် အကန့်အသတ်ရှိသော စစ်ဆေးမှုနှင့် သတင်းစီးဆင်းမှုကြောင့် ထိုစာရင်းသည် အမှန်တကယ်ထက် အကြီးအကျယ် လျှော့နည်းနေသည်။
ကုမ္ပဏီ ၅၀၀ အနက် ၄ ပုံ ၃ ပုံက ၎င်းတို့သည် ယခင်နှစ်က ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုထက် ပိုမိုထိခိုက်ကြောင်းပြောသည်။
ရောဂါရှာဖွေစမ်းသပ်မှု အကန့်အသတ်များရှိနေသော်လည်း စမ်းသပ်မှုအရေအတွက်နှင့်ယှဉ်လျှင် တွေ့ရှိမှုနှုန်း လွန်စွာ မြင့်မားနေပြီး တခါတရံ ၃၃ ရာခိုင်နှုန်းကျော်အထိ ရှိနေသောကြောင့် လူမှုအသိုက်အဝန်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေသည်ကို ပြသနေသည်။ ရောဂါထိန်းချုပ်ရေး အစီအမံများနှင့် ကြိုတင်ပြင်ဆင်သည့် အလေ့အထများ၏ ရိုက်ခတ်မှုကို ပေါင်းစပ်လိုက်သောအခါ မြန်မာ့စီးပွားရေးအတွက် စိန်ခေါ်မှုများသည် ပိုမိုကျယ်ပြန့်လာသည် ဟုလည်း ဖေါ်ပြထားသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်သည့် စားသုံးသူ ဝယ်လိုအားပြိုလဲခြင်းကလည်း ညံဖျင်းသော စီးပွားရေး အခြေအနေကို ပိုမိုဆိုးရွားစေသည်။ သွားလာမှုလျှော့ကျခြင်း၊ ဝင်ငွေနှင့် အလုပ်အကိုင်နည်းသွားခြင်း၊ သယ်ယူပို့ဆောင်ရေး အကန့်အသတ်များ၊ ရင်းနှီးမြှုပ်နှံမှုသစ်များနှင့် စက်ရုံများသို့ ကုန်အမှာစာ လျှော့ကျခြင်းတို့ကြောင့် ဝယ်လိုအားပြိုလဲခြင်းဖြစ်ကြောင်း အထက်ပါ အစီရင်ခံစာက ဆိုသည်။ “စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် နောက်ဆက်တွဲဖြစ်သော အလုပ်သမား သပိတ်များကြောင့် အဓိကျသော ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ဝန်ဆောင်မှုများ ရပ်တန့်သွားသည်” ဟုလည်းဖေါ်ပြထားသည်။
စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍသည် အကျပ်အတည်းကြောင့် အထိနာရကြာင်း အထက်ပါအစီရင်ခံစာက ဇွန်လက နိုင်ငံတဝှမ်းကောက်ယူသည့် စီးပွားရေး စစ်တမ်းကို ကိုးကား ဖေါ်ပြသည်။ ငွေသားပြတ်လပ်ခြင်းနှင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့်လည်း စီးပွားရေးအပေါ်ဖိစီးပြီး အလုပ်သမားများနှင့် ကုန်ကြမ်းပေးသွင်းသူများကို ငွေမချေနိုင်ဖြစ်စေသည်။ ထို့အပြင် ဧပြီလအထိ ၃ လကာလအတွင်း အင်တာနက်ကိုလည်း အကြီးအကျယ် ကန့်သတ်ခဲ့သည်။
ဇွန်လက ကမ္ဘာ့ဘဏ် စစ်တမ်းတွင် ပါဝင်သည့် ကုမ္ပဏီ ၅၀၀ အနက် ၄ ပုံ ၃ ပုံက ၎င်းတို့သည် ယခင်နှစ်က ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုထက် ပိုမိုထိခိုက်ကြောင်းပြောသောကြောင့် ရန်ကုန်အခြေစိုက် ကုန်သည်ကြီးများအသင်း၏ ဧပြီလ စစ်တမ်းနှင့် ကိုက်ညီနေသည်။ စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီများ၏ ထက်ဝက်ကျော်သည် ဇွန်လတွင် ငွေစီးဆင်းမှု ပြတ်တောက်ပြီး ကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းက အဓိက ဘဏ္ဍာငွေရင်းမြစ်အဖြစ် မိသားစုများနှင့် မိတ်ဆွေများကို မှီခိုခဲ့ရသည်။ လွန်ခဲ့သောနှစ်က ထိုသို့မှီခိုရသော အတိုင်းအတာမှာ ၂၆ ရာခိုင်နှုန်းသာရှိသည်။
ဒေသတွင်း ပြဿနာပါ ဖြစ်လာ
အရှေ့တောင်အာရှအတွက် အလားတူ စိုးရိမ်စရာကောင်းသောအချက်မှာ မြန်မာ့စီးပွားရေးနှင့် ကိုဗစ် အကျပ်အတည်းသည် ဒေသတွင်းသို့ ရိုက်ခတ်လာမည့် အခြေအနေများဖြစ်သည်။
အစောပိုင်းက ပြောကြားချက်များအရ ကမ္ဘာ့ဘဏ် ဥက္ကဌ ဒေးဗစ်မယ်ပတ်စ်နှင့် အရှေ့အာရှနှင့် ပိစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ ဗစ်တိုးရီးယား ကွာကွာတို့က မြန်မာနိုင်ငံပြဿနာများနှင့်ပတ်သက်သည့် အလားအလာရှိသော သက်ရောက်မှုများကို စိုးရိမ်ကြောင်းပြောခဲ့သည်။ “မြန်မာနိုင်ငံက သီးခြားကျွန်း မဟုတ်ဘူး။ အခြားနိုင်ငံတွေကို ပျံ့နှံ့ကုန်လိမ့်မယ်။ ဒါဟာ အရမ်းကို ဂရုစိုက်စောင့်ကြည့်ရမယ့် ဒေသတွင်း ပြဿနာ ဖြစ်တယ်” ဟု ကွာကွာက Nikkei Asia သို့ ဇူလိုင်လ ၁၅ ရက်နေ့တွင်ပြောသည်။
ကျပန်းလုပ်သားများနှင့် ဆိုင်းငံ့ခံ အလုပ်သမားများကို ထည့်သွင်းတွက်ချက်ပါက အလုပ်အကိုင် ဆုံးရှုံးမှုအရေအတွက်သည် လုပ်သားအင်အားစု၏ ၄ ပုံ ၁ ပုံထက် များစွာကျော်လွန်နိုင်သည်။
မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်က အလုပ်အကိုင်အားလုံး၏ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော အလုပ်အကိုင် ၁ သန်းခန့်ဆုံးရှုံးမည်ဖြစ်ပြီး ကျန်အလုပ်သမားများမှာလည်း အလုပ်ချိန် သို့မဟုတ် လုပ်အားခ လျှော့ကျသောကြောင့် ဝင်ငွေကျဆင်းမည်ဟု ထိုအစီရင်ခံစာက ဆိုသည်။ သို့သော် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသော အခြားလွတ်လပ်သည့် စီးပွားရေး ပညာရှင်များ၏အဆိုအရ ကျပန်းလုပ်သားများနှင့် ဆိုင်းငံ့ခံ အလုပ်သမားများကို ထည့်သွင်းတွက်ချက်ပါက အလုပ်အကိုင် ဆုံးရှုံးမှုအရေအတွက်သည် ထိုထက်များစွာ ပိုမိုများပြားမည်ဖြစ်ပြီး လုပ်သားအင်အားစု၏ ၄ ပုံ ၁ ပုံထက် များစွာကျော်လွန်မည်ဖြစ်သည်။ မြန်မာတွင် အလုပ်လုပ်သောအရွယ်လူဦးရေ ၃၈ သန်းရှိသည့်အနက် လုပ်သားအင်အားစုသည် ၂၅ သန်းခန့်ရှိသည်။
ထိုအချိန်မှာပင် မေလကုန်ပိုင်းစတင်လာသော ကိုဗစ်တတိယလှိုင်းကြောင့်လည်း ရပ်တန့်လု နီးပါးဖြစ် နေသော မြန်မာ့အဓိကပို့ကုန်ဈေးကွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် အလုံးစုံရပ်တန့် သွားကာ စက်ရုံအလုပ်ရုံများ အပါအဝင် စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်စည်းမျဉ်းအကန့်အသတ် များကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးသော စီးပွားရေးလုပ်ငန်းများမှာ ပြန်၍ ရပ်နားရပြန် သည်။
ကုန်သွယ်ရေးတွင် ဇွန်လ ၃၀ ရက်အထိ ၅ လအတွင်း ၂၀၂၀ ခုနှစ်အလားတူကာလကထက် ၁၈ ရာခ်ိုင်နှုန်းကျဆင်ပြီး သွင်းကုန်မှာ ၂၆ ရာခိုင်နှုန်းကျဆင်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ သိရသည်။ သို့သော် မကြာသေးမီက ထိုင်းနှင့်တရုတ် နယ်စပ်များ ပ်ိတ်လိုက်ရသောကြောင့် သွင်းကုန်သာမက ပို့ကုန်ပါ ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်ထက် များစွာ ပိုမိုကျဆင်းနိုင်ကြောင်း UN Comtrade ၏ စာရင်းအရ သိရသည်။
မြန်မာ့ပို့ကုန်တင်ပို့မှုသည် ၂၀၂၀ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၁ ဇူလိုင် ပထမအပတ်အထိ စာရင်းများအရ ယခင်ကာလတူထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ကျပ် ၂ ဘီလီယံ နီးပါး အထိ လျော့ကျသွားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
“အရင် ဒုတိယလှိုင်းတုန်းက အွန်လိုင်းကတဆင့် လုပ်ငန်းလည်နိုင်တဲ့ အခြေအနေရှိခဲ့သေးတယ်။ အခု တတိယလှိုင်းမှာက လုပ်ငန်းက မရပ်ထားရရုံပဲ ရှိတယ်” ဟု ရန်ကုန်မြို့ရှိ အိမ်သုံးပစ္စည်း ထုတ်လုပ် ရောင်းချသည့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။
ကိုဗစ် နှင့် အာဏာသိမ်းမှုကြောင့် လူတန်းစားအလွှာအသီးသီး ဝင်ငွေလျော့ကျမှုကို ကြုံတွေ့နေရခြင်း ကြောင့် လုပ်ငန်းများဘက်မှာ ဝယ်လိုအားကျဆင်းမှုအခက်အခဲကို ရင်ဆိုင်နေရကြောင်း သူက ဆို သည်။
သူက ဆက်လက်၍ “အခု တတိယလှိုင်းမှာက ဆေးဝါးနဲ့ အစားအသောက်ပဲ လူတွေက ဝယ်စုနေ ကြရတာလေ။ တခြားဘက်ကို ဘယ်လိုလုပ်သုံးနိုင်မလဲ” ဟု ပြောဆိုသည်။
ကိန်းဂဏန်း ၂ လုံး ငွေကြေးဖေါင်းပွမှု
ကမ္ဘာဘဏ်က ခန့်မှန်းထားသည့် ၂၀၂၁ ခုနှစ်အတွက် ငွေကြေးဖေါင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းသည် ၂၀၂၀ ခုနှစ်က ၅ ဒဿမ ၈ ရာခိုင်နှုန်းထက် အနည်းငယ်သာ ပိုမိုမြင့်မားသော်လည်း မကြာသေးမီက ငွေစက္ကူသစ် ရိုက်ထုတ်မှု မြင့်မားသည့် လက္ခဏာများကြောင့် ငွေကြေးဖေါင်းပွမှုလည်း များစွာ ပိုမိုမည်ဟု မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များအဖွဲ့က ဆိုသည်။ ထိုအဖွဲ့မှ အဖွဲ့ဝင် အများအပြားသည် ယခင်အစိုးရနှင့် လက်တွဲလုပ်ကိုင်ခဲ့သူများဖြစ်သည်။ ယခုလများအတွင်း ငွေကြေး ဖေါင်းပွမှုနှုန်းသည် ကိန်းဂဏန်း ၂ လုံး ရှိနိုင်ကြောင်း ထိုစီးပွားရေးပညာရှင်များ သတိပေးထားသည်။
ဘဏ်များပြန်လည်ဖွင့်လိုက်သော်လည်း ငွေကြေးဈေးကွက်တွင် ဗဟိုဘဏ်က အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်နေခြင်း၊ ဘဏ်ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့် ရခြင်းတို့ကြောင့်ငွေသား ပြတ်လပ်မှု ဆက်လက်ဖြစ်ပေါ်နေသေးသည်။
ကမ္ဘာ့ဘဏ်ကလည်း ဇန်နဝါရီလကုန်နောက်ပိုင်း လောင်စာဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်း အထိ အလျှင်အမြန် မြင့်မားလာခြင်း၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လလယ်အတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၂၃ ရာခိုင်နှုန်း တန်ဖိုးကျသည့် မြန်မာကျပ်ငွေ အလျှင်အမြန် အားပျော့လာခြင်းနှင့် အထူးသဖြင့် နယ်စပ်ဒေသများတွင် အစားအသောက် ရှားပါးလာခြင်းနှင့် လုံခြုံရေး စိုးရိမ်မှုများစသည်တို့ကို ပြောဆိုသည်။
ဘဏ်များပြန်လည်ဖွင့်လိုက်သော်လည်း ငွေကြေးဈေးကွက်တွင် ဗဟိုဘဏ်က အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်နေခြင်း၊ ဘဏ်လုပ်ငန်းနှင့်ပေးချေရေး ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့် ရခြင်းတို့ကြောင့်ငွေသား ပြတ်လပ်မှု ဆက်လက်ဖြစ်ပေါ်နေသေးသည်။ ဇူလိုင်လ ၂၆ ရက်နေ့တွင် အမေရိကန် တဒေါ်လာလျှင် ၁၆၄၄ ကျပ်အထိ မြန်မာငွေအားပျော့ခြင်းနှင့် ကုန်သွယ်ရေး ပြတ်တောက်ခြင်းသည် လောင်စာနှင့် အခြားသွင်းကုန် ဈေးနှုန်းများကို ပိုမိုမြင့်မားစေသည်။
စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းရှင် တဦးက “ဒေါ်လာဈေးက ချက်ချင်းခုန်တက်သွားတယ်၊ ဒါ့အပြင် ပြည်ပက သွင်းနေရတဲ့ ဥပမာ- သံမဏိတို့ ကြေးနီတို့ကလည်း ပြည်ပဈေးကွက်မှာကို ဈေးတက် သွားတာ အဲဒီတော့ လုပ်ငန်းရှင်တွေဘက်မှာက ငွေလဲလှယ်နှုန်းနဲ့ ကုန်ကြမ်းဈေးတက်တော့ ကုန်ကျစရိတ်က တော်တော်တက်သွားပြီ၊ ဒါပေမဲ့ ဈေးကွက်မှာက ဝယ်လိုအားမရှိဘူး။ အဲဒီမှာ လုပ်ငန်းကို လျှော့ရတာတွေ ရပ်ရတာတွေ ဖြစ်ကုန်ရောလေ ” ပြောသည်။
ယခုကာလအတွင်းတွင် စီးပွားရေးလုပ်ငန်း ရင်ဆိုင်နေရသော ကြီးမားသည့် အခက်အခဲမှာ အမေရိကန် ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်းနှင့် ဘဏ်များတွင် အပ်နှံထားသော လုပ်ငန်းငွေများကို အလွယ်တကူ ထုတ်ယူ၍ မရသောကြောင့် ငွေအကျပ်အတည်းဖြစ်မှုကို အဓိက ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိလုပ်ငန်းရှင်အသင်း UMFCCI ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးက ဆိုသည်။
သူက ဆက်လက်၍ “ကျနော်တို့ စိုးရိမ်တာက လုပ်ငန်းရှင်တွေထက် လုပ်ငန်းတွေရပ်သွားမှာ၊ ပြုတ်သွားမှာကို ပိုစိုးရိမ်တယ်။ လုပ်ငန်းတွေရပ်သွားရင် အလုပ်လက်မဲ့တွေများလာမှာ အဲဒီလိုဆိုရင် Income(ဝင်ငွေ) တွေကျမယ်၊ Demand(ဝယ်လိုအား)ကျမယ်ဆိုရင် ကျနော်တို့ Macroeconomics (နိုင်ငံအဆင့်စီးပွားရေးအခြေအနေ) တခုလုံး ထိခိုက်ပြီ ” ဟု ပြောဆိုသည်။
၂ ဆ တက်မည့် ဆင်းရဲမွဲတေမှုနှုန်း
လတ်တလော တိုင်းပြည်စီးပွားရေးအခြေအနေများအရ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် အထိအခိုက်ဆုံးဖြစ်မည်ဖြစ်ပြီး ဝယ်လိုအားကျဆင်းမှု၊ ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းနှင့် သစ်တောကဏ္ဍ တို့လည်း ထိခိုက်မှု ကြီးမားနိုင်ပြီး ပြည်တွင်းစားသုံးှုအတွက် ထုတ်လုပ်သော လယ်ယာသားငါးကဏ္ဍ တခုသာ အခြေအနေ အနည်းငယ်ကောင်းနိုင်မည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ဆင်းရဲနွမ်းပါးမှုသည့် လူဦးရေသည်လည်း လာမည့် ၂၀၂၂ ခုနှစ်တွင်အစောပိုင်းတွင် နှစ်ဆအထိ မြင့်တက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
သို့သော်လည်း ကိုဗစ် ပထမလှိုင်း နှင့် ဒုတိယလှိုင်းတွင် နိုင်ငံတကာဈေးကွက်မှ ဝယ်လိုအားမြင့်တက်ခဲ့၍ အခြေအနေကောင်းနေခဲ့သော လယ်ယာသားငါးကဏ္ဍသည်ပင် ယခုတွင် ကောက်ပဲသီးနှံများ၏ လက်ကားဈေးနှုန်းများ ထိုးကျသွားခြင်း၊ သွင်းကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ချေးငွေရရှိရန် အခက်အခဲများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ထောက်ပြထားသည်။
ထို့အပြင် အစိုးရ တင်ဒါလုပ်ငန်းများ ရပ်တန့် နေခြင်း နှင့် ပြည်ပမှ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေ ခြင်းကြောင့်လည်း အခြေခံအလုပ်သမား သိန်းနှင့်ချီ အလုပ်လုပ်ကိုင်နေကြသော ဆောက်လုပ်ရေး ကဏ္ဍသည်လည်း ၉၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများရပ်ဆိုင်းနေလျက်ရှိသည်။
ထိုအခါ ဆင်းရဲနွမ်းပါးမှုသည့် လူဦးရေသည်လည်း လာမည့် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် နှစ်ဆအထိ မြင့်တက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
“မြို့မှာက ငတ်နိုင်တယ်၊ တောမှာက မငတ်ဘူးဆိုတော့ မြို့ ပြကနေ နယ်ဘက်ကိုပြန်ပြီး လုပ်သား ပြောင်းရွှေ့မှုတွေ ဖြစ်လာနိုင်တယ်။ လူတွေက ဝင်ငွေကမရှိဘူး၊ အလုပ်အကိုင်ကလည်း မကောင်းရင် ပုံမှန် ဝင်ငွေမရှိဘဲနဲ့ မစား၊ မသုံးဘဲလည်း နေလို့မရဘူးဆိုတော့ ရရာနည်းနဲ့ ရှာကြံစားသုံးလာကြရင် ရာဇဝတ်မှုတွေ ထူပြောဖို့ပဲ ရှိတယ်” ဟု ရန်ကုန်မြို့က စီးပွားရေးပညာရှင်က ပြောဆိုသည်။
You may also like these stories:
ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်
ကျပ်ငွေတန်ဖိုး ကျဆင်းမှု ထိန်းရန် ဗဟိုဘဏ် ၆ လအတွင်း ဒေါ်လာသန်း ၉၀ နီးပါး ထုတ်ရောင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ
တယ်လီနောမြန်မာက သုံးစွဲသူများ၏ အချက်အလက်များ လက်လွှဲရောင်းချမှု ကန့်ကွက်ခံနေရ
ကိုဗစ်၊ အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်းတွေကြား အသက်ရှူကျပ်သူများ