စီမံကိန်း ၂၁ ခုအတွက် မြန်မာအစိုးရသို့ တရုတ်နိုင်ငံက ဒေါ်လာ ၆ သန်း လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရကို ဖြုတ်ချသည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်သည့် လက္ခဏာဖြစ်သည်။
ဒီမိုကရေစီကို အမြစ်ဖြတ်ခြင်း၊ အတိုက်အခံများကို သတ်ဖြတ်ထောင်ချခြင်းတို့ကို ရှုတ်ချသည့် အနောက်နိုင်ငံများနှင်မတူဘဲ တရုတ်နိုင်ငံသည် ပိုမိုပျော့ပျောင်းသည့် လမ်းကြောင်းကိုယူကာ ၎င်းတို့နိုင်ငံသည် တည်ငြိမ်ရေးကို ဦးစားပေးပြီး အိမ်နီးချင်းနိုင်ငံကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းပြောသည်။
ထိုငွေများကို တရုတ်က မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းမှ စီမံကိန်းများအတွက် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကြေညာချက်က ဆိုသည်။ ထိုစီမံကိန်းများတွင် တိရိစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနှင့် သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးတို့ပါဝင်ကြောင်း ထိုကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နှင့် သဘောတူညီချက်တစောင်ကို တနင်္လာနေ့က လက်မှတ်ရေးထိုးကြောင်း ထိုကြေညာချက်တွင်ဖေါ်ပြသည်။ ထိုသို့လက်မှတ်ရေးထိုးခြင်းကို တရုတ်သံရုံး Facebook စာမျက်နှာကလည်း အတည်ပြုသည်။
မြန်မာစစ်ကောင်စီကို ဆန့်ကျင်သူများက တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချဖမ်းဆီးသည့် စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း စွပ်စွဲထားသည်။ ဘေ့ဂျင်းက ထိုစွပ်စွဲချက်ကို ပယ်ချပြီး ထိုအကျပ်အတည်းအတွက် ဒေသတွင်းသံတမန်ရေးကို ထောက်ခံကြောင်းပြောသည်။
အနောက်န်ိုင်ငံများသည် မြန်မာသို့ အရေးပေါ်အကူအညီများပေးနေဆဲဖြစ်သည်။ ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်မားလာခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနေသည့် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များအတွက် ဒေါ်လာ သန်း ၅၀ ထောက်ပံ့မည်ဟု ဝါရှင်တန်က အင်္ဂါနေ့တွင်ကြေညာသည်။
န်ိုင်ငံကိုဖြတ်ကျော်သော ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်နှင့် စီစဉ်ထားသော စီးပွားရေးဇုန်များ၊ အဓိကကျသည့် ဆိပ်ကမ်းစီမံကိန်းတခုတို့နှင့် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် တရုတ်သြဇာကြီးထွားလာနေသည်။
ကိုးကား။ ။ Reuters
You may also like these stories:
ကိုဗစ်ကြောင့် တရုတ် – မြန်မာ နယ်စပ်ဂိတ်အားလုံး ယာယီပိတ်
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်
ကျပ်ငွေတန်ဖိုး ကျဆင်းမှု ထိန်းရန် ဗဟိုဘဏ် ၆ လအတွင်း ဒေါ်လာသန်း ၉၀ နီးပါး ထုတ်ရောင်း
မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို