ဂျပန်နိုင်ငံမှ Kirin Holdings ကဲ့သို့ မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် ပြည်ပစီးပွားရေးလုပ်ငန်းများသည် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားလာသည့် မရေရာသောဈေးကွက်အခြေအနေတွင် အရှုံးပြနေကြသည်။
Kirin Holdings သည် မြန်မာနိုင်ငံမှ ဘီယာထုတ်လုပ်ရေးလုပ်ငန်းကြောင့် ဇန်နဝါရီမှ ဇွန်လအထိ ၆ လတာကာလအတွင်း တန်ဖိုးဆုံးရှုံးမှု ယန်း ၂၁ ဒဿမ ၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၃ သန်း) ပြခဲ့ကြောင်း အင်္ဂါနေ့တွင် သိရသည်။
ထိုဆုံးရှုံးမှုသည် လုပ်ငန်းလည်ပတ်မှု ပတ်ဝန်းကျင်မရေရာမှု အဆင့်မြင့်မားခြင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖြစ်ပွားသော အာဏာသိမ်းမှုက ဖြစ်လာသည့် မငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံအခြေအနေများ နိုင်ငံအဆင့် အန္တရာယ်ကြောင့်ဖြစ်ကြောင်း ထိုအဖျော်ယမကာလုပ်ငန်းက ကြေညာချက်တစောင်တွင်ဖေါ်ပြထားသည်။
Kirin သည် ဘီယာကုမ္ပဏီနှစ်ခုဖြစ်သော မြန်မာဘီယာလုပ်ငန်းနှင့် မန္တလေးဘီယာလုပ်ငန်းတို့တွင် ၅၁ ရာခိုင်နှုန်းစီ ပိုင်သည်။ ထိုကုမ္ပဏီများ၏ ကျန်အစိတ်အပိုင်းများကို မြန်မာစစ်တပ် သက်သာချောင်ချိရေး ရန်ပုံငွေ လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်က ပိုင်သည်။ မြန်မာ့စီးပွားရေးဦးပိုင်သည် ထိပ်တန်းစစ်အရာရှိများ၊ စစ်တပ်နှင့်ပတ်သက်သည့် ကုမ္ပဏီများနှင့်အတူ အမေရိကန် ပြည်ထောင်စုနှင့်အခြားနိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို ခံနေရသည်။
နိုင်ငံသားများက စစ်အာဏသိမ်းမှုကို ဆန့်ကျင်သောကြောင့် မြန်မာဘီယာသည် သပိတ်မှောက်ခံနေရပြီး စားသောက်ဆိုင်အများအပြားက ထိုကုန်အမှတ်တံဆိပ်ကို ရောင်းချခြင်း မပြုကြပေ။ ဆန္ဒပြသူများကို စစ်ကောင်စီတပ်များက နှိမ်နင်းခြင်းနှင့် ကိုဗစ်နိုင်တင်း ကူးစက်ခြင်းကြောင့် ယခုနှစ် ပထမ ၆ လအတွင်း ရောင်းချရငွေသည် ကျပ် ၁၅၂ ဘီလီယံ (ဒေါ်လာ ၉၂ ဒဿမ ၃ သန်း) သို့မဟုတ် ယခင်နှစ်ကထက် ၂၈ ရာခိုင်နှုန်းကျဆင်းသွားသည်။
မြန်မာဘီယာလုပ်ငန်းသည် ဒီဇင်လာလတွင် ကုန်ဆုံးမည့် ယခုနှစ်အတွက် ဝင်ငွေခန့်မှန်းချက်ကို ကျပ် ၄၈၉ ဘီလီယံမှ ကျပ် ၂၉၀ ဘီလီယံသို့ ပြင်ဆင်သတ်မှတ်လိုက်ရသည်။ ပုံမှန်လုပ်ငန်းအမြတ်အစွန်းကိုလည်း ကျပ် ၂၀၂ ဘီလီယံမှ ကျပ် ၈၇ ဘီလီယံသို့ ပြင်ဆင်သတ်မှတ်ရသည်။
၎င်းတို့တွင် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဖက်စပ်လုပ်ငန်းကို ရပ်စဲလိုက်ရုံမှအပ အခြားရွေးစရာမရှိတော့ကြောင်းနှင့် တိုးတက်မှုများရရှိကြောင်း Kirin က သောကြာနေ့တွင်ကြေညာသည်။ Kirin က မြန်မာ့စီးပွားရေး ဦးပိုင်၏ ရှယ်ယာများကို Kirin သို့ရောင်းရန် သို့မဟုတ် စစ်တပ်နှင့်ပတ်သက်ခြင်း မရှိသည့် ပြည်တွင်း ကုမ္ပဏီများသို့ရောင်းချရန် မြန်မာစီးပွားရေးဦးပိုင်သို့ပြောရန် စီစဉ်ထားသော်လည်း တရားဝင် ဆွေးနွေးရခြင်း မရှိသေးကြောင်း ထိုကိစ္စများတွင် ပတ်သက်နေသည့် Kirin မှ ပုဂ္ဂိုလ်တဦးပြောသည်။
“အခုလောလောဆယ် မြန်မာနိုင်ငံကနေ ထွက်သွားဖို့ မစဉ်းစားသေးဘူး။ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဖက်စပ်လုပ်ငန်းကို ရပ်စဲဖို့ ဆွေးနွေးနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကိုဗစ်နိုင်တင်းအခြေအနေကြောင့် ရှေ့ဆက်ဖို့ ခက်ခဲနေတယ်” ဟု Kirin မှ အဆင့်မြင့်အမှုဆောင် အရာရှိ တိုရူယိုရှီမူရာက အင်္ဂါနေ့က အွန်လိုင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
Kirin သည် ပြည်တွင်းဝယ်လိုအား အနာဂတ်တွင် ကြီးထွားလာမည်ဟု ခန့်မှန်းပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ကသည်။ မြန်မာနိုင်ငံမှ ၎င်း၏ စီးပွားရေးလုပ်ငန်းသည် နိုင်ငံခြားဈေးကွက်တွင် လုပ်ငန်းတိုးချဲ့ခြင်းအတွက် အရေးပါသော ထောက်တိုင်ဖြစ်ခဲ့သည်။ မြန်မာ ဈေးကွက်သည် နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သော်လည်း ၂၀၂၀ ခုနှစ်ဒီဇင်လာလတွင် ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် အမြတ်ငွေ ယန်း ၁၃.၈ ဘီလီယံသည် Kirin ၏ စုစုပေါင်းဝင်ငွေ၏ ၉ ရာခိုင်နှုန်းရှိသည်။
နော်ဝေးဆက်သွယ်ရေးလုပ်ငန်း တယ်လီနောသည် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွင်း ၎င်း၏ မြန်မာနိုင်ငံ လုပ်ငန်းအတွက် ခရိုနာ ၆.၅ ဘီလီယံ (ဒေါ်လာ ၇၈၂ သန်း) အရှုံးပေါ်ခဲ့ကြောင်း ယခင်ကပြောကြားခဲ့သည်။ ဇူလိုင်လသို့ရောက်သောအခါ ဆယ်သွယ်ရေးလုပ်ငန်းများအတွက် အခြေအနေသည် ဆိုးရွားလာပြီး တယ်လီနောက မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို M1 အုပ်စုသို့ ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်
မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ
မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို