အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ၏ ဘတ်ဂျက်လိုငွေအတွက် ငွေစက္ကူအသစ် ရိုက်ထုတ်ရန် မရှိသေးကြောင်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒု ဥက္ကဋ္ဌ ဦးဝင်းသော်က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် အများပြည်သူ စိုးရိမ်နေသလို လာမည့်အပတ် ရုံးဖွင့်ရက်တွင်လည်း ငွေစက္ကူအသစ်များ ထွက်လာစရာ မရှိကြောင်းနှင့် မည့်သည် ပုဂ္ဂလိကဘဏ်များလည်း ပိတ်သိမ်းရန်လည်း မရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ကိုဗစ် တတိယလှိုင်း ကူးစက်မှု မြင့်တက်နေမှုကို ထိန်းချုပ်ရန် ဘဏ်လုပ်ငန်းများ အပါအဝင် အစိုးရ၊ ပုဂ္ဂလိက ရုံးလုပ်ငန်းများကို ဩဂုတ်လ ၂၂ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားသည်။
ဦးဝင်းသော်က “အခုက စီးပွားရေး လုပ်ငန်းတွေလည်း တော်တော်လေး ကျဆင်းနေတဲ့အချိန်မှာ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးဘဲနဲ့ ဘတ်ဂျက်တွေ လျှော့တာရှိတယ်။ အစိုးရဆိုတာက လိုအပ်ရင်တော့ ရိုက်မှာပေါ့။ ဒါပေမယ့် လိုတိုင်း ပိုက်ဆံ ရိုက်ထုတ်မယ် ဆိုတာကြီးက အဓိပ္ပာယ် မရှိဘူးလေ” ဟု ပြောဆိုသည်။
ငွေစက္ကူအသစ် ရိုက်ထုတ်မည်ဆိုခြင်းနှင့် နာမည်ကြီး ပုဂ္ဂလိကဘဏ်တခုခုကို ဗဟိုဘဏ်က ပိတ်သိမ်းတော့မည့် ကောလဟလသတင်းများကြောင့် အမေရိကန်ဒေါ်လာဈေးနှင့် ပြည်တွင်းရွှေဈေးနှုန်းများသည် ယခုရက်ပိုင်းအတွင်း ရုတ်တရက် ဈေးနှုန်း မြင့်တက်လာလျက်ရှိသည်။
ယင်းပြင် ကိုဗစ်တတိယလှိုင်းကြောင့်လည်း ပြည်တွင်း ပို့ကုန်ဈေးကွက်ဖြစ်သော တရုတ်နယ်စပ် ဈေးကွက် ပိတ်ထားရချိန်တွင် ပြည်တွင်း၌ လိုအပ်ချက်မြင့်တက်လာသော ဆေးဝါးများနှင့် အောက်ဆီဂျင်ဗူးများကို ပြည်ပမှ တင်သွင်းနေရသည့် အတွက်လည်း အမေရိကန်ဒေါ်လာသည် ဝယ်လိုအား များနေ၍ ဈေးနှုန်း မြင့်တက်နေသည်။
ထိုအခြေအနေများကြောင့် ဩဂုတ် ၁၆ ရက်က အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တဒေါ်လာကို ကျပ် ၁၈၀၀ ဝန်းကျင်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့ပြီး ပြည်တွင်းအခေါက်ရွှေ ဈေးနှုန်းသည်လည်း တကျပ်သား ကျပ် ၁၇ သိန်း ဝန်းကျင်အထိ ဈေးတက်ခဲ့သည်။
ဩဂုတ် ၁၇ ရက်နေ့တွင် တရားမဝင်ဖွင့်လှစ်ထားသော ငွေလဲကောင်တာများနှင့် ဒေါ်လာဈေးနှုန်း ဈေးတင်ရောင်းချနေ သော ငွေလဲကောင်တာ တချို့ကို ဗဟိုဘဏ် ညွှန်ကြားမှုကြောင့် ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီးမှု ရှိ၍ အမေရိဒေါ်လာ ဈေးနှုန်းသည် တဒေါ်လာလျှင် ကျပ် ၁၆၆၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့သည်။
သြဂုတ်လ ၁၈ ရက် မနက်ပိုင်းတွင်မူ ပြင်ပဈေးကွက်၌ ၁၇၆၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်နေသည်။ ရွှေဈေးမှာမူ ၁၆ သိန်း ၄ သောင်း ဝန်းကျင်ဈေးတွင် ရှိနေသည်။
ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်က “ဗဟိုဘဏ်ဘက်က လာမယ့် ရုံးဖွင့်ရက်မှာ ပြည်ပကနေ အဓိကက တင်သွင်းနေရတဲ့ ဆေးဝါးတွေ အောက်ဆီဂျင်တွေ၊ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းသူတွေအတွက် ဒေါ်လာ ထုတ်ရောင်းပေးသွားဖို့ ရှိတယ်” ဟု ပြောသည်။
ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ဩဂုတ်လ ၁၇ ရက်က ဒေါ်လာဈေး ပြန်ကျလာခြင်းကြောင့် ဈေးနှုန်းပြန်ကျဆင်းလာခဲ့ပြီး တကျပ်သားကို ကျပ် ၁၆ သိန်း ၅ သောင်း ဝန်းကျင်ဖြင့် ဈေးနှုန်း ပုံမှန်ပြန် ဖြစ်သွားကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ရွှေကတော့ အရောင်းအဝယ် သိပ်မဖြစ်ပါဘူး။ ဒေါ်လာဈေးတက်တာနဲ့ ကမာ္ဘ့ရွှေဈေးနှုန်း လိုက်တက်တော့ ရွှေပါ ဈေးလိုက်တက်သွားတာ” ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်းနှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေသား ထုတ်ယူနိုင်မှု အခက်အခဲများကြောင့် အများပြည်သူများသည် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာ၍ ကောလဟလ သတင်းတခုခု ထွက်ပေါ်လာပါက အမေရိကန်ဒေါ်လာနှင့် အခေါက်ရွှေများ ဝယ်လိုအား မြင့်တက်ပြီး ဈေးနှုန်းမှာလည်း ရုတ်တရက် မြင့်တက်လေ့ ရှိသည်။
အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်ပြီး မြန်မာငွေကျပ်တန်ဖိုးသည် ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဗဟိုဘဏ်ကလည်း ယခု ၆ လကျော်အတွင်း၌ ပြည်တွင်း ပုဂ္ဂလိကဘဏ်များကို လေလံစနစ်ဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ထုတ်ရောင်းနေရသည်။
You may also like these stories:
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ
အမေရိကန်ဒေါ်လာဈေး ကျပ် ၁၇၃၀ ကျော်အထိ စံချိန်တင်မြင့်တက်