ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေသည် ဒေါ်လာနှင့်နှိုင်းယှဉ်သောအခါ အားပျော့နေသောကြောင့် ဗဟိုဘဏ်သည် ကျပ်ငွေလဲလှယ်နှုန်း ဝင်ရောက်သတ်မှတ်ခြင်းကို ပြန်လည်ကျင့်သုံးပြီး ဘဏ္ဍာရေးကိစ္စများကို စစ်ကောင်စီ၏ ထိန်းချုပ်မှု ပိုမိုတင်းကျပ်လ်ိုက်သည်။
နိုင်ငံပိုင်သတင်းစာ၏အဆိုအရ မြန်မာဗဟိုဘဏ်သည် သြဂုတ်လ ၃ ရက်နေ့တွင် အွန်လိုင်းအစည်းအဝေးကျင်းပပြီး ဘဏ်များနှင့် ငွေလဲလှယ်သူများသည် ကျပ်နှင့် ဒေါ်လာ ငွေလဲနှုန်းကို ဗဟိုဘဏ်က ချမှတ်သည့် နှုန်း၏ ၀.၈ ရာခိုင်နှုန်းအတွင်း ထိန်းထားရမည့် လုပ်ထုံးလုပ်နည်းသည် ငွေလဲနှုန်း တည်ငြိမ်စေရန်နှင့် ကိုဗစ်နိုင်တင်းဖြစ်ပွားစဉ်အတွင်း ကုန်ပစ္စည်းဈေးနှုန်းများ မတက်စေရန်ဖြစ်ကြောင်း ဒုဥက္ကဌ ဦးဝင်းသော်က ပြောသည်။ ဗဟိုဘဏ်သည် ထိုကိစ္စအတွက် နိုင်ငံခြားဘဏ်များအပါအင် ပုဂ္ဂလိက ဘဏ်များ၏ သဘောတူညီချက်ရပြီးဖြစ်ကြောင်းလည်း ထိုသတင်းစာက ဆိုသည်။
ထိုသို့ရောင်းချနှုန်း သတ်မှတ်ခြင်းအပြင် နိုင်ငံခြားငွေထိန်းချုပ်မှုသစ်တွင် အခြားသောထောက်တိုင်တခုလည်း ပါဝင်သည်။ ပုဂ္ဂလိက ဘဏ်များတွင် အမှန်တကယ်ငွေကြေးရောင်းဝယ်မှုအပေါ် အခြေခံတွက်ချက်သည့် ရည်ညွှန်းငွေလဲနှုန်းကို ဗဟိုဘဏ်က န်ိုင်ငံခြားငွေဈေးကွက်တွင် ဝင်ရောက်စွက်ဖက်သည့် အနေဖြင့် သတ်မှတ်ပေးသည်။ ထိုနည်းဖြင့် ဗဟိုဘဏ်သည် ဈေးကွက်ပေါက်ဈေးကို ဂရုမစိုက်ဘဲ ရည်ညွှန်းငွေလဲနှုန်းကို လိုသလို သတ်မှတ်နိုင်မည်ဖြစ်သည်။
သို့သော် ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကုန်ခန်းလာနေသော နိုင်ငံခြားဝင်ငွေအပေါ် ပူပန်မှုတိုးလာသောကြောင့် ဈေးကွက်အတွင်း မြန်မာငွေကြေးတန်ဖိုး ကျဆင်းခြင်းအား ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်မရပေ။ နိုင်ငံခြားငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းသည် သတ်မှတ်ငွေလဲနှုန်းနှင့် ပကတိအခြေအနေကို ထင်ဟပ်သည့် ဈေးကွက်ပေါက်ဈေးနှုန်း အကြား ကွာဟမှုကို ပိုမိုကြီးမားစေပြီး တရားဝင်ရောင်းဝယ်မှုကို ဟန့်တားကာ မှောင်ခိုဈေးကွက်ကို အားပေးမည်ကိုလည်း ယခုအခါ စိုးရိမ်နေရသည်။
သြဂုတ်လ ၁၃ ရက်နေ့က ကျပ်ငွေနှင့်ဒေါ်လာ ရည်ညွှန်းလဲလှယ်နှုန်းသည် တဒေါ်လာလျှင် ၁၆၅၀ ဖြစ်သော်လည်း နောက်တနေ့တွင် ဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုးမှာ တဒေါ်လာလျှင် ၁၇၂၀ ကျပ်မှ ၁၇၆၀ ကျပ်အထိ ကျဆင်းသွားသည်။ ငွေလဲလှယ်သူများသည် ၎င်းတို့ရောင်းဝယ်သည့် နှုန်းများကို ပြသခြင်းမပြုတော့ဘဲ လုပ်ထုံးလုပ်နည်းများကို ဖုန်းဖြင့်ဖြစ်စေ အခြားနည်းများဖြင့်ဖြစ်စေ ရှောင်ရှားကြသည်။ ပြီးခဲ့သောအပတ်အစောပိုင်းမှ စတင်ပြီး ရန်ကုန်ရှိငွေလဲလှယ်သူများကို ဒေါ်လာများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့သည်။
ပိုမိုတင်းကျပ်လာသော လုပ်ထုံးလုပ်နည်းများကြောင့် ဘဏ်များသည် သတ်မှတ်နှုန်းထားအတွင်းတွင်သာ လုပ်ကိုင်နိုင်ပြီး အကြီးအကျယ်ထိခိုက်သည်။ “ဈေးကွက်ထဲမှာထက် ပိုမိုအားပျော့တဲ့ ငွေလဲနှုန်းနဲ့ဆို သူတို့ရဲ့ ဒေါ်လာတွေကို ထုတ်ရောင်းမယ့်သူက ပိုနည်းသွားပြီး ဘဏ်တွေမှာငွေကြေးရောင်းဝယ်မှုက လုပ်လို့ မရတော့ဘူး” ဟု နိုင်ငံခြားဘဏ်တခုတွင် လုပ်ကိုင်သူတဦးပြောသည်။ “တချို့နိုင်ငံခြားကုမ္ပဏီတွေက ဒေါ်လာဝယ်လို့ မရမှာကို စိုးရိမ်ပြီး နိုင်ငံကနေ ထွက်သွားဖို့ စဉ်းစားနေကြပြီ” ဟုလည်း သူပြောသည်။
တင်သွင်းသူများသည် ၎င်းတို့ရရှိသော ကျပ်ငွေအမြတ်များ၏ တစိတ်တပိုင်းကို ပြည်ပမှ တင်ပို့သူထံပေးရန် ဒေါ်လာသို့ လဲလှယ်ရသည်။ ၎င်းတို့သည် ၎င်းတို့၏ငွေကို ဘဏ်များတွင် ဒေါ်လာဖြင့် မလဲလှယ်နိုင်တော့ပါက ၎င်းတို့သည် အချိန်မီ ပေးချေနိုင်တော့မည်မဟုတ် သို့မဟုတ် အကြွေးမပေးဆပ်နိုင်သည်အထိ ဖြစ်နိုင်သည်။
ဖေဖေါ်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်အချင်းချင်းရောင်းဝယ်သော ဈေးကွက်သည် စနစ်တကျ လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။ ဘဏ်များသည် ဒေါ်လာဝယ်ယူရန် အခက်အခဲများ ရင်ဆိုင်ပြီး ဖေါက်သည်များထံမှ ငွေကြေးရောင်းဝယ်မှု အမှာများကို လုပ်ဆောင်ပေးနိုင်ခြင်း မရှိတော့ပေ။ ဇန်နဝါရီလအတွင်းက ဘဏ်များအချင်းချင်း ဒေါ်လာရောင်းဝယ်မှု တနေ့လျှင် ပျမ်းမျှ ဒေါ်လာ ၂၀ ဒဿမ ၃ သန်းဖိုး ရှိသော်လည်း ဇူလိုင်လသို့ရောက်သောအခါ တနေ့လျှင် ဒေါ်လာ ၃ ဒဿမ ၆ သန်းသာ ရောင်းဝယ်နိုင်တော့သည်။
မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုနှုန်းကို အဟန့်အတားဖြစ်စေသည့် ငွေလဲလှယ်နှုန်းအမျိုးမျိုးထားသော စနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလက ဖျက်သိမ်းခဲ့ပြီး ငွေဈေးအတက်အကျကို အတိုင်းအတာတခုအထိ ကန့်သတ်ထားနိုင်သည့် ထိန်းချုပ်နှုန်းရှင်စနစ်ကို ကျင့်သုံးသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၆ ခုနှစ်တွင် ငွေကြေးရောင်းဝယ်မှုများကို လွတ်လပ်ခွင့်ပေးသည်။ ထိုအစိုးရသည် ၂၀၁၇ ခုနှစ်သို့ရောက်သောအခါ ငွေကြေး ရောင်းဝယ်မှုကို ရည်ညွှန်းငွေလဲနှုန်းမှ ၀.၈ ရာခိုင်နှုန်းအတွင်း ကန့်သတ်သည့် ရောင်းဝယ်မှုနှုန်း စနစ်ကို ဖျက်သိမ်းပြီး ၂၀၁၈ ခုနှစ်သြဂုတ်လတွင် ထိုသို့လုပ်ဆောင်ခြင်းကို တရားဝင်ကြေညာသည်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလသို့ ရောက်သောအခါ ထိုအစိုးရသည် ရည်ညွှန်းငွေလဲနှုန်းကို ဘဏ်များတွင် အမှန်တကယ် ငွေကြေးရောင်းဝယ်မှုအပေါ် အခြေခံတွက်ချက်သည့် နည်းလမ်းကိုကျင့်သုံးပြီး ရည်ညွှန်းငွေလဲနှုန်းသည် ဈေးကွက်ပေါက်ဈေးကို ထင်ဟပ်အောင် လုပ်ဆောင်သည်။
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းပြီးနောက် ၎င်း၏ဘဏ္ဍာရေးစနစ်ကို ခေတ်မီအောင်ပြုလုပ်ခဲ့သော်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင် ဖရိုဖရဲ အခြေအနေများအတွင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းထိန်းချုပ်ခြင်းအပြင် ယခင်ပြုပြင်ပြောင်းလဲမှုများကို ပြောင်းပြန်လှန်ပစ်လိုက်သည့် အခြားလုပ်ရပ်များကိုလည်း လုပ်နေသည်။
ဗဟိုဘဏ်သည် သြဂုတ်လ ၂ ရက်နေ့ကလည်း ပုဂ္ဂလိက ဘဏ်များတွင် နိုင်ငံခြားသာဝန်ထမ်း ခန့်ထားမှုကို ကန့်သတ်သည့် အမိန့်ကိုလည်း ထုတ်သည်။ ဘဏ်တခုလျှင် နိုင်ငံခြားသားဝန်ထမ်း အများဆုံး ၂၅ ဦးသာ ခန့်ထားခွင့်ပြုပြီး ဘဏ်များအနေဖြင့် အာဏာပိုင်များထံမှ ကြိုတင်ခွင့်ပြုချက်တောင်းခံရန်လည်း လိုအပ်သည်ဟု ထိုအမိန့်ကဆိုသည်။ ဘဏ်များသည် ၎င်းတို့၏ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ခေတ်မီရေး အထောက်အကူဖြစ်စေရန် ကျွမ်းကျင်သော နိုင်ငံခြားသားများကို တက်တက်ကြွကြွ ဖိတ်ခေါ်ကြရသော်လည်း ထိုကိစ္စသည် အနာဂတ်တွင် ခက်ခဲသွားပြီဖြစ်သည်။
(Nikkei Asia ၏ Myanmar tightens grip on forex rates to combat kyat slippage ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ
အမေရိကန်ဒေါ်လာဈေး ကျပ် ၁၇၃၀ ကျော်အထိ စံချိန်တင်မြင့်တက်
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ