ကိုဗစ် ၁၉ နှင့် အာဏာသိမ်းမှု အကျိုးဆက်များကြောင့် အခွန်ငွေ ကောက်ခံမှုနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ငွေကြေး ထောက်ပံ့မှုများ လျော့ကျနေ၍ လိုငွေပြလာသော ဘဏ္ဍာရေးအခြေအနေကို စစ်ကောင်စီက ငွေစက္ကူအသစ်များ ရိုက်နှိပ်ကာ ဖြည့်တင်းလျက် ရှိနေသည်။
ငွေစက္ကူအသစ်များ ရိုက်နှိပ်ပြီး ဘဏ္ဍာငွေ ဖြည့်တင်းခြင်းကို စစ်ကောင်၏ လက်အောက်ခံ ဗဟိုဘဏ်က တရားဝင်ထုတ် ကြေညာခြင်း မရှိသော်လည်း ယခု သီတင်းပတ်အစ ဩဂုတ်လ ၃၀ ရက် (လစာထုတ်ရက်) မှ စတင်ကာ ငွေစက္ကူ အသစ်များသည် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှတဆင့် အများပြည်သူလက်ထဲသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။
“အခွန်ကောက်လို့လည်း သိပ်မရဘူး၊ ထီလက်မှတ် ရောင်းတာလည်း မရောင်းရဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း မဝင်ဘူး။ အကူအညီတွေလည်း မရဘူး ဆိုတော့ ငွေစက္ကူအသစ် ရိုက်ထုတ်ပြီးပဲ သူ့အသုံးစရိတ်အတွက် ကျားကန်ရမှာပဲ ” ဟု စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တို့တွင် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှုကို ဗဟိုဘဏ်မှ တိုက်ရိုက်ဖြည့်တင်းခြင်း (ငွေစက္ကူရိုက်ထုတ်ခြင်း) အစား ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ ရောင်းချပြီးမှသာ လိုအပ်သည့်ဘဏ္ဍာငွေကိုသာ ဗဟိုဘဏ်က ဖြည့်ဆည်းခြင်း နည်းလမ်းကို အသုံးပြုခဲ့ကြကြောင်း ၎င်းက ဆိုသည်။
NLD အစိုးရလက်ထက်တွင် ယခင်က ဘတ်ဂျက်လိုငွေက ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ဖြည့်ဆည်းသည့် နည်းလမ်းကို လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များကို တိုးရောင်းခြင်းနှင့် အခြားသော နည်းလမ်းဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းခဲ့ပြီး လိုငွေ၏ ၃၀ ရာခိုင်နှုန်းခန့်သာကို ဗဟိုဘဏ်က ငွေစက္ကူ အသစ်ရိုက်ထုတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။
လက်ရှိ ဘဏ္ဍာငွေ အကျပ်အတည်း ဖြစ်နေသော စစ်ကောင်စီအနေဖြင့် ဘတ်ဂျက်လိုငွေကို ယခင်အစိုးရ လက်ထက်ကထက် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ငွေစက္ကူအသစ်များ ရိုက်ထုတ်နိုင်ခြေ ရှိသည်။
အခွန် ပုံမှန်ရရှိမှုနှင့် ငွေတိုက်စာချုပ်၊ ငွေလက်မှတ်များ ရောင်းချပြီး ဘတ်ဂျတ်လိုငွေ ဖြည့်တင်းနိုင်သော NLD အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလီယံ ၇၀၂၇ အထိ ရှိပြီး ထိုလိုငွေ၏ ၃၀ ရာခိုင်နှုန်းသည် ကျပ်ဘီလီယံ ၂၁၀၈ ခန့်ရှိမည်ဖြစ်ခြင်းကြောင့် ယင်းကိန်းဂဏန်းကိုပင် အခြေပြု တွက်ချက်ပါက စစ်ကောင်စီ၏ ငွေစက္ကူအသစ် ရိုက်ထုတ်မှုသည့် အနည်းဆုံး ကျပ်ဘီလီယံ ၂၀၀၀ ကျော်အထိ ရှိလာနိုင်သည်။
မြန်မာ့ကျပ်ငွေ တန်ဖိုးသည် အာဏာသိမ်းပြီးနောက် ၂၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမာ္ဘ့ဘဏ်က ဆိုထားသော်လည်း မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော စီးပွားရေး ပညာရှင်များအဖွဲ့က ငွေစက္ကူသစ် ရိုက်ထုတ်မှု မြင့်မားသည့် လက္ခဏာများကြောင့် ငွေကြေးဖောင်းပွမှုသည် ကိန်းဂဏန်း ၂ လုံး (၁၀ ရာခိုင်နှုန်း နှင့်အထက်) အထိ ရှိနိုင်ကြောင်း ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း၌ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၃ ဒသမ ၀၁ ရာခိုင်နှုန်းသာ ရှိပြီး စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ငွေကြေး ဖောင်းပွနှုန်းသည် ၂ ဆ မှ ၃ ဆကျော်အထိ မြင့်တက်သွားခြင်း ဖြစ်သည်။ တနည်းဆိုရသော် ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခြင်းသည် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်း မြင့်တက်သွားခြင်း ဖြစ်သည်။
အထက်ပါ စီးပွားရေး ပညာရှင်က “ငွေစက္ကူ အသစ်ရိုက်နှိပ်တဲ့ ပမာဏအပေါ် မူတည်ပြီး ငွေကြေးဖောင်းပွမှုနှုန်းကတော့ မြင့်တက်လာမှာပဲ။ ကျနော်တို့ မှန်းထားတာကတော့ ၁၅ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်။ စီးပွားရေးကတော့ ပို၊ ပိုဆိုး လာဖို့ပဲ ရှိလာမှာပေါ့ ” ဟု ပြောသည်။
အဆိုပါ တသောင်းကျပ်တန် ငွေစက္ကူအသစ်များသည် ရိုက်နှိပ်ထားသော မင်နှင့်စက္ကူ အရည်အသွေး ညံ့ဖျင်းမှုကြောင့် ယခင်ငွေစက္ကူအဟောင်းများနှင့် ကွဲပြားနေမှုကြောင့် အများပြည်သူက သတိထားမိပြီး စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေသည်။
“ကျမတို့ သြဂုတ်လ လစာရတော့ တသောင်းတန်တွေက အရင် တသောင်းတန်ထက် အရောင်ဖျော့နေတယ်။ ပါးလည်း ပါးနေတယ်။ အွန်လိုင်းမှာလည်း အတုတွေလိုမျိုး ပျံ့နေတော့ အတုလားဆိုပြီး စိုးရိမ်မှုတွေ ဖြစ်နေရတယ်” ဟု ကုမ္ပဏီ ဝန်ထမ်း တဦးက ဆိုသည်။
ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ်ဒုဥက္ကဋ္ဌများ ဖြစ်သည့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က လက်ရှိ စီးပွားရေး ကျဆင်းနေသည့် ကာလတွင် မလိုအပ်သည့် အသုံးစရိတ်များကို မသုံးဘဲ ဘတ်ဂျတ်များ လျှော့ချလျက်ရှိပြီး ဘတ်ဂျက်လိုငွေပြတိုင်း ငွေစက္ကူအသစ်များ ရိုက်ထုတ်သည့် နည်းလမ်းကို အသုံးပြုသွားမည် မဟုတ်ကြောင်း၊ သို့သော်လည်း လိုအပ်ပါက ရိုက်ထုတ်မည်ဟု ဩဂုတ်လ ၁၈ ရက်က ဧရာဝတီသို့ ဖြေကြားထားသည်။
ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချရန်အတွက် ဗဟိုဘဏ်၏ ငွေကြေးထောက်ပံ့မှုကို ပြန်လည် အမှီပြုပါက မကြာသေးမီနှစ်များအတွင်း ဘဏ္ဍာရေး လိုငွေလျှော့ချမှု ကြိုးပမ်းအောင်မြင်ခဲ့မှုများကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ဖြစ်စေပြီး နိုင်ငံခြားငွေဈေးကွက်၊ ငွေကြေးဖောင်းပွမှုနှင့် မက်ခရိုစီးပွားရေးတခုလုံးကို ထိခိုက်စေမည်ဖြစ်ကြောင်း ကမာ္ဘ့ဘဏ်၏ ဇူလိုင်လက နောက်ဆုံးထုတ်ပြန်ထားသော မြန်မာ့စီးပွားရေး အပေါ်စောင့်ကြည့် အစီရင်ခံစာက သတိပေးထားသည်။
ထိုသို့ သတိပေးထားခဲ့သလို ဗဟိုဘဏ်က ငွေစက္ကူအသစ် ရိုက်ထုတ်မှု သတင်းများကြောင့် အမေရိကန် ဒေါ်လာဈေးနှုန်းသည် ယနေ့(စက်တင်ဘာ ၁ ရက်) ၁ ဒေါ်လာကို ကျပ် ၁၇၈၅ မှ ကျပ် ၁၈၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ မြင့်တက်နေလျက်ရှိသည်။
“ပြည်ပမှာက အမေရိကန်ဒေါ်လာဈေးက ကျပြီး ကမာ္ဘ့ရွှေဈေးက ဆက်တိုက်မြင့်နေတာ၊ ပြည်တွင်းမှာက အာဏာသိမ်းမှု နိုင်ငံရေးအခြေအနေတွေကြောင့် ရွှေဈေးရော ဒေါ်လာဈေးရောက နှစ်ခုစလုံး လိုက်တက်နေတာ၊ အခုငွေစက္ကူအသစ်တွေ ဘာတွေပါ ဖြစ်လာတော့ ပိုဆိုးကုန်တာပေါ့” ဟု အမေရိကန်ဒေါ်လာ အရောင်းအဝယ် လုပ်ဆောင်နေသူတဦးက ပြော သည်။
လက်ရှိအခြေအနေများအရ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာကို ကျပ် ၁၈၀၀ ကျော် အထိ ဆက်တိုက် မြင့်တက်သွားနိုင်ခြေရှိပြီး ပြန်လည်တည်ငြိမ်ပါကလည်း ကျပ် ၁၇၅၀ မှ ၁၇၈၀ ခန့်မှသာ ဖြစ်နိုင်ပြီး စစ်တပ်အာဏာ မသိမ်းမီအချိန်က ရှိခဲ့သော ၁ ဒေါ်လာ ကျပ် ၁၃၀၀ ကျော် အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဘယ်လိုမှမဖြစ်နိုင်တော့ကြောင်း ၎င်းက ပြောဆိုသည်။
စစ်တပ်က အာဏာမသိမ်းမီကာလတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် တဒေါ်လာကို ကျပ် ၁၃၂၀ ဝန်းကျင်သာ ရှိခဲ့ပြီး အာဏာသိမ်းပြီး ၇ လအတွင်း၌ အမေရိကန်ဒေါ်လာဈေးသည် ၁ ဒေါ်လာကို ကျပ် ၅၀၀ ကျော်အထိ မြင့်တက်သွား ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြင် ဆင်ခြေဖုံး ဒေသများတွင် အာဏာသိမ်ပြီးနောက် စားအုန်းဆီ လက်လီဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ရန်ကုန်နှင့် မန္တလေးတိုင်းရှိ မြို့ပြ ဆင်ခြေဖုံး ဒေသများတွင် ဆန်ဈေးနှုန်းသည် ၄ ရာခိုင်နှုန်း မြင့်တက်လာကာ ဗန်းမော်နှင့် ပူတာအို အပါအဝင် ကချင်ပြည်နယ်၏ မြို့တချို့တွင် ဆန်ဈေးနှုန်းသည် ယခင်ကထက် ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စားသုံးဆီ ဈေးနှုန်းသည် ၂၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း World Food Programme (WFP) က မတ်လအတွင်းကတည်းက ထုတ်ပြန်ထားသည်။
လောင်စာဆီ ဈေးနှုန်းများသည် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယခင်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာနေပြီး လောင်စာဆီ ဈေးနှုန်းတက်မှုသည် စားသောက်ကုန် ဈေးနှုန်းတက်မှုကို ထပ်မံမြင့်တက်ရန် တွန်းအားပေးနေသည်ဟုလည်း WFP က ဆိုထားသည်။
ထိုအချိန်က စက်သုံးဆီ ဈေးနှုန်းသည် အောက်တိန်း ၉၂ တလီတာလျှင် ကျပ် ၇၀၀ ဝန်းကျင်၊ အောက်တိန်း ၉၅ တလီတာ လျှင် ကျပ် ၇၉၅၊ ဒီဇယ် တလီတာလျှင် ကျပ် ၇၂၅ နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ကျပ် ၇၃၅ သာရှိခဲ့ပြီး ယခုတွင် အောက်တိန်း ၉၂ တလီတာလျှင် ကျပ် ၁၁၀၅၊ အောက်တိန်း ၉၅ တလီတာလျှင် ကျပ် ၁၁၂၅၊ ဒီဇယ်တလီတာလျှင် ကျပ် ၁၀၅၀ နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ကျပ် ၁၀၅၅ အထိ မြင့်တက်နေပြီ ဖြစ်သည်။
ထိုသို့သော တိကျခိုင်မာသည့် ကိန်းဂဏန်းများ ရှိသည့်တိုင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း အန္တရာယ်ဖြစ်စေနိုင်သည့်အထိ မဖြစ်ပေါ်သေးကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် ကိုဗစ် ၁၉ ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် အနုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ် အကိုင် အခွင့်အလမ်းပေါင်း ၁၂ သန်းခန့် ဆုံးရှုံးသွားနိုင်ခြေရှိကာ လာမည့် ၂၀၂၀ အစောပိုင်းတွင် ဆင်းရဲနွမ်းပါးသည့် လူဦးရေသည် ၂ ဆ အထိ မြင့်တက်သွားနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက လေ့လာ သုံးသပ်ထားကြသည်။
ငွေစက္ကူအသစ် ရိုက်ထုတ်ရန် မရှိသေးဟု ဗဟိုဘဏ် ဆို
နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား
အွန်လိုင်းဖြင့် ကျပ်ငွေအကောင့်မှ VISA ကတ်သို့ ဒေါ်လာပြောင်းလဲခြင်း CB ဘဏ်ကန့်သတ်
အောင်ဘာလေထီ နိဂုံးချူပ်တော့မလား