မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ စီးပွားရေး မတည်ငြိမ်မှုများ ကြောင့် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက လုပ်ငန်းလည်ပတ်နေဆဲ လျှပ်စစ်စီမံကိန်း ၂ ခုကို ရပ်ဆိုင်း သွားတော့မည် ဖြစ်ကြောင်း ကြေညာသည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေများကို VPower အနေဖြင့် အနီးကပ် စောင့်ကြည့်နေလျက်ရှိပြီး မြန်မာပြည်သူများအတွက် အရေးပါသော တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက်လည်း ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
VPower ကုမ္ပဏီသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားနေသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ၉ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိ အခြေအနေများအရ ထိုထဲမှ ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မန္တလေးတိုင်း မြင်းခြံတို့တွင် လုပ်ဆောင်နေသော လျှပ်စစ်ဓာတ်အား စီမံကိန်း ၂ ခုကို ရပ်ဆိုင်းသွားမည် ဖြစ်သည်။
အဆိုပါ စီမံကိန်း ၂ ခုသည် လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် စီမံကိန်များဖြစ်ပြီး ယခုနှစ် မတ်နှင့် ဇွန်လများတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် စီမံကိန်းများဖြစ်ရာ သက်တမ်းထပ်မတိုးတော့ဘဲ ရပ်တန့်လိုက်မည့် သဘောလည်း ဖြစ်သည်။
VPower ကုမ္ပဏီ၏ စာချုပ်သက်တမ်း အသစ်ထပ်မတိုးဘဲ ရပ်ဆိုင်းတော့မည့် စီမံကိန်း ၂ ခုသည် လတ်တလော ဆွေးနွေး ညှိနှိုင်း နေဆဲဖြစ်၍ အသေးစိတ် မပြောနိုင်သေးကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီကို ပြောသည်။
ပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတခု၏ ဒါရိုက်တာတဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ ကြောင့် FDI (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု) အများကြီး ဝင်လာနိုင်မယ့် အခြေအနေကို သူတို့ မျှော်ကိုးဝင်လာခဲ့ကြတာပေါ့။ ဒါပေမဲ့ အခုက ဈေးကွက်ရဲ့ Demand (ဝယ်လိုအား) က မရှိနိုင်တော့လို့ သူတို့ ပြန်ထွက်တာပေါ့” ဟု မှတ်ချက်ပြုသည်။
ထို့ပြင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက် တခုဖြစ်သော ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ငွေသားလည်ပတ်စီးဆင်းမှု အခက်အခဲသည်လည်း နိုင်ငံခြားကုမ္ပဏီများအတွက် ကြီးမားသည့် ပြဿနာတခု ဖြစ်ခဲ့သလို လတ်တလော လျှပ်စစ်ဓာတ်အား ထုတ်ပေးနေသော စီမံကိန်းများအတွက် လျှပ်စစ်ဓာတ်အားခကို စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက အပြည့်အဝ မရှင်းပေးနိုင်သည့် အခြေအနေ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “လျှပ်စစ်လုပ်ငန်းတွေရဲ့ စာချုပ်မှာက ထုတ်တဲ့သူဘက်က ဘယ်လောက် ထုတ်ပေးရမယ်၊ ဝယ်တဲ့သူ ဘက်က ဘယ်လောက် ဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ အခုက စစ်ကောင်စီဘက်က မဝယ်နိုင်သလို ဝယ် ထားတဲ့ဟာတွေကိုတောင် ငွေအပြည့်အဝ မချေနိုင်တာမျိုးတွေ ဖြစ်နေတယ်” ဟု ပြောဆိုသည်။
VPower Group သည် မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဝင်ရောက် ရင်းနှီးမြှုပ်နှံ ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ တင်ဒါ ခေါ်ယူရာတွင် လုပ်ပိုင်ခွင့် အများဆုံး ရရှိထားသော ကုမ္ပဏီလည်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြည့်တင်းရန်အတွက် မြန်မာအစိုးရက စီမံကိန်း ၅ ခုကို အကောင်အထည်ဖော်ရန် ၂၀၁၉ တွင် တင်ဒါခေါ်ယူခဲ့ရာ VPower ကုမ္ပဏီ ဦးဆောင်သော လုပ်ငန်းစုများက စီမံ ကိန်း ၄ ခုကို တင်ဒါ အောင်မြင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများအနက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၉၀၀ ထုတ်လုပ်နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကုန်ကျမည့် စီမံကိန်း ၃ ခုကို VPower Group နှင့်အတူ တရုတ်အမျိုးသားနည်းပညာ သွင်းကုန်ထုတ်ကုန် ကော် ပိုရေးရှင်း (CNTIC) တို့က အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံကာ အကောင်အထည် ဖော်လျက်ရှိသည်။
အဆိုပါ စီမံကိန်း ၃ ခုမှာ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (BRI) ၏ မဟာဗျူဟာကျပြီး အရေးပါသော စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအနီးတွင် တည်ဆောက်ထားသည့် မဂ္ဂါဝပ် ၁၅၀ ထုတ် ကျောက်ဖြူဓာတ်အားပေးစီမံကိန်း၊ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မည့် သာကေတ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ် အားပေးစက်ရုံနှင့် မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်စီမံကိန်းတို့ ဖြစ်သည်။
“အရင်တုန်းကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတယ်ဆိုရင် အနောက်နဲ့ ဥရောပက ကုမ္ပဏီတွေပဲ များတာပေါ့။ အခုလို တရုတ်နဲ့ ပတ်သက်တဲ့ အရှေ့ဘက်က ကုမ္ပဏီတွေ ထွက်သွားဆိုတာကတော့ စစ်ကောင်စီအတွက် အထိနာတာပေါ့ ဘာလို့ဆိုရင် မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာက တရုတ်နဲ့ အရှေ့ဘက်ကုမ္ပဏီတွေပဲ များတာလေ” ဟု ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ Associate Professor (International Business) ဒေါက်တာ ထွေးထွေးသိန်းက ပြောဆိုသည်။
ယခုလို VPower ကုမ္ပဏီအနေဖြင့် စီမံကိန်းများရပ်ဆိုင်းလိုက်ခြင်းကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိသည့်အတွက် စီးပွားရေးအရ တွက်ချေကိုက်မှု မရှိ၍ ဖြစ်နိုင်သလို ၎င်းတို့ထံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံတကာဘဏ်များ၏ ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
You may also like these stories:
စစ်အာဏာသိမ်းမှုက တရုတ် လျှပ်စစ်ဓါတ်အားလုပ်ငန်းများကိုပင် ခြိမ်းခြောက်နေ
ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ
မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ
နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား