စီးပွားရေး

ပို့ကုန်ရငွေ ဒေါ်လာ ၄ လအတွင်း ဘဏ်တွေဆီပြန်ရောင်းဖို့ ဗဟိုဘဏ် ထုတ်ပြန်

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့မှုမှ ရရှိထားသော နိုင်ငံခြားငွေဒေါ်လာများထဲမှ မသုံးဘဲ ကျန်ရှိနေသော ပို့ကုန်ရငွေများကို ပို့ကုန်ရငွေဝင်ရောက်ပြီး ၄ လအတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံး ငွေရောင်းဝယ်ခွင့် လိုင်စင်ရရှိထားသော ဘဏ်များသို့ ဈေးကွက်ပေါက်ဈေးဖြင့် မပျက်မကွက် ရောင်းချရမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်သမားများသည် ၎င်းတို့၏ ပို့ကုန်ရငွေများကို ၆ လအတွင်း ပြန်လည်ရောင်းချပေးရမည်ဟု ပြဌာန်းပြီးဖြစ်သည်ကို ပြန်လည်ပြင်ဆင်ခြင်း ဖြစ်သည်။

လတ်တလော သွင်းကုန်သမားဘက်တွင် နိုင်ငံခြားငွေရရှိမှု အခက်အခဲရှိနေသည့်အတွက် ထိုပြဿနာကို ဗဟိုဘဏ်အနေဖြင့် ဖြေရှင်းရန် နည်းလမ်းတခုအဖြစ် လုပ်လာခြင်းဟု ထင်မြင်ကြောင်း ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

၎င်းက “ ဒီကိစ္စကလည်း ဗဟိုဘဏ်နဲ့ လုပ်ငန်းရှင်တွေကြား ဆွေးနွေးညှိနှိုင်းတာတော့ ကြာပြီ။ အခုက အဲဒီဆွေးနွေးမှုတွေက ထွက်လာတဲ့ တချက်ပေါ့” ဟု ဆိုသည်။

ပို့ကုန်တင်ပို့မှု နည်းပါးပြီး သွင်းကုန်တင်သွင်းမှု များပြားနေခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ကို ဖြည့်တင်းရန် ဒေါ်လာဝယ်ယူနေရပြီး ဒေါ်လာဈေးနှုန်း မတည်ငြိမ်သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။

အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စံချိန်တင်ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ၁ ဒေါ်လာလျှင် ကျပ် ၁၈၂၀ ဝန်းကျင်အထိ ပြင်ပဈေးကွက်တွင် ဈေးပေါက်လျက်ရှိပြီး ပုဂ္ဂလိကဘဏ်များတွင် ၁ ဒေါ်လာလျှင် ကျပ် ၁၇၀၀ ကျော် ပေါက်ဈေးနှုန်းရှိသည်။

ဗဟိုဘဏ်အနေဖြင့် ၇ လအတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်အထိ ပုဂ္ဂလိကဘဏ်များမှ တဆင့်ဈေးကွက်အတွင်းသို့ ထုတ်ရောင်းပေးခဲ့သော်လည်း ထိုပမာဏသည် ဈေးကွက်အတွင်း ဒေါ်လာ လိုအပ်ချက်၏ ပမာဏအနည်းငယ်ကိုသာ ဖြည့်ဆည်းနိုင်ခြင်းကြောင့် ဒေါ်လာလိုအပ်ချက် ရှိမြဲရှိပြီး ဈေးနှုန်းများလည်း မတည်ငြိမ်ဘဲ ဆက်လက်မြင့်နေသည်။

ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူသစ်များကို ရိုက်နှိပ် သုံးစွဲလာမှုကြောင့်လည်း ငွေလဲလှယ်မှုဈေးနှုန်းက လတ်တလောမြင့်တက်သွားပြီး ယခု ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အမည်မဖော်လိုသော စီးပွားရေးလုပ်ငန်းရှင်တဦးက ““တကယ့် Supply(ရောင်းလိုအား) နဲ့ Demand(ဝယ်လိုအား) ကို Formal ရော Informal ရောကို သိအောင်လုပ်ဖို့လိုတယ်။ ဘာကြောင့်ဒီလို Demand တွေဖြစ်နေလဲ သူတို့လေ့လာဖို့ လိုတာပေါ့။ ဒီဟာတွေကို သူတို့ကောင်းကောင်းမသိရင် ကုစားတဲ့ နေရာမှာ မှန်ကုန်မှုမရှိဘဲ ပိုပြီးရိုက်ခတ်မှုတွေပဲ ဖြစ်စေမှာပေါ့” ဟု ပြောဆိုသည်။

ယင်းအပြင် ပြည်တွင်းနိုင်ငံခြားငွေဈေးကွက်တွင် ပုဂ္ဂလိကဘဏ်ဈေးနှုန်း နှင့် ပြင်ပဈေးကွက် ဈေးနှုန်း ဟူ၍ နှစ်မျိုးရှိနေသောကြောင့် ဝယ်လိုအား နှင့် ရောင်းလိုအားမျှခြေရှိ ဈေးနှုန်းအတိုင်းမဖြစ်ပါကလည်း ယခုလုပ်ရပ်သည် အလုပ်မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သော ဒေါက်တာစိုးထွန်းက ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဒေါ်လာပြန်လည်ရောင်းချရမည့် ဈေးနှုန်းကို ဈေးကွက်ပေါက်ဈေးဟုသာ သုံးနှုန်းထားသည့်အတွက် ထိုဈေးနှုန်းကို အစိုးရဘဏ်များဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များက လက်ခံ၊ လက်မခံ ပြဿနာဖြစ်လာနိုင်ကြောင်း ဆိုသည်။

“ပုဂ္ဂလိကဘဏ်တွေကတော့ ပို့ကုန်ရငွေတွေကို ဝယ်ရင် ငွေသားနဲ့ ပေးချေတာတွေ ရှိတယ်ပေါ့။ ဒါပေမယ့် အစိုးရဘဏ်တွေမှာရောင်းရင်က ငွေသားပေး မပေးက ပြဿနာရှိတယ်” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

You may also like these stories:

နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား

ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

အွန်လိုင်းဖြင့် ကျပ်ငွေအကောင့်မှ VISA ကတ်သို့ ဒေါ်လာပြောင်းလဲခြင်း CB ဘဏ်ကန့်သတ်

Loading