သြဂုတ်လက ချမှတ်ထားသည့် ငွေလဲလှယ်မှု လုပ်ထုံးလုပ်နည်းကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးသည် ယခုအပတ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်သွားသည်။ ထိုသို့တန်ဖိုးကျဆင်းခြင်းကြောင့် စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက် ထိခိုက်နေသည့် မြန်မာ့စီးပွားရေးတည်ငြိမ်အောင် လုပ်ရန် ပိုမိုခက်ခဲမည်ဖြစ်သည်။
ကြာသပတေးနေ့နံနက်က မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော ရန်ကုန်မှ ငွေလဲလှယ်သူများက တဒေါ်လာလျှင် ၁၉၀၀ ကျပ်ဖြင့် ဝယ်ပြီး ၁၉၃၀ ကျပ်ဖြင့် ယခင်နေ့ကအတိုင်း ရောင်းချကြသောကြောင့် လွန်ခဲ့သော တပတ်ကထက် ၂၀၀ ကျပ် နိမ့်ကျနေသည်။
ဗဟိုဘဏ်သည် ၎င်း၏ အင်တာနက် စာမျက်နှာတွင် ၎င်း၏ရည်ညွှန်းငွေလဲနှုန်းကို တဒေါ်လာလျှင် ၁၇၅၀ ကျပ်တွင် တနင်္လာနေ့က ထားရှိလိုက်ပြီးနောက် အင်္ဂါနေ့တွင် ငွေလဲနှုန်းသည် သမိုင်းဝင်နိမ့်ကျသွားသည်။
ဗဟိုဘဏ်က ပြင်ပပေါက်ဈေးရှိ ကျပ်နှင့် ဒေါ်လာငွေလဲနှုန်းကို ရည်ညွှန်းငွေလဲနှုန်းမှ ၀.၈ ရာခိုင်နှုန်းအတွင်းသာ ရောင်းဝယ်ရန် သတ်မှတ်ထားသည့် စည်းမျဉ်းအား ပယ်ဖျက်လိုက်သည်။
ဗဟိုဘဏ်က ပြင်ပပေါက်ဈေးရှိ ကျပ်နှင့် ဒေါ်လာငွေလဲနှုန်းကို ရည်ညွှန်းငွေလဲနှုန်းမှ ၀.၈ ရာခိုင်နှုန်းအတွင်းသာ ရောင်းဝယ်ရန် သတ်မှတ်ထားသည့် စည်းမျဉ်းအား ပယ်ဖျက်လိုက်သောအခါ သောကြာနေ့တွင် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းပြန်သည်။
စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ဗဟိုဘဏ်သည် အထက်ပါလုပ်ထုံးလုပ်နည်းကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လအစောပိုင်းတွင် ပြန်လည်ချမှတ်ပြီး ဘဏ်များနှင့်ငွေလဲလှယ်သူများသည် ငွေလဲနှုန်းကို ရည်ညွှန်းငွေလဲနှုန်းမှ ၀.၈ ရာခိုင်နှုန်းအတွင်း ထိန်းထားရန် လိုအပ်သည်။ ထိုလုပ်ထုံးလုပ်နည်းသည် ကိုဗစ်နိုင်တင်းဖြစ်ပွားစဉ်အတွင်း ငွေလဲနှုန်းတည်ငြိမ်အောင် ထိန်းထားရေး၊ ကုန်ဈေးနှုန်းမတက်ရေးအတွက် လိုအပ်ကြောင်း ဗဟိုဘဏ်ပြောသည်။ သို့သော်နောင်တွင် ဗဟိုဘဏ် ထိုစည်းမျဉ်းကို စက်တင်ဘာလ ၁၀ ရက်နေ့ကြေညာချက်ဖြင့် ပြန်ပယ်ဖျက်လိုက်သည်။ ထိုသို့လုပ်ဆောင်ရခြင်းအကြောင်းရင်းကို ရှင်းပြခြင်း မရှိပေ။
ထိုစည်းမျဉ်းကို မဖျက်သိမ်းမီက ရန်ကုန်မှောင်ခိုဈေးကွက်တွင် တဒေါ်လာ ၂၀၂၀ ကျပ် ပတ်ဝန်းကျင်ဖြင့် ရောင်းဝယ်ကြကြောင်း ပြည်တွင်းသတင်းဌာနများကဖေါ်ပြသည်။ တရားဝင်သတ်မှတ်နှုန်းအတိုင်း ပုံမှန်လမ်းကြောင်းမှဒေါ်လာရောင်းချခြင်းသည် အရှုံးပေါ်သောကြောင့် ဒေါ်လာရောင်းဝယ်မှု နှေးကွေးသွားသည်။ ငွေလဲလှယ်သူအများအပြားက ဆိုင်များကို ပိတ်ကာ နိုင်ငံခြားငွေ လိုအပ်သူများသည် မှောင်ခိုဈေးကွက်သို့ ပြေးရသည်။
ယခု ထိုစည်းမျဉ်းကို ပယ်ဖျက်လိုက်သောကြောင့် ဘဏ်များနှင့်ငွေလဲလှယ်သူများ၏ တရားဝင်ငွေလဲနှုန်းသည် မှောင်ခိုဈေးကွက်နှုန်းနှင့် တူညီသွားပြီး စစ်မှန်သောဈေးကွက် ဈေးနှုန်းကို ထင်ဟပ်ကာ ငွေရောင်းဝယ်မှု ပိုမို လွယ်ကူလာမည်ဟု မျှော်လင့်ရကြောင်း ဘဏ္ဍာရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။
တရားဝင်နှုန်းနှင့် ဈေးကွက်နှုန်းအကြား ကွာဟချက် မြင့်မားနေသောကြောင့် ငွေကြေးရောင်းဝယ်မှု လုပ်ကိုင်မရဘဲ ရန်ကုန်တွင် မှောင်ခိုဈေးကွက် ပြန်ပေါ်လာသည်။
“ဒီလုပ်ထုံးလုပ်နည်းကို ရုတ်သိမ်းလိုက်တာကောင်းတယ်။ ဒါပေမယ့် ဈေးကွက်ဈေးနှုန်းအဆင့် မရေမရာဖြစ်နေတော့ အခြေအနေက ဆက်လက်ရှုပ်ထွေးနေမှာပဲ” ဟု နိုင်ငံခြားဘဏ်တခုတွင် လုပ်ကိုင်နေသော ထိုသူပြောသည်။ တရားဝင်နှုန်းနှင့်ဈေးကွက်နှုန်းအကြား ကွာဟချက် မြင့်မားနေသောကြောင့် ငွေကြေးရောင်းဝယ်မှု လုပ်ကိုင်မရကြောင်း ထိုသူက အစောပိုင်းက သတိပေးသည်။
သို့သော် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံခြားငွေ မလုံလောက်မှုကြောင့် ကျပ်ငွေအားနည်းနေမည်ဖြစ်သည်။ ဓါတ်ဆီကဲ့သို့သော သွင်းကုန်များသည် တန်ဖိုး ဆက်လက်တက်ပြီး လူနေမှုအဆင့်အတန်းကို ဖိအားပေးနေသည်။
၎င်းတို့၏ငွေစာရင်းများသို့ ဝယ်ယူသူများက ပေးသွင်းသည့် န်ိုင်ငံခြားငွေ လက်ကျန်များကို ၄ လအတွင်း ပြန်လည်ရောင်းချရန် တင်ပို့သူများကို တောင်းဆိုသည့် အကြောင်းကြားစာကို ဗဟိုဘဏ်က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ထိုညွှန်ကြားချက်သည် ပြည်ပနှင့် ကုန်သွယ်သူများအနေဖြင့် ဘဏ်များထံ နိုင်ငံခြားငွေများ ရောင်းချရန် ဖိအားပေးပြီး မြန်မာ့နိုင်ငံခြားအရန်ငွေ စုဆောင်းရန်နှင့် ကျပ်ငွေကို ကျားကန်ရန် ရည်ရွယ်ပုံရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာမသိမ်းမီက ကျပ်ငွေကို တဒေါ်လာလျှင် ၁၃၃၀ ကျပ်နှုန်းဖြင့်ရောင်းဝယ်သည်။ စီးပွားရေးအနာဂတ် ပိုမိုမရေမရာဖြစ်လာသောကြောင့် ကျပ်ငွေသည် ထိုအချိန်မှ စတင်ပြီး ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသည်။ ဘဏ်များမှ ငွေထုတ်ယူခြင်းကို တင်းကျပ်စွာ ကန့်သတ်ထားဆဲဖြစ်ပြီး ဒေါ်လာသာမက ကျပ်ငွေပါ ငွေသား ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
ကိုးကား။ ။ Nikkei Asia မှ Myanmar currency hovers near all-time low
You may also like these stories:
ဒေါ်လာဈေး ကျပ် ၂၀၀၀ ကျော်နှင့် ရွှေဈေး ၁၈ သိန်းကျော်ထိ စံချိန်တင် မြင့်တက်
ပို့ကုန်ရငွေ ဒေါ်လာ ၄ လအတွင်း ဘဏ်တွေဆီပြန်ရောင်းဖို့ ဗဟိုဘဏ် ထုတ်ပြန်
ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ
နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား
စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား