တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် BRI စီမံကိန်း၏ အဓိက အရေးပါသော ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အကြိုကွင်းဆင်းလေ့လာဆန်းစစ်မှုများအတွက် စက်တင်ဘာလ ၁၅ ရက်က တရုတ်ကုမ္ပဏီ များဖြစ်ကြသည့် CITIC Consortium နှင့် CCCC FHDI တို့ကြား တရုတ်နိုင်ငံ ဘေ့ကျင်းမြို့တွင် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို တည်ဆောက်ခွင့် ရရှိထားသော တရုတ် CITIC Consortium ကုမ္ပဏီနှင့် ပဏာမ ကွင်းဆင်း စုံစမ်းစစ်ဆေးမှုလုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သည့် CCCC FHDI တို့ကြား လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။
CCCC FHDI ကုမ္ပဏီသည် ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့် ကနဦး တည်ဆောက်ရေးလုပ်ငန်း ၉ ခုအတွက် လုပ်ကိုင်ခွင့် ရရှိခဲ့သည့် China Communication Construction Company (CCCC) ကုမ္ပဏီ၏ ကုမ္ပဏီခွဲတခုလည်း ဖြစ်သည်။
ယခုလို သဘောတူ လက်မှတ်ရေးထိုးလိုက်နိုင်ခြင်းသည် မြန်မာနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးကြီးသော ခြေလှမ်းဖြစ်ပြီး ထိုစီမံကိန်းအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုများ လေ့လာဆန်းစစ်ခြင်းအတွက် အတိုင်ပင်ခံအဖြစ် ငှားရမ်းထားသော ကနေဒါကုမ္ပဏီ HATCH ကုမ္ပဏီနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကုမ္ပဏီများက ဆိုကြသည်။
ယင်းသည် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက အာဏာသိမ်း စစ်ကောင်စီအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်နေသည်ကို လက်မခံဘဲ မြန်မာနိုင်ငံတွင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောဆိုထားချက်အပေါ် သက်သေပြခြင်း ဖြစ်သည်။
သို့ရာတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်စဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်မှတ်ရေးထိုးခဲ့ကြသည့် စီမံကိန်းများ ဖြစ်သည်။
ကနဦး တရုတ်နိုင်ငံဘက်က ကမ်းလှမ်းသော အမေရိကန် ဒေါ်လာ ၁၀ ဘီလျံတန် ရင်းနှီးမြှုပ်နှံမှုကို မြန်မာဘက်မှ အကြွေးဝန်ပိမည် စိုးရိမ်ပြီး ပြန်လည်ညှိနှိုင်းရာ ဒေါ်လာ ၁ ဘီလျံဖြင့် စတင်ရန် သဘောတူခဲ့သည်။ ရေနက်ဆိပ်ကမ်း စိမံကိန်းအတွက် တရုတ်နိုင်ငံဘက်က ၇၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံဘက်က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုင်းပြည်အကြီးအကဲဟု တရုတ်က စတင် ခေါ်ဝေါ်ခဲ့ပြီး စစ်ကောင်စီခန့် အစိုးရကိုလည်း အစိုးရဟု သုံးနှုန်းခဲ့သည်။
တဘက်တွင်လည်း တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ကို နေပြည်တော်သို့ တိုးတိုးတိတ်တိတ် စေလွှတ်ပြီး နားချခြင်း၊ ဦးကျော်မိုးထွန်းကို နိုဝင်ဘာလအထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ထားရန် အမေရိကန်နှင့် သဘောတူခြင်း၊ စစ်ကောင်စီက ဖျက်သိမ်းရန် ကြံရွယ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ကြား ဆက်ဆံရေးလမ်းကြောင်း ဆက်ဖွင့်ထားခြင်းတို့အား တရုတ်က သံတမန်ရေးအရ ဆောင်ရွက်သည်။
သတင်းစာဆရာ ဘာတေးလစ်တနာက တရုတ်နိုင်ငံအတွက် ရွေးချယ်စရာ လမ်းကြောင်းအားလုံးကို ဖွင့်ထားခြင်းသည် ပညာရှိရာရောက်သော်လည်း နိုဝင်ဘာလ နောက်ပိုင်း တရုတ်က ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံမည် မထင်ကြောင်း ရေးသည်။
“ထိုသို့သော ဆုံးဖြတ်ချက်သည် မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဒေါသထွက်စေပြီး မြန်မာနိုင်ငံမှ တရုတ် စီမံကိန်းများ ဒုက္ခရောက်မည်မှာ သေချာသည်။ ယူနန်မှ ဘင်္ဂလားပင်လယ်အော်အထိ ချိတ်ဆက်မည့် စီးပွားရေးအရသာမက သေနင်္ဂဗျူဟာအရလည်း အရေးပါသော တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အတွက် အခက်အခဲများ ဖြစ်သွားစေနိုင်သည်” ဟု ၎င်းက သုံးသပ်သည်။
You may also like these stories:
ဦးကျော်မိုးထွန်းကိစ္စ တရုတ်က မြန်မာ့အရေးကို သတိထား ကိုင်တွယ်နေကြောင်း ပြသ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်
မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု တရုတ်ကုမ္ပဏီလုပ်ဆောင်မည်