စစ်တပ်က အာဏာသိမ်းပြီးနောက် ၈ လနီးပါး ကြာချိန်တွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာကို ကျပ် ၂၅၀၀ မှ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လျက်ရှိသည်။
ငွေကြေးဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ ဝယ်ယူလိုသူများသာ ရှိပြီး ပြန်လည်ရောင်းချမည့် သူမရှိ၍ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ယခုရက်ပိုင်းအတွင်း၌ အတက်ကြမ်းခဲ့ပြီး ၃ ရက် အတွင်း ကျပ် ၅၀၀ နီးပါးအထိ မြင့်တက်လာခြင်း ဖြစ်သည်။
စစ်တပ်က အာဏာမသိမ်းခင်ကာလက အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာကို ကျပ် ၁၃၀၀ မှ ကျပ် ၁၄၀၀ ကြားသာ ရှိခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “ အရောင်းက မရှိသလောက်ကိုဖြစ်နေတာ ဝယ်လိုအားကလည်း အရင် ကရှိနေတဲ့ လိုအပ်ချက်ထက် ဝယ်စုထားချင်ကြတဲ့ လူတွေပါ များလာတော့ ဈေးနှုန်းက ထပ်ထပ် တက် နေတာ ” ဟု ပြောသည်။
ဗဟိုဘဏ်ဘက်က စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးကဲ့သို့ အဓိက သွင်းကုန်ပစ္စည်းများတင်သွင်းနေ သော ကုမ္ပဏီတချို့ကို လိုအပ်သည့် ဒေါ်လာများကို ခွဲတမ်းစနစ်ဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ တဆင့်ထုတ်ရောင်းပေးနေသော်လည်း ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်သည် ပမာဏများစွာ ရှိ ကြောင်း ၎င်းက ဆိုသည်။
အမေရိကန်ဒေါ်လာလဲလှယ်ဈေးနှုန်း စံချိန်တင်မြင့်တက်လျက်ရှိသလို ပြည်တွင်းရွှေဈေးနှုန်းသည်လည်း တကျပ်သားကို ကျပ် ၂၂ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေလျက်ရှိသည်။
ယခုလို အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ အတက်ကြမ်းနေခြင်းသည် အာဏာသိမ်းပြီးနောက် ဖြစ် ပေါ်လာသော စီးပွားရေးကျဆင်းမှု၊ ဘဏ်လုပ်ငန်းအကျပ်အတည်း နှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့်ဖြစ်ပြီး Banking Crisis မှ Currency Crisis အထိ ဖြစ်နေလာခြင်းဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက “အဓိကက နိုင်ငံရေးမတည်ငြိမ်မှုအပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတာ၊ နိုင်ငံရေးက ဒီထက်ပိုပြီးတော့ မတည်ငြိမ်ဖြစ်လာနိုင်တဲ့ အနေအထားရောက်လာတော့ တချို့ပိုက်ဆံရှိ တဲ့သူတွေက ရွှေဝယ်မယ်၊ ဒေါ်လာဝယ်မယ်ပေါ့။ ဗဟိုဘဏ်ကလည်း ဝင်ထိန်းကြည့်တယ်၊ သူ့မှာက ဒေါ်လာက များများစားစား မရှိတော့ ထိန်းလို့ မနိုင်တော့ဘူး” ဟု ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော မြန်မာ့စီးပွားရေးပြဿနာများသည် စီးပွားရေးမူဝါဒများအရ ဖြေရှင်းနိုင်ရန် လုံးဝမဖြစ်နိုင်တော့ဘဲ နိုင်ငံရေးအပြောင်းအလဲတခုခုဖြစ်မှသာ ပြန်လည်တည်ငြိမ်စရာရှိကြောင်း ၎င်းက ဆိုသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်မှုနှင့်အတူ ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီဈေးနှုန်းများသည်လည်း ဆက်တိုက်မြင့်တက်လာပြီး အောက်တိန်း ၉၂ တလီတာလျှင် ကျပ် ၁၄၀၅ ၊ အောက်တိန်း ၉၅ တလီတာလျှင် ကျပ် ၁၄၂၅၊ ဒီဇယ် တလီတာလျှင် ကျပ် ၁၄၀၀ နှင့် ပရီမီယံ တလီတာလျှင် ကျပ် ၁၄၀၅ ကျပ်အထိ မြင့်တက်နေလျက်ရှိသည်။ (ဗဟိုဘဏ်မှ ဒေါ်လာထုတ်ရောင်းပေးထားသော စက်သုံး ဆီကုမ္ပဏီတချို့၏ ဆီဆိုင်များမှ ဈေးနှုန်းများနှင့် အနည်းငယ် ကွဲလွဲနိုင်သည်။)
ထို့သို့ လောင်စာဆီဈေးနှုန်းများမြင့်တက်လာပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ကာ ပြည်တွင်းကုန်ဈေးနှုန်းများနှင့် ပြည်ပမှ တင်သွင်းနေသော ကုန်ပစ္စည်းတချို့၏ ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာလျက် ရှိနေသည်။
စီးပွားရေးလေ့လာသုံးသပ်သူတဦးက “ လူတွေက ကျပ်ငွေအပေါ်ယုံကြည်မှုလျော့လာသလို ဘဏ်တွေမှာလည်း ငွေမအပ်ထားချင်ကြတော့ဘူး။ အဲဒီတော့ သူတို့ ယုံကြည်တဲ့အရာတွေကို လိုက်ဝယ်စုကြတဲ့ သဘောဖြစ်ကုန်ကြတယ်။ လူတွေက ဒေါ်လာကို သုံးဖို့ထက် စုဖို့ လုပ်နေကြပြီ ” ဟု ပြောသည်။
ပို့ကုန်တင်ပို့မှု လျော့ကျနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားခြင်း နှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကူအညီချေး ငွေများ မရရှိတော့ခြင်းကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုသည် ရပ်တန့်သွားခြင်းကြောင့် အမေရိကန်ဒေါ်လာဈေးကို ထိန်းချုပ်နိုင်ရန် ၎င်းတို့တွင် အကန့်အသတ်များစွာ ရှိနေကြောင်း ၎င်းက ဆိုသည်။
၎င်းက “ အခုဒီလိုမျိုးတွေဖြစ်နေတာ သူတို့တွေ မဖြေရှင်းနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတာ ပေါ်လွင်နေတာ ပဲလေ သူတို့ကြောင့် စီးပွားရေးတခုလုံး ပြိုလဲသွားနေပြီ” ဟု ပြောဆိုသည်။
စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်အနေဖြင့်လည်း စစ်အာဏာသိမ်းပြီးနောက် မြင့်တက်လာနေသည့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ထိန်းချုပ်နိုင်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ပိုင်းမှ စပြီး လက်ရှိအချိန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ထုတ်ရောင်းပေးထားသော်လည်း အမေရိကန် ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
You may also like these stories:
တရုတ်ယွမ်နှင့် ထိုင်းဘတ် ငွေလဲနှုန်းများလည်း မြင့်တက်
ကျပ်ငွေတန်ဖိုး ကျပြီးရင်း ကျနေ
စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား
ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး