စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုက စီမံသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူလူထုကို တိုက်တွန်းထားသည်။
စစ်ကောင်စီခေါင်းဆောင်မိသားစုပိုင်သည့် ကုမ္ပဏီပေါင်း ၁၅ ခုသည် အရပ်သားများကို အကြမ်းဖက်ရာတွင် ထောက်ပံ့နေသောကြောင့် ၎င်းတို့ကို သပိတ်မှောက်သင့်ကြောင်း NUG အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၈ ရက်နေ့က ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုကုမ္ပဏီများမှ ပုဂ္ဂလိက အကျိုးစီးပွားများ ရရှိနေသောကြောင့် NUG ၏ ကြေညာချက်ကို မလိုက်နာသူ မည်သူမဆိုသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့်စာရင်းတွင် ထည့့်သွင်းခံရမည့် အန္တရာယ်ရှိနေသည်။
NUG ၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်းစုံစမ်းမှုဌာနက ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတခုကို ကိုးကားပြီး NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက “နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူ မင်းအောင်လှိုင်ဟာ စစ်အာဏာကို အလွဲသုံးစားလုပ်ပြီး သူ့မိသားစု ကိုယ်ကျိုးအတွက် စီးပွားရေး လုပ်ငန်းအများအပြားကို လုပ်ကိုင်နေတယ်” ဟု ပြောသည်။
သူ၏မိသားစုပိုင် ကုမ္ပဏီများတွင် ဆေးဝါးလုပ်ငန်း၊ ဆေးရုံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ပန်းချီပြခန်းတခု၊ စားသောက်ဆိုင်များနှင့် အားကစားရုံတခုတို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
မြန်မာစစ်တပ်သည် စီးပွားရေးကဏ္ဍအားလုံးတွင် လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဆိုသည့် လုပ်ငန်းစုကြီး ၂ ခုကိုလည်း ပိုင်ဆိုင်သည်။
ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသူများသည် စစ်တပ်နှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်နေကြောင်း ဒေါ်ခင်မမမျိုးပြောသည်။ သို့သော် အချို့သူများသည် စစ်တပ်ကျောထောက် နောက်ခံပြု ကုမ္ပဏီများနှင့် ဆက်လက်လုပ်ကိုင်နေပြီး အရပ်သားများကို စစ်ကောင်စီက သတ်ဖြတ်ချေမှုန်းနိုင်အောင် ရန်ပုံငွေရှာဖွေပေးနေသည်။
“စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ မိသားစုတွေ ပိုင်တဲ့ ကုမ္ပဏီတွေ ရှိနေတဲ့ အစဉ်အလာကို ကျမတို့ အမြစ်ဖြတ်ရမယ်” ဟုလည်း သူပြောသည်။
“အကြမ်းဖက်မှု ထောက်ခံတဲ့ လူစာရင်းမှာ မပါချင်ရင်တော့ ခုချိန်က စ နောက်ဆုတ်ဖို့ အချိန်ပဲ။ ဒီ ကုမ္ပဏီတွေက ပေးတဲ့ဝန်ဆောင်မှုတွေကို မသုံးဖို့၊ အမည်ခံ ဒါရိုက်တာနဲ့ ပိုင်ရှင်တွေ အဖြစ် စစ်တပ်ပိုင်လုပ်ငန်းတွေကို မှတ်ပုံတင်တဲ့အခါ အမည်ကို အသုံးပြုမခံဖို့ ပြည်သူလူထုကို ကျမတို့ တိုက်တွန်းတယ်” ဟုလည်း ဒေါ်ခင်မမမျိုး ပြောသည်။
စီးပွားဖက်များဖြစ်စေ၊ ဒါရိုက်တာများဖြစ်စေ၊ ဘုတ်အဖွဲ့ဝင်များဖြစ်စေ၊ ရှယ်ယာရှင်များဖြစ်စေ၊ ဝန်ထမ်းများဖြစ်စေ၊ ဥပဒေအကြံပေးများဖြစ်စေ ထိုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်သူများသည် ဥပဒေအရ အပြစ်ပေးခံရနိုင်သည့် အန္တရာယ်ရှိကြောင်း NUG ကလည်း ပြောကြားထားသည်။
“နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမည်” ဟု NUG က ၎င်းတို့၏ကြေညာချက်တွင် ဖေါ်ပြထားသည်။
NUG ကဖေါ်ပြထားသည့် လုပ်ငန်း ၁၅ ခုတွင် Mytel Group က စစ်တပ်က တစိတ်တပိုင်းပိုင်ဆိုင်ပြီး အာဏာသိမ်းခေါင်းဆောင်၏ သမီးပိုင်သည့် Seventh Sense ဖျော်ဖြေရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) အင်တာနက်စာမျက်နှာတွင် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်ဆေးသောအခါ ဆိုင်းငံ့ အဖြစ်ဖေါ်ပြထားသည်။ NUG က ဖေါ်ပြထားသည့် ကုမ္ပဏီအချို့နှင့် ပတ်သက်သည့် အချက်အလက်များကို DICA အင်တာနက်စာမျက်နှာတွင် မတွေ့ရပေ။ DICA အင်တာနက်စာမျက်နှာသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်က ကုမ္ပဏီများနှင့်ပတ်သက်သည့် သတင်းအချက်အလက် ရင်းမြစ်တခုဖြစ်သည်။
NUG က ထုတ်ပြန်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ မိသားစုနှင့်ပတ်သက်သော ကုမ္ပဏီများ စာရင်းမှာ အောက်ပါအတ်ိုင်းဖြစ်သည်။
A & M မဟာ အစားအစာနှင့်ဆေးဝါးထုတ်ကုန် ကုမ္ပဏီ
Sky One ဆောက်လုပ်ရေး ကုမ္ပဏီ
ရန်ကုန်စားသောက်ဆိုင်နှင့် ရန်ကုန်ပန်းချီပြခန်း
Everfit ကုမ္ပဏီလီမိတက်၊ ရန်ကုန်ကိုယ်လက်ကြံ့ခိုင်ရေးအားကစားရုံ
Seventh Sense ကုမ္ပဏီလီမိတက်၊ ရုပ်ရှင်ထုတ်လုပ်ရေးနှင့်ဖျော်ဖြေရေး
Stellar Seven ဖျော်ဖြေရေး ကုမ္ပဏီလီမိတက်
Azura Beach Resort ချောင်းသာ၊ ဧရာဝတီတိုင်း
အောင်မြင့်မိုမင်း အာမခံ ကုမ္ပဏီ လီမိတက်
မိုင်တယ် ဆက်သွယ်ရေး ကုမ္ပဏီ
ဘုန်းမြတ်ပြည့်စုံ ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်
ကန်သာယာဆေးရုံ
JOOX မြန်မာဂီတပလက်ဖေါင်း
Pullman ဟိုတယ်၊ မန္တလေး
ငြိမ်းချမ်းပြည့်စုံ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး
မိုးကောင်းရတနာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးရုံ။
You may also like these stories:
မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်
အများဝေဖန်နေသည့် Paper Gold (စက္ကူရွှေ) စတင်ရန် ဗဟိုဘဏ်နှုတ်အားဖြင့် ခွင့်ပြု
မြန်မာ့ခရိုနီလက်သစ်တဦး (သို့မဟုတ်) ဒေါက်တာထွန်းမင်းလတ်
အာဏာသိမ်းမြန်မာမှ ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ထွက်ခွာရန် မလွယ်