ခရီးသွားကဏ္ဍ ပြန်ဖွင့်တော့မည့် ထိုင်းနှင့် စင်ကာပူ နိုင်ငံတို့က မြန်မာခရီးသွားများကို ကန့်သတ်ချက် တချို့နှင့် ဝင်ရောက်ခွင့်ပေးမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများ အနေနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးလျှင်ပင် ကွာရန်တင်းနေရမည်ဖြစ်သည်။
ထိုင်းနိုင်ငံက လာမည့် နိုဝင်ဘာလ ၁ ရက်မှ စတင်ပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက ခရီးသွားများကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး အသွားအလာကန့်သတ်မှု (ကွာရန်တင်း) ဝင်စရာမလိုပဲ စတင်ဝင်ရောက်နိုင်ငံပြီ ဖြစ်ကြောင်း ကြေညာခဲ့ သော်လည်း မြန်မာနိုင်ငံသားများ အနေနှင့် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးလျှင်ပင် ဟိုတယ်တွင် ကွာရန်တင်း ၇ ရက် ဝင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့အတူ စင်ကာပူနိုင်ငံကလည်း မြန်မာနိုင်ငံသားများကို အလည်အပတ် ဝင်ရောက်ခွင့်ပေးသည့် အထဲတွင် ပါဝင်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါနှင့် ပတ်သက်သော ကန့်သတ်ချက်များကို တင်းကြပ်ထားကြောင်း သိရသည်။
စင်ကာပူနိုင်ငံအနေနှင့် ပြည်ပက ခရီးသွားဧည့်သည်များကို လက်ခံရာတွင် မြောက်အမေရိကနှင့် ဥရောပနိုင်ငံတို့က ကာကွယ် ဆေး အပြည့် ထိုးနှံပြီးသူများအနေနှင့် ကွာရန်တင်းဝင်စရာ မလိုကြောင်း ကြေညာထားသည်။
စင်ကာပူနိုင်ငံအနေနှင့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ပြီး ကာကွယ် ဆေး ၂ ကြိမ်ထိုးပြီးသည့် မြန်မာနိုင်ငံသားများကို ဝင်ရောက်ခွင့်ပြုသော်လည်း သတ်မှတ်ထားသည့် ဟိုတယ်တွင် ကွာရန်တင်း နှစ်ပတ် ဝင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက “အခုလက်ရှိ ခရီးသွားမှာတော့ ဆေးထိုးပြီးတဲ့သူတွေကိုသာ ဦးစားပေးတဲ့ သဘော ရှိပါတယ်။ အခုက မြန်မာမှာ ပုံမှန်ပျံသန်းနေတဲ့လေကြောင်း ခရီးစဉ်တွေ မရှိသေးဘူး။ ဒီလိုရှိမှ ခရီးသည် တွေက ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်မယ့် အခြေအနေရှိတယ်။ ကျနော်တို့ အခုဆွဲနေတာက ကယ်ဆယ်ရေး လေယာဉ် ပေါ့၊ ကိုယ်နိုင်ငံသားတွေကို သွားခေါ်တဲ့ အစီစဉ်လောက်ပဲရှိသေးတော့ ဒီမှာလိုက်လို့ ရတာက ဆေးကုမယ့်သူတွေပဲရှိသေးတယ်။ တကယ်တမ်း ခရီးသွား သွားမယ်ဆိုရင် လိုအပ်တာတွေ ရှိပါသေးတယ်”ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် လေကြောင်းလိုင်းများ ဖွင့်လှစ်နိုင်မည့် အခြေအနေတခုလည်း လိုအပ်နေသလို မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကလည်း လိုအပ် နေသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “တိုက်ရိုက် ပျံသန်းမှုတင် မကဘူး transit လို့ခေါ်တဲ့ အခြားနိုင်ငံတွေကို ကူးနိုင်တဲ့ဟာပေါ့နော်။ ဥပမာ ဥရောပကို သွားမယ်ဆိုရင် အရင်က ရန်ကုန်ကနေ ဗန်ကောက် သွား အဲ့ကနေမှ ဥရောပသွားပေါ့နော်။ အခုက အဲ့ဒီလိုမျိုး တဆင့်ခံ ဝင်မယ်ဆိုရင် ကန့်သတ်ချက်တွေ များသေးတယ်။ ဒါကြောင့် transit စီးလို့ မရဘူး။ အခုလောလောဆယ် ဒူဘိုင်းဆို ဖွင့်နေပြီ။ မြန်မာနိုင်ငံသားတွေ သွားချင်ရင် သွားလို့ ရနေပြီ။ ဒါပေမယ့် သွားဖို့ကျတော့ Relief Flight တွေက တပတ်မှ တကြိမ် နှစ်ပတ်မှ တကြိမ်ပဲရှိတော့ သွားလည်ပတ်မယ်ဆိုရင် ခရီးသည်တွေ အနေနဲ့ လည်ပတ်ဖို့ ခက်သေးတယ်”ဟု ပြောသည်။
လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း၏ ရိုက်ခတ်မှုများအပြင် မြန်မာနိုင်ငံ၏ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲနေသည့် အခြေအနေများ ကြောင့်လည်း ခရီးသွားကဏ္ဍတွင် ခွဲခြားမှုများ ရှိနေနိုင်သေးပြီး ကာကွယ်ဆေး ထိုးပြီးသော်လည်း လက်ခံသည့် နိုင်ငံရှိသလို လက်မခံသည့် နိုင်ငံလည်း ရှိနေမည့် အခြေအနေဖြစ်သည်။
ထိုင်းနိုင်ငံသို့ အလည်အပတ်နှင့် သွားနေသူ တဦးက “ကျနော်ကတော့ အလည်အပတ်နဲ့လာတာ အခုက ကွာရန်တင်းဝင် နေတယ်။ Visit Visa နဲ့လာတာ စာရွက်စာတမ်းကတော့ အရင်ထက် နည်းနည်း ပိုရှုပ်တယ်။ အခုက ကိုဗစ်စစ်ထားတဲ့ စာရွက်ပြရတာတို့။ ဟိုတယ်အတွက် ငွေပေးချေပြီးကြောင်း အထောက်အထားပြရတာတို့ စတာတွေ ပိုလာပါတယ်။ ကျန်းမာရေး အာမခံလည်း ဝယ်ရတယ်။ ကွာရန်တင်းဝင်ရတယ်။ ကုန်ကျစရိတ်လည်း အရင်ထက်ပိုတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီကလည်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှ တဆင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မည့် အန္တရာယ်တားဆီးရေးအတွက်ဟု ဆိုကာ နိုင်ငံတကာခရီးသည်တင်လေကြောင်း ခရီးစဉ်များ ပျံသန်းဆင်းသက်ခြင်းအား ယာယီကန့်သတ်ခြင်းကို ယခုလကုန်အထိ တိုးမြှင့် သတ်မှတ်ထားသည်။
Bloomberg ဘလွန်းဘတ် စီးပွားရေးသတင်းဌာန၏ သတင်းတပုဒ်တွင် ၂၀၂၂ ခုနှစ်ဆန်းပိုင်းများတွင် ခရီးသွားများ ပြန်လာနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း မြန်မာ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးကို ကိုးကားထားသည်။
သို့သော် ခရီးသွားလုပ်ငန်းများ ပြန်လည်ပတ်နိုင်ရေးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း မတည်ငြိမ်မှုများကြောင့် အကန့်အသတ်များနှင့် စိန်ခေါ်မှုများ ရှိနေသည်။
You may also like these stories:
ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ
မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း
လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား
အများဝေဖန်နေသည့် Paper Gold (စက္ကူရွှေ) စတင်ရန် ဗဟိုဘဏ်နှုတ်အားဖြင့် ခွင့်ပြု