အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစည်းအဝေးတိုင်းတွင် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသော လျှပ်စစ်မီးရထားစီမံကိန်းကို ခရိုနီကုမ္ပဏီတချို့ နှင့် ဂျပန်ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၇ ခုက အကောင်အထည်ဖော်ရန် ဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ တနိုင်ငံလုံးလျှပ်စစ်ရထားနဲ့ ပြေးရမယ်၊ တနိုင်ငံလုံး မြို့ပတ်ရထားလမ်းတွေထဲအထိ သွားရမယ်။ မြို့ပေါ်တွေမှာ သုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကို ကျနော်တွက်နေပါတယ်။ အချိန်တခုကျရင် ကြေညာပါမယ် ” ဟု ပြီးခဲ့သည့် အောက်တို ဘာလ ၂၅ ရက်နေ့ က ပြုလုပ်သည့် နေပြည်တော်အစည်းအဝေးတခုတွင် ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြင်းခြံ-မိတ္ထီလာ-သာစည်-ညောင်ရွှေ-တောင်ကြီး-ပင်းပက် မီးရထားလမ်းပိုင်း တလျှောက် လျှပ်စစ်မီးရထားပြေးဆွဲနိုင်ရေး လိုအပ်သော Traction Substation များတည်ဆောက်ခြင်းနှင့် 25 KV(Kilovolt) Single Phase AC ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားနှင့် အဆိုပါ ကုမ္ပဏီများကြား အကြိုညှိနှိုင်းဆွေးနွေး ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုကုမ္ပဏီများမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ ညီအကိုတော်စပ်သူ ဦးနေ အောင် ပိုင်ဆိုင်သော IGE Power Company limited၊ Myanmar Tower Engineering Group (MTEG)၊ APQ ( Asia Power Quality Electric Co.,Ltd)၊ Khin Maung Nyunt Trading Co.,Ltd၊ Surbana International Consultants (Myanmar)၊ မြန်မာကုမ္ပဏီ Barons Machinery & Engineering Co.,Ltd နှင့် ဂျပန်ကုမ္ပဏီ Fujikura ဖက်စပ်လုပ်ကိုင်နေသည့် Barons and Fujikura EPC ကုမ္ပဏီ နှင့် ဂျပန်ကုမ္ပဏီ Nippon Koei တို့ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသည့် အစည်း အဝေးမှတ်တမ်းအရ သိရသည်။
Nippon Koei ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီတခုဖြစ်သလို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသော အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်း အားလုံးနီးပါး၏ အကြံပေးကုမ္ပဏီအဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

“ ဒီစီမံကိန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အတွေးစိတ်ကူးကို လိုက်ပြီး အကောင်အထည် ဖော်တယ်လို့မြင်ရတယ်။ ဒီဇယ်နဲ့ပဲမောင်းမောင်း၊ လျှပ်စစ်နဲ့ပဲ မောင်းမောင်း ဒီရထားလမ်းက စီးပွား ရေးအရတွက်ချေကိုက်မှုရှိရဲ့လား၊ အစိုးရအနေနဲ့ရော ဘယ်လိုအကျိုးရှိမလဲ ဘာတွေကိုတောင် လေ့လာဆန်းစစ် ထားပုံမရဘူး ” ဟု ပြည်သူ့ရေးရာမူဝါဒရေးရာ ပညာရှင် တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက အကောင်အထည်ဖော်မည်ဆိုသည့် လျှပ်စစ်ရထားလမ်းပိုင်းတလျှောက်တွင် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ကဲ့သို့သော စက်မှုဇုန်စီမံကိန်းများနှင့် ချိတ်ဆက်ထားမှုမရှိသည့်အတွက် စီးပွားရေးအရ ဘယ်လိုမှ တွက်ချေမကိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ဒီစီမံကိန်းဘယ်လိုလဲဆိုတော့ အရင်ခေတ်ကလိုပေါ့ ဥက္ကဋ္ဌက လုပ်ချင်တဲ့ ဆန္ဒပြင်းပြတာကို အောက်ကလိုက်ပြီး အကောင်အထည်ဖော်ရသလိုပေါ့။ အခုမြင်ရသလောက်တော့ ပိုက်ဆံဖြုန်းမယ့် စီမံကိန်းပဲ ” ဟု ပြောဆိုသည်။
အဆိုပါ မီးရထားလမ်းပိုင်းအစဖြစ်သည့် မြင်းခြံမြို့သည့် မြန်မာစစ်တပ်ပိုင်သံမဏိစက်ရုံ ရှိသည့်အတွက် ပင်းပက် သံမဏိစက်ရုံမှ ထုတ်လုပ်သော ကုန်ကြမ်းပစ္စည်းများကို ထိုစက်ရုံများအတွက် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်သည့် စီမံကိန်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ကုမ္ပဏီများနှင့် ဝန်ကြီးဌာနဘက် ဆွေးနွေးချက်များအရ အထက်ပါ လျှပ်စစ်မီးရထားလမ်းပိုင်းသည် ခရီးမိုင်ပေါင်း ၂၀၉ မိုင်ကျော် ရှိမည်ဖြစ်ပြီး အမြန်နှုန်းသည် တနာရီကို ၁၅ မိုင်မှ ၂၀ မိုင်နှုန်း မောင်းနှင်နိုင်မည့် မီးရထားလမ်းပိုင်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်မီးရထားစီမံကိန်းအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာနပိုင် 132KV ဓာတ်အားခွဲရုံမှ ဓာတ်အားရယူရန် ရည်ရွယ်ထားသည်။
လျှပ်စစ်ရထားလမ်းဖောက်မည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောပြန်ပြီ
ရန်ကုန်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှ အိန္ဒိယ Adani အုပ်စု နုတ်ထွက်မည်
လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား
ကုန်သွယ်ရေး အထူးအခွင့်အရေး မြန်မာအား ရုတ်သိမ်းရန် EU ကို အလုပ်သမားသမဂ္ဂများ တောင်းဆို