ပြည်တွင်း ဒေါ်လာဈေး အနည်းငယ် ကျဆင်းသော်လည်း စက်သုံးဆီဈေးမှာ မြင့်နေသည့် အခြေအနေတွင်သာ ရှိနေသေးသည်။ အဓိက အကြောင်းအရင်းမှာ ကမာ္ဘ့ရေနံစိမ်းဈေး မြင့်တက်လာခြင်း တို့ကြောင့် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ကမာ္ဘ့ဈေးက တက်နေတယ်။ စက်သုံးဆီ ဈေးကိုက တအား တက်နေတော့ ဒီဘက်က ထိန်းချုပ်လို့ရတဲ့ဈေး မဟုတ်တော့ဘူးလေ။ အရင်တုန်းကတော့ ဒေါ်လာ ဈေးတက်တာနဲ့ ကမာ္ဘ့ရေနံစိမ်းဈေးတက်တာကြောင့်ဆိုပြီး စက်သုံးဆီဈေး တက်တာ ရှိတယ်။ အခုတော့ ဒေါ်လာ ဈေးကျအောင် ဗဟိုဘဏ်က ထုတ်ရောင်းပေးပြီး တဖြည်းဖြည်းချင်း ပြန်ချပေးလာပါပြီ။ ဒါပေမယ့် ကမာ္ဘ့ဈေးကတော့ လုံးဝ မကျသေးဘူး။ ကမာ္ဘ့ဈေးက အခု ဆီတစည်ကို ဒေါ်လာ ၁၀၀ ပတ်ချာလည်မှာ ရှိတယ်” ဟု ပြောသည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် လဲလှယ်ခြင်းနှုန်းတို့ကို သတ်မှတ်လိုက်သည့် နိုဝင်ဘာလ ၉ ရက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၁၉၃၀ ကျပ်မှ နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းတွင် ကျပ် ၁၇၇၅ ကျပ်အထိ ကျဆင်းလာခဲ့သည်။ သို့သော် ငွေလဲကောင်တာများတွင် အဆိုပါ သတ်မှတ်ဈေးဖြင့် ရောင်းချပေးနိုင်ခြင်း သိပ်မရှိပါ။
စက်သုံးဆီဈေးအနေဖြင့်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရှိခဲ့သည့်ဈေးနှုန်းထက်၂ ဆ ကျော်အထိ မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေး ကျပ်၂၀၀ နီးပါးခန့် ကျဆင်းလာသော်လည်း အမြင့်ဈေးတွင်သာ ရှိနေသေးကြောင်း စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “အခု ကမာ္ဘ့ဈေးတက်နေပေမယ့် ပြည်တွင်းဈေးကတော့ ချက်ချင်းကြီး ဆွဲတင်လို့တော့ မရဘူး။ နိုင်ငံတကာ ဈေးကွက်မှာကျတော့ ချက်ချင်းတက်၊ ချက်ချင်းကျ ဖြစ်တယ်။ ချက်ချင်း လိုက်လုပ်လို့ ရတယ်။ ဒီမှာက အတတ်နိုင်ဆုံး ဈေးကွက်မှာ ဖြစ်သင့်တဲ့ဈေးပေါ့။ အခု အသင်းတို့ ဘာတို့ကလည်း ဈေးကွက်မှာ အနီးကပ်ကြည့်ပြီးတော့ လမ်းညွှန်မှုတွေ လုပ်ပေးနေပါတယ်” ဟု လက်ရှိ ပြည်တွင်းဈေးကွက် အခြေအနေကို ပြောဆိုသည်။
စက်သုံးဆီဈေးနှုန်းသည် အာဏာမသိမ်းခင် ဇန်နဝါရီလ နောက်ဆုံးပတ်က တလီတာလျှင် ကျပ် ၇၀၀ ကျော် ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် တဖြည်းဖြည်း မြင့်တက်ခဲ့ရာမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် စက်သုံးဆီ တလီတာ ကျပ် ၁၇၀၀ ကျော်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။
ယင်းမှတဆင့် အောက်တိုဘာလဆန်းပိုင်းတွင် စက်သုံးဆီဈေးနှုန်းမှာ တလီတာလျှင် ကျပ် ၁၄၀၀ ကျော်အထိ ရှိခဲ့ရာ လက်ရှိတွင် ကမာ္ဘ့ရေနံစိမ်းဈေး တက်နေသဖြင့် တချို့ရက်များတွင် တလီတာလျှင် မြန်မာကျပ်ငွေ ကျပ် ၄၀ မှ ကျပ် ၁၀၀ အထိ ကွာဟသွားသည့် ရက်များလည်းရှိသည်။ နိုဝင်ဘာလ ၁၀ ရက်ပေါက်ဈေးမှာ 92 ၁ လီတာ ကျပ် ၁၃၈၀ မှ ၁၄၀၀ ကျော်အထိ၊ 95 တလီတာ ၁၄၂၀ ကျပ် မှ ၁၄၄၅ အထိ မြို့အလိုက် ဈေးနှုန်းများ အသီးသီးရှိသည်။
လက်ရှိ ပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီသည် ပြီးခဲ့သည့် တလကျော်မှ တင်သွင်းခဲ့သည့် စက်သုံးဆီဖြစ်သောကြောင့် နိုင်ငံတကာဈေးကွက်နှင့် အတက်အကျနှင့်အတူ တက်ဦးမည် မဟုတ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံမှ စက်သုံးဆီ အဓိက ဝယ်ယူနေသည့် စင်ကာပူနိုင်ငံ၏ MOPS ဈေးအနေဖြင့် အောက်တိုဘာလ ၈ ရက်ပေါက် ဈေးသည် ၃၅ ဂါလံပါ တစည်ဈေးနှုန်းများအနေဖြင့် 92 RON တစည်လျှင် အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၈၅ ၊ 95 Ron တစည်လျှင် ဒေါ်လာ ၉၄ ဒသမ ၆၉ နှင့် Premium Diesel တစည်လျှင် ဒေါ်လာ ၉၅ ဒသမ ၁၁ အထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတဦးက “ဆီဈေးတက်လို့ တက်စီခ ဈေးတက်ချင်ပေမယ့် ခရီးသည်ကလည်း မပေးနိုင်ဘူး။ ဘာလို့လဲဆို ကုန်ဈေးနှုန်းတွေက အကုန်တက်တယ်။ ဝင်ငွေက ကျတယ်။ အဲဒီ စီးတဲ့သူကလည်း မပေးနိုင် တက်စီဆွဲတဲ့သူကလည်း အုံနာကြေးနဲ့ဆိုတော့ မလိုက်နိုင်၊ တချို့ဆို တက်စီ ဆက်မဆွဲနိုင်တော့တာတွေ ရှိတယ်။ ကိုယ်ပိုင်ရှိတဲ့ သူလောက်ပဲ အခုချိန်က ဆွဲကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ ဆီသမားက မကိုက်သလို အခု Gas သမားကလည်း မကိုက်ဘူး။ အခု Gas ဆိုင်မှာ တခါ တန်းစီရင် အနည်းဆုံး နှစ်နာရီနဲ့ သုံးနာရီလောက် တန်းစီရတယ်။ ဒါက အာဏာသိမ်းပြီးတဲ့နောက် အကုန် ကျပ်လာတာ။ အာဏာ မသိမ်းခင်က Gas ဆိုင်က မနက် ၅ နာရီကနေ ည ၇ နာရီဆိုတော့ နည်းနည်းချောင်တယ်။ အခုက မနက် ၆ ၊ ညနေ ၆ နာရီ ပဲဆိုတော့ ကျပ်ကုန်တယ်” ဟု ဆိုသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းတခုတည်း တက်သည် မဟုတ်ဘဲ ကားနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်ဝိုင် ဈေးများကလည်း မြင့်တက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် တနှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းခန့် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းက အများပြည်သူနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဝန်ဆောင်ခများ၊ ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည့် အခြေအနေရှိနေကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်ထားသည်။
ထို့ပြင် လက်ရှိ စစ်ကောင်စီ၏ ဗဟိုဘဏ်မှ နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး ထိန်းချုပ်မှုများ ပြုလုပ်နေသော်လည်း ဒေါ်လာဈေးကွက် ပြင်ပပေါက်ဈေးမှာ ကျဆင်းခြင်း မရှိဘဲ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း ၁ ဒေါ်လာလျှင် ကျပ် ၁၉၀၀ ကျော်နှင့် ပေါက်ဈေး ရှိနေသည်။
You may also like these stories:
တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ
ဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက ပို့ကုန်ရငွေ ဒေါ်လာသန်း ၁၀၀ ကျော် စာရင်းရှင်းရန် ပျက်ကွက်
ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး