မြန်မာဘီယာ အပါအဝင် ဘီယာအမှတ်တံဆိပ် ၅ မျိုးခန့် ထုတ်လုပ်နေသော မြန်မာဘရူဝါရီကုမ္ပဏီ ဖျက်သိမ်းရန် မြန်မာစီးပွားရေးဦးပိုင်အများပိုင်လီမိတက်၏ တရားရုံးသို့ လျှောက်ထားမှုသည် ဖက်စပ်လုပ်ငန်းဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်လိုက်ကြောင်း ဂျပန် အဖျော်ယမကာ လုပ်ငန်း ကီရင်( Kirin Holdings) က နိုဝင်ဘာ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ယခုလို မြန်မာ့စီးပွားရေးဦးပိုင်က ဖက်စပ်လုပ်ငန်းတခုကို ဖျက်သိမ်းရန်အတွက် တဖက်သတ် လုပ် ဆောင်မှုသည့် တရားမျှတမှု မရှိဘဲ ဖက်စပ်လုပ်ငန်းများ၏ သဘောတူညီချက်များကိုလည်း လျစ်လျူရှုခဲ့သလို ကီရင်ဘက်က ညှိနှိုင်းဆောင်ရွက်ရာတွင် အဆိုပြုထားချက်များကိုလည်း ပယ်ချပြီး ပူးဆောင် ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း ကီရင်ကုမ္ပဏီက ဆိုသည်။
လုပ်ငန်းဖျက်သိမ်းရေး လုပ်ငန်းစဉ်၏ မျှတမှုနှင့် ကျိုးကြောင်းဆီလျှော်မှုအပေါ် သံသယရှိသောကြောင့် ထိုလျှောက်ထားမှုကို ပယ်ချရန် ကီရင်က တောင်းဆိုသွားမည်ဖြစ်သည်ဟုလည်း ထိုကြေညာချက်က ဆိုသည်။
သို့သော် ကီရင်သည် ဖက်စပ်လုပ်ငန်း ရပ်စဲလိုက်သောအခါ မြန်မာစီးပွားရေးလုပ်ငန်းများကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ကီရင် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ယိုရှီနိုရီ အက်ဆိုဇာကီက Nikkei သို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု တခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်က ဂျပန်ကီရင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ရန်ကုန်အနောက် ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။
ကုမ္ပဏီဖျက်သိမ်းရေး လျှောက်ထားမှုနှင့် ပတ်သက်၍ ဦးပိုင်ကုမ္ပဏီတာဝန်ရှိသူတဦးက ဥပဒေကြောင်း အရသာ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မီဒီယာတချို့ကို ဖြေကြားထားသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာဘရူဝါရီကုမ္ပဏီလီမိတက်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဂျပန် ကီရင်ကုမ္ပဏီက မြန်မာ့စီးပွားရေးဦးပိုင်ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကျော်ဖြင့် ဝယ်ယူခဲ့ပြီး မြန်မာဘရူဝါ ရီကုမ္ပဏီ၏ အဓိကရှယ်ယာရှင် ဖြစ်လာခဲ့သည်။
ဂျပန်ကီရင်၏ ထုတ်ပြန်ချက်အရ ယခုပြဿနာသည် မြန်မာဘရူဝါရီကုမ္ပဏီ၏ ရှယ်ယာရှင်များကြား ပြဿနာသာ ဖြစ်ပြီး မြန်မာဘရူဝါရီကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်ရှိလိမ့်မည် မဟုတ်ကြောင်း မြန်မာဘရူဝါရီကုမ္ပဏီက ဧရာဝတီသို့ မေးလ်မှတဆင့် ပြန်လည်ဖြေကြားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီ နှင့် လက်တွဲဖြုတ်ရန် ဂျပန်ကီရင်ဘက်ကလည်း ကြိုးပမ်းလာနေခဲ့သည်။
မြန်မာဘရူဝါရီကုမ္ပဏီ၏ ဘီယာရောင်းအားသည် အများပြည်သူများ၏ သပိတ်မှောက်မှုကြောင့် ပြီးခဲ့ သည့်နှစ်(အာဏာမသိမ်းမီ) ကထက် ၄၀ ရာခိုင်နှုန်းကျဆင်းသွားပြီး ထိုပမာဏသည် ဂျပန်ယန်း ၉ ဒသမ ၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း)အထိရှိကာ ပုံမှန်လုပ်ငန်းလည်ပတ်မှု အမြတ် အစွန်းမှာလည်း ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားကြောင်း ကုမ္ပဏီ၏ ယခု၂၀၂၁ ဘဏ္ဍာနှစ် အတွက် ထုတ်ပြန်သည့် တတိယ သုံးလပတ်ရလဒ် အစီရင်ခံစာအရ သိရသည်။
You may also like these stories:
မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်
မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်
ဂျပန်အစိုးရ ငွေစိုက်ထုတ်သည့် ဟိုတယ်က စစ်တပ်သို့ မြေငှားခပေးနေသောအခါ
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်