မြန်မာနိုင်ငံရှိ တောင်ကိုရီးယားသံရုံးသည် စစ်ကောင်စီအရာရှိများနှင့် Samsung, LG တို့၏ လုပ်ငန်းခွဲများ အပါအဝင် တောင်ကိုရီးယား ကုမ္ပဏီများအကြား အဆင့်မြင့်ဆွေးနွေးပွဲ တခုကို လွန်ခဲ့သောလက ကျင်းပပေးခဲ့ကြောင်း Financial Times က ကြည့်ရှုခွင့် ရခဲ့သော မှတ်တမ်းများကို ကိုးကားပြီး သတင်းရေးသည်။
လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်သော သမ္မတ မွန်ဂျေအင်း အစိုးရက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို နောက်ဆက်တွဲ အကြမ်းဖက်မှုများအား ပြစ်တင်ရှုတ်ချနေစေကာမူ ထိုအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။
စစ်ကောင်စီ ဆန့်ကျင်သည့် လူမှုအခြေပြု အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများက နိုင်ငံတကာ စီးပွားရေးများအနေဖြင့် စစ်ကောင်စီကို အထီးကျန်ထားရန် တောင်းဆိုနေပြီး မြန်မာနိုင်ငံတွင် လုပ်ကိုင်နေဆဲဖြစ်သော စီးပွားရေးသမားများက စစ်ကောင်စီအရာရှိများနှင့် ထိတွေ့ဆက်ဆံရမည့် အခမ်းအနားများကို ရှောင်ရှားကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်သည့်အချိန်မှ စတင်ပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က စစ်ကောင်စီနှင့် ပတ်သက်သည့် လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။
“ကိုရီးယားအဖွဲ့နှင့် မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ” တွင် ပါဝင်သူများမှာ အစိုးရဌာနတခုဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန (DICA)၊ အစိုးရနှင့် ဆက်ဆံသော လုပ်ငန်းများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ကိုယ်စားပြုသော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့ ဖြစ်သည်။
ထိုအစည်းအဝေး တက်ရောက်သူများမှာ Samsung Electronics, LG Electronics နှင့် စတီးလုပ်ငန်း Posco တို့၏ လုပ်ငန်းများကို ကိုယ်စားပြုသော အမှုဆောင်များဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ UMFCCI နှင့် စစ်ကောင်စီထိန်းချုပ်သည့် DICA တို့ ပါဝင်သော မကြာသေးမီက အစည်းအဝေးအကြောင်း သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က Fiancial Times သို့ ပြောသည်။
“စစ်ကောင်စီရဲ့ သွေးစွန်းနေတဲ့ လက်တွေနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ကိစ္စကို ဘယ်လိုပဲ ကောင်းအောင်ရေးရေး ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုနဲ့ အုပ်ချုပ်ရေး (ESG) အလေ့အထတွေနဲ့ ကိုက်ညီမှာမဟုတ်ဘူး” ဟု သူက ပြောသည်။ “ပြည်ပစီးပွားရေး လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ကောင်းမွန်တဲ့ စီးပွားရေး အနှစ်သာရကို ကျင့်သုံးပြီး စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ကျနော်တို့ တိုက်တွန်းတယ်” ဟု သူက ပြောသည်။
အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် လူပေါင်း ၁၁,၀၀၀ ကျော်ကို ဖမ်းဆီးပြီး ကလေးများ အပါအဝင်လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။
ထိုအစည်းအဝေးကို Posco က ထိန်းချုပ်ပြီး မြန်မာစစ်ထောက်ချုပ်ရုံးမှ ငှားရမ်းထားသည့် မြေပေါ်တွင် တည်ရှိသော ရန်ုကုန်ရှိ Lotte ဟိုတယ်တွင် ကျင်းပသည်။
စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့သည် လွန်ခဲ့သော သီတင်းပတ်က အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ စစ်ထောက်ချုပ်ရုံးသည် မြန်မာစစ်တပ်အတွက် လက်နက်ကိရိယာများ ဝယ်ယူရာတွင် အဓိကကျသောအခန်းမှ ပါဝင်ပြီး မြန်မာတနိုင်ငံလုံးမှ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးရုံးက ဆိုသည်။
“ဒီအစည်းအဝေးကို Lotte ဟိုတယ်မှာ ကျင်းပပြီး ကိုရီးယား ကုန်သည်ကြီးများအသင်းက ကိုယ်စားလှယ်တွေ တက်ရောက်တာ ရှက်စရာကောင်းတယ်” ဟု မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူဟောင်း မစ္စ ယန်ဟီးလီက ပြောသည်။ “ဒါဟာ တရားမဝင် စစ်ကောင်စီကို တရားဝင်မှုပေးတဲ့ သဘောပဲ” ဟု သူက ပြောသည်။
၎င်းတို့လုပ်ငန်း ရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးရန်အတွက် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်းနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့် လုပ်ငန်းသစ်မျှ မလုပ်ကြောင်း Posco ၏ လုပ်ငန်းခွဲ Posco International က FT သို့ အတည်ပြုပြောကြားသည်။
“Posco International ရဲ့ စီးပွားရေးလုပ်ငန်းတွေက မြန်မာစစ်ကောင်စီနဲ့ မပတ်သက်ဘူး” ဟုလည်း Posco International က ပြောသည်။
နိုဝင်ဘာလတွင် ကျင်းပခဲ့သော ထိုအစည်းအဝေးတွင် LG ကိုယ်စားပြုခြင်း ရှိ၊ မရှိ အတည်မပြုနိုင်သေးကြောင်း LG က FT သို့ ပြောသည်။ ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးက ဝေဖန်ပြောကြားပေးရန် မေတ္တာရပ်ခံသည်ကို အကြောင်းမပြန်ဘဲ Samsung က မှတ်ချက်ပေးရန် ငြင်းဆန်သည်။
“မြန်မာနိုင်ငံ အခြေအနေမှာ စတင်ကတည်းက အရပ်သားတွေကို အကြမ်းမဖက်ဖို့၊ ဖမ်းထားသူတွေ လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းဖို့ အာဆီယံရဲ့ လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ထောက်ခံခဲ့တယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက FT သို့ ပြောသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခြင်းနှင့် ပတ်သက်ပြီး ကိုရီးယားစီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြောင်း တောင်ကိုရီးယား အသေးစား၊ အလတ်စား လုပ်ငန်းများ ဝန်ကြီး ကွန်ချီလ်ဆောင်းက ယခုလအတွင်း FT သို့ ပြောသည်။
“အသေးစား၊ အလတ်စားလုပ်ငန်းတွေ မြန်မာကို သွားရမယ်၊ မသွားရဘူး ကျတော်တို့ ပြောလို့မရဘူး။ အခြေအနေကိုကြည့်ပြီး သူတို့ဖာသာသူတို့ ဆုံးဖြတ်ရမယ်။ မြန်မာမှာ သူတို့ရဲ့လိုအပ်ချက် ဘယ်လောက်ပြင်းထန်လဲ ဆိုတာအပေါ်မှာ မူတည်တယ်” ဟု သူက ပြောသည်။
“နိုင်ငံရေးအရပြောမယ်ဆိုရင် မြန်မာနိုင်ငံအခြေအနေ ဒီမိုကရေစီနည်းကျကျ ပြောင်းတာကို ကျနော်တို့ လိုလားတယ်” ဟုလည်း ဝန်ကြီး ကွန်ချီလ်ဆောင်းက ပြောသည်။
တောင်ကိုရီးယားသည် မြန်မာတွင် ဆဋ္ဌမ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်ပြီး အာရှ ကုမ္ပဏီများသည် စစ်ကောင်စီနှင့် ဆက်ဆံရေး၊ မဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ရန် ခက်ခဲနေကြသည်။
Posco, မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် ဖက်စပ်လုပ်နေသော ဂျပန်မှ Kirin တို့သည် တက်ကြွလှုပ်ရှားသူများထံမှ အပြင်းထန်ဆုံး ဖိအားများကို ရင်ဆိုင်နေရသည်။
Kirin သည် ထိုဘီယာဖက်စပ်လုပ်ငန်းမှ လွတ်မြောက်ရန် စင်ကာပူတရားရုံးတွင် ရင်ဆိုင်ရန် ရွေးချယ်ထားပြီး Posco က မြန်မာစတီးလုပ်ငန်းမှ စီးပွားရေးဦးပိုင်၏ အစုများကို ဝယ်ယူရန် ကြိုးစားနေသည်။
ကိုးကား။ ။ Financial Times ပါ South Korean companies met Myanmar officials despite coup censure
You may also like these stories:
ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ
ဒီမိုကရေစီလမ်း ပြန်လျှောက်ရန် တောင်းဆိုပြီး NUG ကို ထောက်ခံကြောင်း တောင်ကိုရီးယား ပြော
မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်