တိုင်းပြည်အတွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် တရုတ်နှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မည့် ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦ စီမံကိန်းများကို အမြန်ဆုံး ပြန်စတင်နိုင်ရန် မျှော်လင့်နေသည်။
စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဇင် ဘာ ၂၂ ရက်က ပူးပေါင်းထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတွင်း မတည်ငြိမ်မှုများကို မကြာသေးမီလများက အခြေအနေတခုအထိ တည်ငြိမ်အောင် လုပ်ဆောင်ထားပြီး ဖြစ်သလို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကိုလည်း အတိုင်းအ တာတခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်၍ နှစ်နိုင်ငံကြား သဘောတူညီထားခဲ့သော စီမံကိန်းကို ပြန်စတင်သွားရန် တရုတ် နိုင်ငံဘက်ကို ကမ်းလှမ်းကြောင်း ဆိုထားသည်။
စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက “ကျနော်တို့ အစိုးရက မကြာသေး မီက တရုတ်နိုင်ငံ ပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေး စီမံကိန်းများကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။ အဲဒီ သုံးသပ်ချက် က နိုင်ငံ၏ လက်ရှိ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မယ့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို ထိရောက်စွာ အကောင် အထည်ဖော်မှာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရော၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးကို အကောင်းဆုံး ကာကွယ်ပေးမှာပါ” ဟု ဆိုသည်။
စစ်ကောင်စီက ၂၀၂၀ ခုနှစ် တရုတ်သမ္မတ ရှီကျင့်ပင်၏ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရနှင့် တရုတ်နိုင်ငံကြား သဘောတူလက်မှတ် ရေးထိုးခဲ့သည့် စီမံကိန်း ၃၃ ခုကို ပြန်လည် သုံးသပ်ခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အဓိက ဦးစားပေးအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။
ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ဆက်စပ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့ အထိ ကီလိုမီတာ ၁၇၀၀ ရှည်လျားမည့် ကားလမ်းနှင့် ရထားလမ်း အခြေခံ အဆောက်အဦ စီမံကိန်း များလည်း ပါဝင်ပြီး ထိုအထူးစီးပွားရေးဇုန် စီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ပြည်နယ်အတွက် ပင်လယ် ထွက်ပေါက် ရရှိမည့် မဟာဗျူဟာမြောက် စီမံကိန်းတခု ဖြစ်သည်။
ယင်းအဆိုပြုထားသည့် စီမံကိန်းများထဲတွင် ယခုနှစ်ပိုင်းအတွင်း၌ စီမံကိန်း ၁ ခုသာ ပြီးစီးလျက်ရှိပြီး ၁၂ ခုမှာ လုပ်ဆောင် နေဆဲ ဖြစ်သလို စီမံကိန်း ၁၈ ခုမှာ အဆိုပြုလွှာ အဆင့်တွင်သာ ရှိနေကာ အဆိုပါ စီမံကိန်း အားလုံး၏ စုစုပေါင်းတန်ဖိုး သည် တရုတ်ယွမ် ၆ ဒသမ ၀၁ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်) အထိရှိကြောင်း သိရသည်။
“နိုင်ငံသည် လုံခြုံရေးတပ်ဖွဲ့များ၏ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ် လာနေသလို ပုံမှန်လူမှုဘဝ နေထိုင်မှုများလည်း ရှိလာနေတဲ့အတွက် ဒီအခြေအနေတွေက ရင်းနှီးမြှုပ်နှံသူများကို အာမခံ ချက် ပေးနိုင်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်” ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်အုန်းက ပြောဆိုထားသည်။
သို့သော်လည်း လက်ရှိတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အခြေအခံ အဆောက်အဦး စီမံကိန်းများ ဖြတ်သန်းသွားမည့် ရှမ်းပြည်နယ် ကဲ့သို့သော ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဖြစ်နေ သလို ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ပြများတွင်လည်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး စီမံကိန်းများသည် နှစ်ရှည်စီမံကိန်းများ ဖြစ်ခြင်း၊ ဒေသတခုနှင့်တခု ချိတ်ဆက်သွားမည့် စီမံ ကိန်းများ ဖြစ်ခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများသည့် ယခုလို အချိန်ကာလမျိုးတွင် အလောတကြီး ဝင်ရောက် ရင်းနှီးမြှုပ်နှံ ခြင်းထက် အခြေအနေတခုအထိ တည်ငြိမ်သော ကာလမှသာ ပို၍ ရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “တရုတ်နိုင်ငံဘက်ကလည်း အခုလို ဆုံးရှုံးနိုင်ခြေ အများကြီး ရှိနေတဲ့ အခြေအနေမျိုးမှာ ဝင်လာဖို့ကို ဘယ်လိုမှ ကြိုးစားဦးမှာ မဟုတ်ဘူး။ နောက်ဆုံး သူတို့ပြောတဲ့ ၂၀၂၃ ရွေးကောက်ပွဲပြီးလို့ တည်တည်ငြိမ်ငြိမ် ဖြစ်မယ့် အချိန်လောက် မှပဲ ဝင်လာနိုင်လိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေ မဝင်လာတော့တဲ့အခါမှာ အစိုးရချင်းပေးတဲ့ ဖွံ့ဖြိုး ရေးချေးငွေ (ODA) နဲ့ ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ပြီး အခု မတည်ငြိမ်တဲ့ စီးပွားရေးကို ကုစားဖို့ ကြံရွယ်နေ တာပေါ့” ဟု ဆိုသည်။
စစ်ကောင်စီဘက်က တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက်ပြီး မျက်စိကျနေသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဖြင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် ဆွဲဆောင်နေသော်လည်း တရုတ်နိုင်ငံဘက်ကမူ မြန်မာပြည်သူများက ၎င်းတို့ အပေါ် ထားရှိသော စိတ်နေသဘောထားနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အန္တရာယ် ကျရောက်လာနိုင်မည့် အခြေအနေများကို စိုးရိမ်လျက် ရှိသည်။
တရုတ်နိုင်ငံဘက်ကလည်း လတ်တလောတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မူဆယ်-မန္တလေး အမြန်ရထားလမ်း စသည့် စီးပွားရေးစင်္ကြန် စီမံကိန်းအောက်ရှိ အခြေခံအဆောက်အဦတချို့ကို ပတ်ဝန်းကျင်ထိခိုက်နိုင်မှု အခြေအနေများနှင့် စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု စစ်တမ်းများအား ပြီးစီးအောင် လုပ်ဆောင်ထားပြီး ဖြစ်၍ နိုင်ငံရေး တည်ငြိမ်မှုရှိလာပါက အမြန်ဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။
တချိန်တည်းတွင်ပင် မြန်မာစစ်ကောင်စီက ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံဖြိုးရေးအကူအညီအဖြစ် ပေးထားသည့် စီမံကိန်းသစ်များကို ဆိုင်းငံ့ မထားပါရန် မေတ္တာရပ်ခံနေသည်။
စစ်ကောင်စီက ခန့်အပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဂျပန်စီးပွားရေးလုပ်ငန်းများ မြန်မာပြည် ပြန်လာရန်၊ လုပ်ငန်းများတိုးချဲ့ရန်နှင့် ယခင်ကထက် ပိုကောင်းသော စီးပွားရေးဝန်းကျင် ဖန်တီးပေးရန် အာမခံကြောင်း ကျိုဒိုသတင်းဌာနအပါအဝင် ဂျပန်သတင်းမီဒီယာများသို့ ဖြေကြားသည်။
ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဆူပူအုံကြွဆန့်ကျင်မှုများ ရှိနေသော်လည်း ဝန်ကြီး ဦးအောင်နိုင်ဦးကမူ မြန်မာ့အခြေအနေမှာ ပုံမှန်ဖြစ်နေပါပြီဟုလည်း ပြောသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
ယွမ်/ကျပ် တိုက်ရိုက်ပေးချေခွင့် ဆောင်ရွက်ရန် နိုင်ငံခြားဘဏ်နှစ်ခု စစ်ကောင်စီ ခွင့်ပြု
ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ