မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုနှင့် ကပ်ရောဂါကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်သော်လည်း မြန်မာတွင် ဆက်လက် လုပ်ကိုင်နေကြောင်း သို့မဟုတ် တိုးချဲ့နေကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) အစီရင်ခံစာတစောင်အရ သိရသည်။
ထိုအစီရင်ခံစာက ကိုးကားသည့် စစ်တမ်းအရ လုပ်ငန်းများ၏ ၅၂ ဒသမ ၃ ရာခိုင်နှုန်းသည် လက်ရှိ လုပ်ငန်းလည်ပတ်မှုကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ပြီး ၁၃ ဒသမ ၅ ရာခိုင်နှုန်းက တိုးချဲ့ကာ ၂၇ ဒသမ ၅ ရာခိုင်နှုန်းက လုပ်ငန်းလျှော့ချမည် ဖြစ်သည်။ ၆ ဒသမ ၇ ရာခိုင်နှုန်းက လုပ်ငန်းရုပ်သိမ်း သို့မဟုတ် တတိယ နိုင်ငံတခုသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် ထိုအစီရင်ခံစာက မြန်မာမှ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင် ဆက်လက် ဆိုးရွားနေပါက ပိုမိုများပြားသော ဂျပန်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လုပ်ငန်းလျှော့ချ သို့မဟုတ် ထွက်ခွာရန်မှအပ အခြားရွေးစရာမရှိကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု တနှစ်နီးပါး ကြာလာသောအခါ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေ ဆက်လက် မတည်မငြိမ် ဖြစ်နေမည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြောသည်။ ကာကွယ်ဆေးထိုးမှု နည်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ ပေါ်ပေါက်ခြင်းတို့ကြောင့် ကိုဗစ်နိုင်တင်း စတုတ္ထလှိုင်း အန္တရာယ်လည်း ကြီးထွားနေသည်ဟု ဆိုသည်။
မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၇ ဒသမ ၉ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာလတွင် ခန့်မှန်းသည်။ ဧပြီလက ခန့်မှန်းထားသည်ထက် ၉ ရာခိုင်နှုန်း ပိုမိုကျဆင်းသွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် ဝ ဒသမ ၁ ရာခိုင်နှုန်း ကျုံ့သွားမည်ဟုလည်း IMF က ခန့်မှန်းသည်။
JETRO ၏ စစ်တမ်းအရ ဖြေကြားသည့် လုပ်ငန်းများ၏ ၆၃ ဒသမ ၆ ရာခိုင်နှုန်းက ၂၀၂၁ ခုနှစ်တွင် အမြတ်အစွန်း ယခင်နှစ်ထက် ကျဆင်းမည်ဟု မျှော်လင့်ပြီး ၂၇ ဒသမ ၈ ရာခိုင်နှုန်း ယခင်နှစ်က ပမာဏအတိုင်းရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
JETRO က သြဂုတ်နှင့် စက်တင်ဘာက ကောက်ယူသည့် ထိုစစ်တမ်းကို ကုမ္ပဏီပေါင်း ၁၈၀ ခန့် ဖြေဆိုသည်။ ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ဂျပန် ကုမ္ပဏီပေါင်း ၄၃၃ ခု ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံမှ လုပ်ငန်းများကို မည်သည့်အတွက် လျှော့ချ၊ ရွှေ့ပြောင်း သို့မဟုတ် ဆုတ်ခွာရသည်ကို မေးသောအခါ ၆၈ ဒသမ ၄ ရာခိုင်နှုန်းက ရောင်းအားကျဆင်းသောကြောင့်ဟု ဖြေပြီး ၅၀ ဒသမ ၉ ရာခိုင်နှုန်ူးက မြန်မာနိုင်ငံ စီးပွားတိုးတက်မှုနိမ့်ခြင်းနှင့် အလားအလာ နည်းသောကြောင့်ဟု ဖြေသည်။
မတည်ငြိမ်သော နိုင်ငံရေးအခြေအနေနှင့် နိုင်ငံအနာဂတ် မရေရာသောကြောင့် ပျက်စီးနသည့် စီးပွားရေး လုပ်ငန်း ပတ်ဝန်းကျင်ကိုလည်း အချို့က ထောက်ပြကြသည်။
အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရကို စစ်အုပ်စုက ဖြုတ်ချလိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်အစိုးရက အကူအညီသစ်များ ဆိုင်းငံ့လိုက်ခြင်းကို ဆောက်လုပ်ရေး ကုမ္ပဏီအများအပြားက ထောက်ပြကြသည်။
ကုသလမဂ္ဂ အေဂျင်စီတခုကလည်း မြန်မာအတွက် ဆိုးရွားလှသော အခြေအနေကို ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ လေးပုံတပုံဖြစ်သော လူပေါင်း ၁၄ ဒသမ ၄ သန်းသည် အစားအစာနှင့် ဆေးဝါးကဲ့သို့သော လူသားချင်းစာနာမှု အကူအညီ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
အာဏာသိမ်းပြီးနောက် အစားအစာနှင့် အခြားအရေးပါသည့် အိမ်သုံးပစ္စည်ဈေးနှုန်းများ တက်လာကြောင်းနှင့် ကပ်ရောဂါကလည်း နိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာ ညှိနှိုင်းရေးရုံးက ပြောသည်။
ကိုးကား။ ။ Mainichi သတင်းဌာနက ဖော်ပြသည့် 70% of Japan firms keep, expand business in Myanmar even after coup
You may also like these stories:
ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ
မြန်မာတွင် ဆက်လက်ရပ်တည်ရေး ထိပ်တန်းဦးစားပေး ဟု Kirin CEO ပြော
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်
အာဏာသိမ်းမှုကို ဝေဖန်သော်လည်း တောင်ကိုရီးယား ကုမ္ပဏီများ စစ်ကောင်စီနှင့် တွေ့ဆုံ