မြန်မာနိုင်ငံမှ လူအသေအပျောက်များသည့် ဖြစ်ရပ်တခု ထပ်မံဖြစ်ပွားသောကြောင့် တရုတ်၊ ဟောင်ကောင်တို့နှင့် နီးကပ်စွာဆက်စပ်နေသည့် လုပ်ငန်းတခုအကြောင်း ကာလရှည်ကြာနေပြီဖြစ်သည့် ပြောဆိုဆွေးနွေးမှုများ ပြန်လည် ပေါ်ပေါက်လာသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ကချင်ပြည်နယ်မြောက်ပိုင်း ဖားကန့်အနီးမှ မြေစာပုံ ပြိုကျသောကြောင့် အလူရာချီ ပျောက်ဆုံးခဲ့ပြီး အများအပြားသေဆုံးသွားသည်။ ထိုကဲ့သို့သော ဘေးအန္တရာယ်များသည် ကချင်ပြည်နယ်မှ အရည်အသွေးမြင့် ကျောက်စိမ်းများထွက်သော ကြီးမားသည့် မှော်များတွင် ပုံမှန်ဖြစ်ပွားနေသည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကလည်း မိုးသည်းထန်စွာ ရွာသောကြောင့် ဖြစ်ပေါ်သည့် မြေစာပုံပြိုကျမှုတွင် ကျောက်စိမ်းရှာသူ အနည်ဆုံး လူ ၁၆၀ သေဆုံးသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကလည်း မြေစာပုံ ပြိုကျသောကြောင့် လူအနည်းဆုံး ၁၃ ဦး သေဆုံးသည်။
ထိုဒေသတွင်းမှ ကျောက်စိမ်းမှော်များနှင့် လူမှုအသိုက်အဝန်းများသည် အကျိုးအမြတ်များသော ကျောက်စိမ်း ကုန်သွယ်မှုအတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်ရသည်။ ထိုကျောက်စိမ်းလုပ်ငန်းသည် ၂၀၁၄ ခုနှစ်က တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံတန်ပြီး ထိုနှစ်က မြန်မာနိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက်ရှိကြောင်း ပွင့်လင်းမြင်သာမှု ဆော်သြသည့် အဖွဲ့အစည်းဖြစ်သော Global Witness က ပြောသည်။ ထိုလုပ်ငန်းတွင် ပွင့်လင်းမြင်သာမှု မရှိသောကြေင့် သိရှိရန်ခက်ခဲသော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့ကျောက်စိမ်း ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်း၏ ရင်းမြစ်ဖြစ်သည်ဟု ယုံကြည်ကြသည်။
ထိုလုပ်ငန်း၏ ဆိုးကျိုးများကို ခံစားရသော အလုပ်သမားများမှာ ကျောက်စိမ်း အများအပြားကို စက်ယန္တရားကြီးများဖြင့် တူးဖော်သည့် ကုမ္ပဏီကြီးများက စွန့်ပစ်လိုက်သည့် မြေစာပုံများတွင် လက်ဖြင့် ရေမဆေးကျောက် ရှာသူများဖြစ်သည်ဟု International Growth Centre (IGC) မှ စီးပွားရေး သုတေသီများက ပြောသည်။ အလုပ်သမားများသည် ခက်ခဲ အန္တရာယ်များသော အခြေအနေများကို ရင်ဆိုင်ရပြီး ထိုမြေစာပုံများတွင် လူအသေအပျောက်များသည့် မြေပြိုမှုဖြစ်ကာ မြန်မာအစိုးရအဆက်ဆက်ကလည်း ကာကွယ်မှု ညံ့ဖျင်းသည်။
ကျောက်မျက်တူးဖော်ရေး လုပ်ငန်းကြောင့် ထိုလူမှုအသိုက်အဝန်းတွင် မူးယစ်ဆေးပြဿနာကို ပိုမိုဆိုးရွားစေကြောင်း၊ အထူးသဖြင့် လက်ဖြင့် ရေမဆေးကျောက်ရှာသူများ အကြားတွင် ပိုမို ဆိုးရွားစေကြောင်း Global Witness မှ မြန်မာနိုင်ငံဆိုင်ရာ လှုံ့ဆော်သူ မစ္စ ဟန်နာ ဟင်းဒ်စထရွန်းက ပြောသည်။ ရေမဆေးကျောက်ရှာသူများသည် အလုပ်ကြမ်းဒဏ် ခံနိုင်စေရန် မက်သာဖက်တမင်းနှင့် ကဖင်း ရောထားသည့် ယာဘဆေးပြားများကို သုံးလေ့ရှိပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေရန်အတွက် ဘိန်းကို သုံးကြကြောင်းလည်း သူမက ပြောသည်။
“မူးယစ်ဆေးပြဿနာ အကြီးအကျယ်ရှိတယ်။ ကျောက်မှော်ထဲမှာ အလုပ်လုပ်ရတဲ့ အခြေအနေတွေကြောင့် ကျောက်တွင်းလုပ်သား အများအပြားက ဘိန်းဖြူနဲ့ ယာဘ စွဲနေကြတယ်” ဟု သူမက ပြောသည်။
ပုဂ္ဂလိက ကော်ပိုရေးရှင်းများသည် တခါတရံ အစိုးရပိုင် လုပ်ငန်းများနှင့် ပူးပေါင်းကာ သသာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဘဲ ဒေသတွင်းမှ ကြီးမားသော ကျောက်တူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
စည်းကမ်းထိန်းကြောင်းမှု လျော့လျဲသော ကျောက်တူးဖော်ရေး လုပ်ငန်းကြီးများသည် မြေပြိုခြင်း၊ ရေကြီးခြင်း စသည့် အခြေအနေများကို ဖန်တီးပေးနေပြီး ဒေသ ရေအရင်းအမြစ်များကိုလည်း ခြိမ်းခြောက်ကာ ဒေသ မြေမျက်နှာပြင်ကို အကြီးအကျယ် ပြောင်းလဲစေကြောင်း IGC အစီရင်ခံစာက ဖော်ပြသည်။
ကျောက်စိမ်းသည် စစ်အုပ်စုနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား ပဋိပက္ခကိုလည်း မီးထိုးပေးနေသည်။ နှစ်ဘက်စလုံးက ကျောက်စိမ်းလုပ်ငန်းဖြင့် ၎င်းတို့စစ်ဆင်ရေးများကို ငွေကြေးပံ့ပိုးကာ ဒေသတွင်းတွင် ပဋိပက္ခကို မီးထိုးပေးနေသည်။
“အဲဒီက လူမှုအသိုက်အဝန်းတွေကို ပဋိပက္ခက ထိခိုက်စေတာ ဆယ်စုနှစ်များစွာ တွေ့နေရတယ်” ဟု မစ္စ ဟင်းဒ်စထရွန်းက ပြောသည်။ “ပဋိပက္ခနဲ့ သယံဇာတ ထုတ်ယူခြင်းအကြား နီးကပ်တဲ့ ဆက်စပ်မှုတွေ ရှိနေတယ်” ဟုလည်း သူမက ပြောသည်။
တချိန်တည်းတွင် ဟောင်ကောင်မှ ကျောက်စိမ်းတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်း တိုးလာကြောင်း ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ဖော်ပြသည်။ မြန်မာနိုင်ငံမှ တူးဖော်ရရှိသော ကျောက်စိမ်းများ၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ တင်ပို့ကြောင်း Global Witness က ဖော်ပြသည်။
မြန်မာနိုင်ငံမှထွက်သော အရည်အသွေးမြင့် ကျောက်စိမ်းသည် ဈေးကောင်းရသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလက ဟောင်ကောင်မှ Sotheby လေလံပွဲတွင် ကျောက်စိမ်းလက်ကောက် တကွင်းသည် ဟောင်ကောင်ဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) အထိရသည်။
တရုတ် နိုင်ငံသို့ရောက်ရှိသည့် ကျောက်စိမ်းအများစုကို မှောင်ခိုသွင်းခြင်း ဖြစ်သောကြောင့် ဒေသခံ လူမှု အသိုက်အဝန်းများ၏ အဖိုးတန် ရင်းမြစ်များအတွက် အခွန်ဒေါ်လာ ဘီလီယံချီ နစ်နာသည်ဟု Global Witness က ဖော်ပြသည်။
ကျောက်စိမ်းလုပ်ငန်း ပြုပြင်ပြောင်းလဲရေးအတွက် Global Witness နှင့် အခြားအဖွဲ့အစည်းများသည် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကြောင့် ထိုအားထုတ်မှုများ ရပ်ဆိုင်းသွားသည်။ ပြည်တွင်းတွင် ပြုပြုပြောင်းလဲမည့် အခြေအနေ မရှိသလောက်ဖြစ်သောကြောင့် အပြောင်းအလဲဖြစ်စေရန် နိုင်ငံတကာ အသိုက်အဝန်းက ပိုမိုအရေးယူရန် လိုကြောင်း မစ္စ ဟင်းဒ်စထရွန်းက ပြောသည်။
“ဖောက်သည်တွေရဲ့ အသိတရား ပိုမိုလိုအပ်တယ်။ မြန်မာနိုင်ငံက ကျောက်စိမ်းဟာ ဘယ်နည်းနဲ့မှ ပဋိပက္ခမကင်းဘူး၊ မဖြစ်နိုင်ဘူး” ဟုလည်း သူမက ပြောသည်။
(South China Morning Post ပါ How Chinese demand for Myanmar’s jade fuels a deadly, corrupt industry; ‘We need more consumer consciousness,’ one expert says ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီက ကျောက်စိမ်းများကို ရေလမ်းကြောင်းဖြင့် ပြောင်းသယ်
စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ
ရှာတာက ကျောက်စိမ်း တွေ့တာက မူးယစ်ဆေး
မုဒိမ်းကျင့်ခံရသလိုပဲ ခံစားနေရပါတယ်