ဂျပန်ဘီယာနှင့် အဖျော်ယမကာ လုပ်ငန်း Kirin Holdings နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (MEHL) တို့ ဖက်စပ် လုပ်ကိုင်ပြီး မြန်မာဘီယာ အပါအဝင် ဘီယာ အမှတ်တံဆိပ် ၅ မျိုးခန့် ထုတ်လုပ်နေသော မြန်မာဘရူဝါရီ ကုမ္ပဏီကို ဖျက်သိမ်းရန် ဦးပိုင်၏ လျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်ကြောင်း သိရသည်။
ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဦးပိုင် လီမိတက်မှ တင်သွင်းလာသည့် ဖျက်သိမ်းရေး အသနားခံစာကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် ခြောက်ကြိမ်မြောက် ကြားနာ စစ်ဆေးပြီးနောက် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ MEHL ၏ အသနားခံစာသည် အကျုံးမဝင်ကြောင်း Kirin ၏ ငြင်းဆိုချက်ကို တရားရုံးက လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်သတင်းဌာန Nikkei Asia ၏ သတင်းတွင် ဖော်ပြထားသည်။
ဦးပိုင်သည် ၎င်း၏ ရှယ်ယာများကို စွန့်လွှတ်ပြီးနောက် Kirin သည် ထိုလုပ်ငန်း ဆက်လက် လည်ပတ်ရန် မျှော်လင့်ထား ပြီး အသနားခံစာကို ပယ်ချရန် တရားရုံးကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဦးပိုင်သည် အထက် တရားရုံးသို့ အယူခံဝင်နိုင်သည် သို့မဟုတ် အသနားခံစာ ပြန်တင်နိုင်ပြီး ယခု အငြင်းပွားမှုကို မည်သည့် နည်းလမ်းဖြင့် ဆက်လက် ဖြေရှင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဂျပန် Kirin သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပူးပေါင်းမှုကို အဆုံးသတ်ရန် ကြိုးစားခဲ့ပြီး ကုမ္ပဏီနှစ်ခုကြား မအောင်မြင်သော ညှိနှိုင်းမှုများအပြီး ဦးပိုင်နှင့် Kirin တို့ သက်ဆိုင်ရာ နိုင်ငံ တရားရုံးအသီးသီးသို့ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဦးတိုက်လျှောက်ထားခဲ့ကြသည်။
Kirin က စင်ကာပူနိုင်ငံရှိ နိုင်ငံတကာ အနုညာတ ခုံရုံးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဦးတိုက် လျှောက်ထားခဲ့သည်။
မြန်မာဘရူဝါရီ ကုမ္ပဏီကို Kirin က ၅၁ ရာခိုင်နှုန်းနှင့် ဦးပိုင်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြသည်။
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက် ရှာဖွေရေး ကော်မရှင်၏ အစီအရင်ခံစာအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ရိုဟင်ဂျာများကို မြန်မာစစ်တပ်က လူအခွင့်အရေး ချိုးဖောက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဂျပန် Kirin ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဦးပိုင်ကို ၂၀၂၀ တွင် အမြတ်ဝေစု ခွဲဝေပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်သည့် နောက်ပိုင်းတွင် ဦးပိုင်နှင့် အကျိုးတူ ဖက်စပ် ဆောင်ရွက်နေမှုများကို အဆုံးသတ်သွားမည် ဖြစ်သော်လည်း ၎င်း၏ လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း၌ ဆက်လက်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း Kirin ဘက်က ပြောကြားထားသည်။
You may also like these stories:
မြန်မာတွင် ဆက်လက်ရပ်တည်ရေး ထိပ်တန်းဦးစားပေး ဟု Kirin CEO ပြော
ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်
မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်