မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL) နှင့် မြန်မာ ဘီယာထုတ်လုပ်သော ကုမ္ပဏီကို ပိုင်ဆိုင်မှုအငြင်းပွားနေသော Kirin Holdings ဂျပန်ကီရင် ဘီယာ လုပ်ငန်းစုသည် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကီရင်ကုမ္ပဏီက ယနေ့ (ဖေဖော်ဝါရီ ၁၄) ထုတ်ပြန်လာသည်။
ဂျပန်အခြေစိုက် ထိပ်ကတန်း အဖျော်ယမကာလုပ်ငန်းစု ကီရင်သည် မြန်မာ့စီးပွားရေးဦးပိုင် ကြား အငြင်းပွားမှုကို ဖြေရှင်းရေး မျှော်လင့်ချက်မရှိတော့၍ မြန်မာနိုင်ငံတွင်းမာ ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာန Nikkei Asia က ဖော်ပြသည်။
ကီရင်သည် မြန်မာဘီယာ အပါအဝင် ဘီယာအမှတ်တံဆိပ် ၅ မျိုးခန့် ထုတ်လုပ်နေသော ၎င်း၏ လုပ်ငန်းကို ပိတ်သိမ်းရေး လုပ်ငန်းများကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဘီယာ အမှတ်တံဆိပ်များ ထုတ်လုပ်သော ဖက်စပ်ကုမ္ပဏီ မြန်မာဘရူဝါရီ ကုမ္ပဏီကို Kirin က ၅၁ ရာခိုင်နှုန်းနှင့် ဦးပိုင်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြသည်။
ဂျပန်ကီရင်ဘီယာလုပ်ငန်းစုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ပထမဆုံးကြေညာလာသည့် ဂျပန်ကုမ္ပဏီတခုဖြစ်သည်။
ကီရင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဦးပိုင်နှင့် ပူးပေါင်းမှုကို အဆုံးသတ်ရန် ကြိုးစားခဲ့ပြီး ကုမ္ပဏီ ၂ ခုကြား မအောင်မြင်သော ညှိနှိုင်းမှုများအပြီး ဦးပိုင်နှင့် ကီရင် တို့သည် သက်ဆိုင်ရာ နိုင်ငံတရားရုံးအသီးသီးတို့တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဦးတိုက်လျှောက်ထားခဲ့ကြပြီး မြန်မာ့ဘီယာဈေးကွက်တွင် ဆက်လက်လုပ်ကိုင်ရန် မျှော်လင့်နေခဲ့ သော်လည်း ယခုတွင် အပြီးတိုင်ထွက်ခွာသွားရန် ဆုံးဖြတ်လာခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက် ရှာဖွေရေး ကော်မရှင်၏ အစီအရင်ခံစာအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ရိုဟင်ဂျာများကို မြန်မာစစ်တပ်က လူအခွင့်အရေး ချိုးဖောက်ခဲ့မှုများနှင့် ပတ်သက်ပြီး ကီရင်ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဦးပိုင်ကို ၂၀၂၀ တွင် အမြတ်ဝေစု ခွဲဝေပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။
ကီရင်သည် ၎င်း၏ ရှယ်ယာများ အားလုံးကို စစ်တပ်နှင့် ဆက်နွယ်မှုမရှိသော ကုမ္ပဏီတခုထံသို့ ရောင်းချရန် စီစဉ်နေပုံရပြီး အရောင်းအဝယ်တန်ဖိုးကို ဝယ်ယူလိုသည့် ကုမ္ပဏီကြား လာမည့် ဇွန်လတွင် ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း Nikkei Asia သတင်းဌာနက ဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီကြီးများ နှင့် တယ်လီနော ဆက်သွယ်ရေးအော်ပရေတာ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပေါင်း ၂၀ ကျော်က ၎င်းတို့၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများကို ရပ်ဆိုင်းပြီး ထွက်ခွာတော့မည်ဟု ကြေညာထားကြသည်။
You may also like these stories:
မြန်မာဘရူဝါရီကို ဖျက်သိမ်းရန် ဦးပိုင် လျှောက်ထားမှု တရားရုံး ပယ်ချ
ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်
တယ်လီနောမြန်မာရောင်းချမှု စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီပါ၍ ကန့်ကွက်ခံနေရ
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်
စစ်ကောင်စီ ဆိုက်ဘာဥပဒေကို စီးပွားရေးလုပ်ငန်းများ ဆန့်ကျင်
မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး