စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသည့် နိုင်ငံခြားကုမ္ပဏီများနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို လက်တွဲဖြုတ်လာသည့် နိုင်ငံခြားကုမ္ပဏီ ပေါင်း ၂၅ အထိ ရှိလာသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့၏ မြန်မာနိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းများကို ရပ်ဆိုင်းပြီး ပြန်လည်ထွက်ခွာမှုသည် နိုင်ငံ ၁၄ ခုမှ ကုမ္ပဏီပေါင်း ၂၅ အထိရှိကြောင်း ပြည်တွင်းသုတေသနအဖွဲ့အစည်းတခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)၏ စစ်တမ်းအရ သိရသည်။
ထိုကုမ္ပဏီများထဲတွင် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၊ တိုယိုတာကားကုမ္ပဏီ၊ ကီရင် ဘီယာလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း Adani ကုမ္ပဏီ နှင့် ရေနံကုမ္ပဏီကြီးဖြစ်ကြသည့် Total၊ Chevron၊ Wood side တို့အပါအဝင် ဖြစ်သည်။
အဆိုပါ ကုမ္ပဏီများထဲမှ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု စတင်နေဆဲနှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခဲ့သော ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၀ ဘီလီယံ ကျော် အထိ ရှိသည်။ (တချို့ကုမ္ပဏီများမှာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး မဖော်ပြထားခြင်းကြောင့် ထိုပမာဏာထက် ပိုများနိုင်သည်။)
စစ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုအသစ် မဝင်ရောက်ခြင်း နှင့် ရပ်ဆိုင်းလိုက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် မြန်မာနိုင်ငံ ပုံမှန်နှစ် ၁ နှစ်အတွင်း ဝင်ရောက်သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ၏ ထက်ဝက်နီးပါးအထိ ရှိသည်။
စစ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုအသစ် မဝင်ရောက်ခြင်း နှင့် ရပ်ဆိုင်းလိုက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် မြန်မာနိုင်ငံ ပုံမှန်နှစ် ၁ နှစ်အတွင်း ဝင်ရောက်သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ၏ ထက်ဝက်နီးပါးအထိ ရှိသည်။
စစ်ကောင်စီဘက်ကမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၂ ဘီလီယံကျော်အထိ ရှိကြောင်း ထုတ်ပြန်ထားသည်။ ထိုအထဲတွင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော သဘာဝဓာတ်ငွေ့ရည်(LNG) မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း မီးလင်းချိုင်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိသည်။
သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် လုပ်ငန်းလည်ပတ်နေသော ရင်းနှီးမြှုပ်နှံမှုများပင် ပြန်လည်ထွက်ခွာနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင် ရောက်လာခြင်းထက် ရင်းနှီးမြှုပ်နှံနေဆဲ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းသာ ဖြစ်နိုင်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေထုတ်ပြန်မှုအပေါ် စီးပွားရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုကြသည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော စစ်တပ်၏ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်များ ကြောင့် မြန်မာနိုင်ငံတွင်း ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့် အတွက် ထွက်ခွာရခြင်းဖြစ်ကြောင်း အထက်ပါကုမ္ပဏီများထဲမှ အများစုက ထုတ်ပြန်ထားသည်။
ထို့အပြင် အများပြည်သူလူထု၏ ဆန့်ကျင်သပိတ်မှောက်မှုကြောင့်လည်း မြန်မာစစ်တပ် နှင့် လက်တွဲ လုပ်ဆောင်ခဲ့သော စီးပွားရေးလုပ်ငန်းတချို့သည် ဝင်ငွေလျော့ကျသွားခြင်းကို အကြီးအကျယ် ရင်ဆိုင် ခဲ့ကြရသည်။
နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းသည် မြန်မာစစ်တပ်အနေဖြင့် ဘယ်သူမှ လက်ခံနိုင်ဖွယ်မရှိသော လူ့အခွင့်အရေးချိုးဖောက်များကို လုပ်ဆောင်နေကြောင်း သက်သေပြချက်တခုဖြစ်ပြီး နိုင်ငံတကာမျက်နှာစာတွင်လည်း နိုင်ငံရေးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာများ အကြီးအကျယ်ထိခိုက်ခြင်းဖြစ်သည်။
ယခုလို နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းသည် မြန်မာစစ်တပ်အနေဖြင့် ဘယ်သူမှ လက်ခံနိုင်ဖွယ်မရှိသော လူ့အခွင့်အရေးချိုးဖောက်များကို လုပ်ဆောင်နေကြောင်း သက်သေပြချက်တခုဖြစ်ပြီး နိုင်ငံတကာမျက်နှာစာတွင်လည်း နိုင်ငံရေးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာများ အကြီးအကျယ်ထိခိုက်ခြင်းဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money)၏ ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် ကိုရဲက ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ သူတို့အကျိုးစီးပွားက လွဲရင် ဘာမှ ဂရုမစိုက်ဘူးဆိုပြီး ရပ်တည်ခဲ့တဲ့ ကုမ္ပဏီကြီးတွေ၊ ဩဇာလည်း ရှိတယ်၊ အာဏာလည်း ရှိတယ်၊ ပိုက်ဆံလည်း အရမ်းချမ်းသာတဲ့ ရေနံကုမ္ပဏီကြီးတွေ ထွက်သွားတာက တော်တော်ကိုကြီးတဲ့ Impact ပဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ ကုမ္ပဏီတွေပါ ဂရုစိုက်လာရတဲ့အထိ ဆိုးဝါးတဲ့ အခြေအနေဆိုတာ ပေါ်လွင်တာပေါ့” ပြောဆိုသည်။
စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့ အကျိုးစီးပွားအတွက် အကျိုးအမြတ်ရှာဖွေကြခြင်းဖြစ်ပြီး ထိုသို့ အကျိုးအမြတ်များများရရန် သူတို့၏ ပုံရိပ်သည် အရေးကြီးခြင်းကြောင့် ယခုလို ကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်းသည် ကျန်ရှိနေခဲ့သည့် အခြားသော နိုင်ငံခြားကုမ္ပဏီများအတွက် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း သူက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်း မရှိသေးသော်လည်း စစ်တပ်ပိုင်ကုမ္ပဏီများဖြစ်ကြသည့် မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် နိုင်ငံပိုင် လုပ်ငန်း တချို့နှင့် လက်တွဲလုပ်ဆောင်နေသော နိုင်ငံခြားကုမ္ပဏီတချို့သည်လည်း ပူးပေါင်းလုပ်ဆောင်မှုများကို ရပ်နားထားလိုက်ကြသည်။
တောင်ကိုရီးယားကုမ္ပဏီ POSCO သည် မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းများကို ရပ်ဆိုင်းပြီး ပြန်လည် ထွက်ခွာခြင်းမရှိသေးသော်လည်း မြန်မာ့စီးပွားရေးဦးပိုင် နှင့် လက်တွဲလုပ်ဆောင်နေသော သံမဏ္ဏိ ထုတ်လုပ်ငန်းတခုကို ရပ်ဆိုင်းခဲ့သည်။
နိုင်ငံပိုင်လုပ်ငန်းတခုဖြစ်သည့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်း ဝယ်ရေးလုပ်ငန်း (MPPE) နှင့် လေယာဉ် ဆီတင်သွင်းလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်နေသော စင်ကာပူကုမ္ပဏီ PUMA ကလည်း ထိုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက ရပ်နားထားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး သင်္ဘောလိုင်းကုမ္ပဏီဖြစ်သော ဒိန်းမတ် အခြေစိုက် Maersk ကုမ္ပဏီက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စစ်တပ်ပိုင်ဆိပ်ကမ်းများကို အသုံးမပြုတော့ကြောင်း ကြေညာခဲ့ထားပြီး ထိုင်ဝမ်သင်္ဘောလိုင်းကုမ္ပဏီ EverGreen ကလည်း တပ်ပိုင်ဆိပ်ကမ်းများကို အသုံးပြုတော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန် ကြေညာလာခဲ့သည်။
“ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာတဲ့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ဆက်နေဖို့ သူတို့ တော်တော်ခက်ခဲတယ်။ အသစ်လာဖို့ဆိုတာက ကိုဗစ်ရော၊ နိုင်ငံရေး အခြေ အနေနဲ့ဆိုတော့ ဘယ်လိုမှ မလွယ်နိုင်ဘူး ”
“ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာတဲ့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ဆက်နေဖို့ သူတို့ တော်တော်ခက်ခဲတယ်။ အသစ်လာဖို့ဆိုတာက ကိုဗစ်ရော၊ နိုင်ငံရေး အခြေ အနေနဲ့ဆိုတော့ ဘယ်လိုမှ မလွယ်နိုင်ဘူး ” ဟု အရပ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်၌ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် တာဝန်ယူခဲ့သူ တဦးက ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးအစီအစဉ်များသည် အခက်အခဲ အများအပြားရှိနေသလို လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားများအပြင် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု အခြေအနေများကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံအသစ် ဝင်ရောက်မှုသည် မလွယ်ကူနိုင်ကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်နေသည့် Y Complex စီမံကိန်းရှိ ဂျပန်ကုမ္ပဏီများဖြစ်ကြသည့် Tokyo Tatemono နှင့် Fujita ၊ သီလဝါအထူး စီးပွားရေးဇုန်သို့ ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား တည်ဆောက်စီမံကိန်းမှ Yokogawa Bridge Corp နှင့် Sumitomo Mitsui Construction တို့အပြင် စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်မည့် INNO City စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသော တောင်ကိုရီးယား INNO လုပ်ငန်းစုတို့သည် လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၏ ဖိအားပေးခြင်းကို ခံနေရလျက်ရှိသည်။
You may also like these stories:
တယ်လီနော မြန်မာရောင်းချမှု ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်လေ့လာနေ
တမူးခရိုင်တွင် သစ်ခိုးထုတ်ခံရမှု ဆိုးရွားစွာဖြစ်ပေါ်နေ
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
ဂျပန်ကီရင်ဘီယာ မြန်မာနိုင်ငံမှ ထွက်ခွာမည်
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်