စီးပွားရေး

ကမ္ဘာ့ရွှေဈေးကျသော်လည်း မြန်မာ့ရွှေဈေး အမြင့်တွင်သာ ရှိနေ

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်လာပြီးနောက် ကမ္ဘာ့ရွှေဈေးမှာ တရက်အတွင်း ၁ အောင်စလျှင် အမေရိကန် ဒေါ်လာ ၄၆ ဒေါ်လာအထိ မြင့်တက်ခဲ့ရာမှ ယနေ့ တွင် ၁ အောင်စ ၂၈ ဒေါ်လာအထိ ပြန်လည် ကျဆင်းခဲ့သော်လည်း မြန်မာ့ ရွှေဈေးမှာ ကျဆင်းခြင်း နည်းပါးကာ အမြင့်ဈေးတွင်သာ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း စာရင်းများအရ သိရသည်။

ကမ္ဘာ့အရေးကြောင့် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်)က ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၉၄၂ အထိ မြင့်တက်ခဲ့ချိန်တွင် မြန်မာ့ရွှေဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၁၉ သိန်း ၃ သောင်းကျော်အထိ ရှိခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ကမ္ဘာ့ရွှေ ၁ အောင်စ ဒေါ်လာ ၁၉၁၄ အထိ ကျဆင်းချိန်တွင် မြန်မာ့ ရွှေဈေးမှာ ၁ ကျပ်သား ကျပ် ၁၉ သိန်း ၃ သောင်း ကျော်အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာ အတိုင်းအတာ တကျပ်သားသည် ဗြိတိသျှ အတိုင်းအတာ ၀ ဒဿမ ၅၇၆ အောင်စနှင့် ညီမျှသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က “ဒီနေ့ကတော့ ကမ္ဘာ့ရွှေဈေးကျတော့ ပြည်တွင်းမှာလည်း ရွှေဈေးကျပါတယ်။ ဒီနေ့တော့ ကျပ် ၁၉ သိန်း ၃ သောင်းလောက်နဲ့ စဖွင့်တယ်။ အခုကတော့ ကျပ် ၁၉ သိန်း ၂ သောင်းပတ်ချာလည်လောက်ပဲ ရှိတော့တယ်။ ကျနော်တို့ ဒီနေ့ အစည်းဝေးလုပ်တာကတော့ ပုံမှန်လုပ်ငန်းတွေ လည်းပါပါတယ်။ ရွှေလုပ်ငန်းတွေလည်း ပါပါတယ်။ ရွှေနဲ့ ပတ်သက်လို့ ထိန်းထိန်း သိမ်းသိမ်းရောင်းကြ၊ ဝယ်ကြဖို့ နဲ့ ရောင်းထား၊ ဝယ်ထားတာတွေကို မနေ့က ဈေးတွေ တက်လာတဲ့အခါကျတော့ အပြီးရှင်းဖို့ ပြောကြပါတယ်။ မြန်မာ့ရွှေဈေးတက်တာကတော့ ကမ္ဘာ့ရွှေဈေးကြောင့်ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးကျသော်လည်း မြန်မာ့ရွှေဈေး ကျဆင်းခြင်း မရှိ အတက်ပိုင်း တွင်ရှိနေခြင်းနှင့်ပတ်သက်ပြီး ၎င်းက ဖြေကြားခြင်း မရှိပေ။

ဆက်လက်၍ ရွှေလုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမျိုးမြင့်က လက်ရှိ ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ ကြောင့်သာ ဖြစ်ပြီး ပြည်တွင်း၏ ယခုအချိန်သည် တွင်းထွက် ရွှေထွက်ရှိမှုလည်း များသလို သယ်ယူပို့ဆောင်ရေးလည်း အဆင်ပြေကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ရုံးတွင် တရက်လျှင် ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်ပြုလုပ်လျက်ရှိနေပြီး အရောင်းသမားက အဝယ်ထက် ပို၍ များသည်ဟု သိရသည်။

ရန်ကုန်မြို့ တွင်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “ဈေးကွက်ကတော့ အခုကမ္ဘာ့ဈေးက နည်းနည်းပြန်အေးတယ်။ တက်အကျကတော့ ရုရှားကိစ္စကြောင့်ပါပဲ။ မနေ့ကဆိုရင် မြန်မာ့ရွှေက ကျပ် ၄ သောင်းကျော်လောက်အထိ တရက်အတွင်းတက်သွားတာ။ ဒီနေ့က နည်းနည်းလောက်တော့ကျတယ်။ ဒါပေမယ့် အမြတ်ရှာတဲ့ သဘောပေါ့။ အခုကတော့ ရုရှား အရေးကို သိပ်မကြောက်ရပေမယ့် နေတိုးတပ်ဖွဲ့ တွေပါလာမှာဆိုးတယ်။ ဒါဆိုရင်တော့ ဈေးကွက်က ကမောက်ကမ ဖြစ်နိုင်တယ်။ အခုအခြေအနေအရတော့ မြန်မာ့ရွှေက ကျပ် ၁၉ သိန်း ၄ သောင်း ဝန်းကျင်မှာပဲ ရှိတယ်”ဟု ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။

ရွှေဆိုင်များ၏ အရောင်းအဝယ်ဈေးကွက်မှာ လက်ရှိ ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့်လည်း အတုံးအခဲ ဝယ်စုသည့် သူများ ရှိသော်လည်း စီးပွားရေးကျဆင်း နေသဖြင့် လက်ဝတ်ရတနာ ၁၅ ပဲရည်ဈေးကွက်တွင် နှစ်စဉ် အရောင်းအဝယ်ကောင်းသည့် ယခုအချိန်သည် ဝယ်သူမရှိသည့် ဈေးကွက် ဖြစ်နေပြီး ပြန်လည် ရောင်းချသူသာ များနေကြောင်း ၎င်းရှင်းပြသည်။

ထိုပြင် ရွှေနှင့် ဆက်စပ်သည့် ပြည်တွင်း ဒေါ်လာဈေးကွက်တွင်လည်း ရုရှား-ယူကရိန်းအရေးကြောင့် ပြင်ပ ဒေါ်လာ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ် ၂၀၀၀ ကျော် ဖြစ်နေပြီး အရောင်းအဝယ်မှာ ပုံမှန်အတိုင်း ခပ်အေးအေးသာ ရှိနေကြောင်း ဒေါ်လာ ရောင်းဝယ်ရေးလုပ်ကိုင်သူ တဦးက ပြောသည်။

“အခုဈေးကတော့ ရုရှား-ယူကရိန်း အရေးကြောင့်ပဲ ဒီဘက် ပြည်တွင်း အခြေအနေအရကတော့ အကျပဲ ဘာမှ မကောင်းဘူး။ ကုန်သွယ်ရေးကတော့ အကျပဲ။ အခု ကမ္ဘာ့အရေးကြောင့်သာ ဈေးပြန်မော့သွားတာ”ဟု ၎င်းက ပြောသည်။

ယခုအချိန်သည် မြန်မာ့ စီးပွားရေး မကောင်းသလို တဖက်တွင် ကမ္ဘာ့ နိုင်ငံရေး လှုပ်ခတ်မှုများ ရှိနေသဖြင့် စီးပွားရေး သမားအများစုက ရွှေဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်ရင်းနှီးမြှပ်နှံလာနိုင်သလို ဈေးကွက်အခြေအနေသည် အပြောင်းအလဲ မြန်ဆန်နိုင်သောကြောင့် သတိထား ရောင်း၊ ဝယ်ကြရန် ဈေးကွက် လေ့လာသူ တချို့က သုံးသပ်ထားသည်။

You may also like these stories:

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်

မြန်မာကို လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံခရီးစဉ်အတွင်း စီမံကိန်းတချို့ လက်သိပ်ထိုးပေးခဲ့

တမူးခရိုင်တွင် သစ်ခိုးထုတ်ခံရမှု ဆိုးရွားစွာဖြစ်ပေါ်နေ

Loading