ထိုင်းနိုင်ငံ အခြေစိုက် စွမ်းအင် ကုမ္ပဏီကြီးဖြစ်သော PTTEP က ကမာ္ဘ့စွမ်းအင် ကုမ္ပဏီများဖြစ်သည့် ပြင်သစ်ကုမ္ပဏီ TotalEnergies နှင့် အမေရိကန်ကုမ္ပဏီ Chevron တို့ ထွက်ခွာသွားသော မြန်မာ့ကမ်းလွန်မှ ရတနာသဘာဝ ဓာတ်ငွေ့ စီမံကိန်း လည်ပတ်မှုကို ဦးဆောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသည်။
လာမည့် ဇူလိုင်လမှ စတင်ကာ မြန်မာ့ကမ်းလွန် လုပ်ကွက်တခုဖြစ်သည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း လည်ပတ်မှုကို လွှဲပြောင်းရယူသွားမည် ဖြစ်ကြောင်း မတ်လ ၁၄ ရက်က PTTEP က ထုတ်ပြန်ခဲ့သည်။
“ရတနာ စီမံကိန်းကနေ နုတ်ထွက်ဖို့ TotalEnergies က ဆုံးဖြတ်ချက်ချပြီးနောက် သဘာဝ ဓာတ်ငွေ့ ထောက်ပံ့မှု အခက်အခဲ အနှောင့်အယှက် မဖြစ်စေဖို့အတွက် PTTEP က အော်ပရေတာအဖြစ် ဆက်ခံဖို့ သေချာ စဉ်းစားထားပါတယ်” ဟု PTTEP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမာ္ဘ့ ထိပ်တန်းရေနံနှင့် စွမ်းအင်လုပ်ငန်းကြီးများဖြစ်သည့် TotalEnergies နှင့် Chevron တို့သည့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အများပြည်သူ လူထုအပေါ် လူ့အခွင့်ရေးချိုးဖောက်မှု အခြေအနေများ ပိုမို ဆိုးရွားလာခြင်းကြောင့် ၎င်းတို့၏ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို နုတ်ထွက်တော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါ ရီလတွင် ထုတ်ပြန်ထားကြသည်။
ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းတွင် TotalEnergies က အဓိက ရှယ်ယာရှင်နှင့် စီမံခန့်ခွဲသူဖြစ်ပြီး ရှယ်ယာ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Chevron က ၂၈ ရာခိုင်နှုန်းနှင့် PTT ထိုင်းနိုင်ငံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး (PTTEP) က ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ နိုင်ငံပိုင် လုပ်ငန်း ဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ကျန် ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြသည်။
ရှယ်ယာ အလွှဲအပြောင်း ကိစ္စရပ်များသည် လာမည့် ဇူလိုင်၂၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး PTTEP က အစုရှယ်ယာ ၃၇ ဒသမ ၁ ရာခိုင်နှုန်း၊ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် Chevron ၏ လုပ်ငန်းခွဲ Unocal Myanmar Offshore Company Limited က ၄၁ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည် ဖြစ်ကြောင်း PTTEP ၏ ထုတ်ပြန်ချက်အရ သိရသည်။
PTTEP က “စွမ်းအင်ကို သာတူညီမျှ ရရှိရေးသည် လူသား အားလုံးရထိုက်သည့် အခြေခံလူ့အခွင့်အရေး တရပ်ဖြစ်ပြီး ထိုစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုက နှစ်နိုင်ငံ(ထိုင်း-မြန်မာ) ပြည်သူလူထု၏ ကောင်းကျိုး ချမ်းသာအတွက်လည်း အရမ်းကို အရေးပါပါတယ်” ဟု ဆိုထားသေးသည်။
လက်ရှိ အချိန်တွင် ရတနာ စီမံကိန်းမှ တရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၇၇၀ ခန့် (MMSCFD) ထုတ်လုပ် နေပြီး မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့် ခန့်မှန်းခြေ ကုဗပေသန်း ၂၂၀ (MMSCFD) ကို မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ထောက်ပံ့ပေးလျက်ရှိပြီး ကျန်ရှိသော သဘာဝဓာတ်ငွေ့ ကုဗ ပေသန်း ၅၅၀ (MMSCFD) သည် ထိုင်းနိုင်ငံ၏ အနောက်ဘက်နှင့် အလယ်ပိုင်းတွင် နေထိုင်သော ပြည်သူ ၁၁ သန်း အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် အဓိက အရင်းအမြစ် ဖြစ်ကြောင်း PTTEP က ဆိုထားသည်။
ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ တင်သွင်းသည့် ဓာတ်ငွေ့ပမာဏသည် ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၁၁ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးလျက် ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြတ်ချခဲ့ပြီးနောက် ထောင်နှင့် ချီသော ဆန့်ကျင်ဆန္ဒပြသူများကို သတ်ဖြတ်ခြင်းနှင့် တိုင်းရင်းသား ဒေသများ အပါအဝင် အရပ်သား ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုင်ခြင်း အစရှိသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကြောင့် ဒါဇင်နှင့်ချီသော နိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် မြန်မာနိုင်ငံ၌ ဆက်လက် ရပ်တည်ရန် ခက်ခဲရှိလာ၍ ပြန်လည် ထွက်ခွာလျက်ရှိကြသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍတွင် ပြင်သစ် TotalEnergies၊ အမေရိကန် Chevron၊ ဩစတေးလျ Woodside၊ မလေးရှား ကုမ္ပဏီ Petronas နှင့် ဂျပန်ကုမ္ပဏီ Mitsubishi တို့က ၎င်းတို့၏ ရှယ်ယာများ ပြန်ထုတ်ရောင်းပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။
ထိုသို့ ရေနံနှင့် စွမ်းအင်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ဟု ကြေညာပြီးနောက် ဥရောပသမဂ္ဂ (EU) က မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE ကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု ချမှတ်ခဲ့သည်။
You may also like these stories:
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်
မြန်မာကို လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို
ရဲတံခွန် စီမံကိန်းမှ Petronas နှင့် Mitsubishi ကုမ္ပဏီတို့ နုတ်ထွက်မည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်
မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး