အာရှမှ စွမ်းအင်လုပ်ငန်းများသည် မြန်မာတွင် ဆက်လက် လုပ်ကိုင်နေသောကြောင့် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ချမှတ်ထားသည့် အရေးယူမှုများ၏ သက်ရောက်မှု ထိခိုက်စေမည်။
နိုင်ငံတကာအသိုက်အဝန်းက မြန်မာစစ်ကောင်စီကို ဖိအားပေးရန် ဆက်လက်လုပ်ဆောင်နေသောကြောင့် EU သည် ၎င်းတို့၏ ကုမ္ပဏီများနှင့် တသီးပုဂ္ဂလ ပုဂ္ဂိုလ်များအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ငွေကြေး မထောက်ပံ့ရန်နှင့် EU နယ်မြေအတွင်းရှိ ထိုလုပ်ငန်းများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်း လွန်ခဲ့သောလက ကြေညာခဲ့သည်။
ထိုလုပ်ငန်းများသည် သယံဇာတ ရှာဖွေထုတ်လုပ်ရေး စီမံကိန်းများကိုသာမက မြန်မာမှ ဓာတ်ငွေ့လုပ်ငန်းများ လုပ်ပိုင်ခွင့်အတွက် အစိုးရသို့ ပေးဆောင်ရသော ငွေများကိုလည်း ကောက်ခံသည်။
မြန်မာစစ်ကောင်စီသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၎င်း၏ စုစုပေါင်းအသုံးစရိတ် ၁၀ ရာခိုင်နှုန်း နီးပါးနှင့် ညီမျှသည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိရန် မျှော်လင့်ထားသည်။
ဒီမိုကရေစီလိုလားသော အင်အားစုများက ပြည်ပ ကုမ္ပဏီများအနေဖြင့် MOGE သို့ ငွေပေးချေမှု ရပ်ဆိုင်းရန် တောင်းဆိုထားသည်။ ထိုငွေများသည် နိုင်ငံတွင် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေမည့် ငွေများဖြစ်ကြောင်း ဒီမိုကရေစီအင်အားစုများက ပြောသည်။
အန်ဒမန်ပင်လယ်အတွင်း မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဓာတ်ငွေ့လုပ်ကွက်ဖြစ်သော ရတနာလုပ်ကွက်တွင် ရင်းနှီးမြုပ်နှံထားသည့် ပြင်သစ် နိုင်ငံစုံလုပ်ငန်းဖြစ်သော TotalEnergies က မြန်မာမှ ၆ အတွင်း ထွက်ခွာမည်ဖြစ်ကြောင်း ဇန်နဝါရီလက ကြေညာထားသည်။ အမေရိကန် ရေနံလုပ်ငန်းကြီးဖြစ်သော Chevron ကလည်း မြန်မာမှ ထွက်ခွာရန် စဉ်းစားနေသည်။
တဘက်တွင် အာရှကုမ္ပဏီများသည် မြန်မာမှ ၎င်းတို့၏ အကျိုးစီးပွားများကို စွန့်လွှတ်ရန် စိတ်အား ထက်သန်ခြင်း မရှိကြပေ။
တောင်ကိုရီးယား သံမဏိလုပ်ငန်းကြီး Posco ၏ ကုန်သွယ်ရေးလုပ်ငန်းခွင်ဖြစ်သော Posco International သည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းလွန် ရွှေဓာတ်ငွေ့လုပ်ကွက်တွင် ၅၁ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်သည်။
ထိုလုပ်ကွက်မှ ထွက်သည့် ဓာတ်ငွေ့အများစုကို တရုတ်နိုင်ငံသို့ တင်ပို့သော်လည်း အချို့ကို မြန်မာနိုင်ငံအတွင်းမှ ဓာတ်အားပေး စက်ရုံများတွင် အသုံးပြုသည်။ ထိုလုပ်ကွက်ကို ရပ်ဆိုင်းလိုက်ပါက မြန်မာမှ ဓာတ်အားပေး စက်ရုံများအတွက် လောင်စာပံ့ပိုးမှု ပြတ်တောက်သွားပြီး အရပ်သားများကို ထိခိုက်နစ်နာစေမည်ဟု Posco International က ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်သည် Posco International က ရှယ်ယာပိုင်သည့် တခုတည်းသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ၏ အမြတ်ငွေ ဝမ် ၅၈၅ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၄၇၂ သန်း) ၏ ၃၀ ရာခိုင်နှုန်းကို ရှာဖွေပေးသည်။ ထိုကုမ္ပဏီသည် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းသို့ ၂၀၄၃ ခုနှစ်အထိ ဓာတ်ငွေ့ရောင်းချရန် ကန်ထရိုက်ချုပ်ဆိုထားသည်။
Posco International သည် ယခုနှစ်ကုန်တွင် ထုတ်လုပ်မှုစတင်မည့် ရင်းနှီးမြှုပ်နှံမှု အဆင့် ၂ အဖြစ် ဒေါ်လာ သန်း ၄၇၀ မြှုပ်နှံရန် ဆက်လက်လုပ်ဆောင်နေသည်။ ထို့အပြင် အဆင့် ၃ အတွက်လည်း နောက်ထပ် ဒေါ်လာ ၃၁၅ သန်း ရင်းနှီးမြှုပ်နှံဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းသည် ထိုလုပ်ငန်းအတွက် အကြီးအကျယ် ထိခိုက်နစ်နာစေမည် ဖြစ်သည်။
တချိန်တည်းတွင် ထိုင်းနိုင်ငံမှ PTT Exploration and Production က ရတနာဓာတ်ငွေ့လုပ်ကွက် စီမံခန့်ခွဲရေး လုပ်ငန်းများကို Total ထံမှ လွှဲယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ် တနင်္လာနေ့တွင် ကြေညာသည်။
“ရတနာ စီမံကိန်းသည် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးမှ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများသို့ ဓာတ်ငွေ့ထောက်ပံ့မှုတွင် အရေးပါသော ရင်းမြစ်ဖြစ်သည်” ဟု PTT Exploration and Production က ကြေညာသည်။
Total က ရတနာစီမံကိန်းမှ ထွက်ခွာပြီး ၎င်း၏ ရှယ်ယာများကို လက်ရှိ ရှယ်ယာရှင်များအကြား ပြန်လည်ခွဲဝေလိုက်သောကြောင့် ထိုစီမံကိန်းမှ MOGE ၏ အကျိုးအမြတ်သည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ တိုးသွားသည်။
ထိုင်းနိုင်ငံသည် ၎င်း၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက် ၁၅ ရာခိုင်နှုန်းအတွက် မြန်မာကို မှီခိုနေရပြီး ထိုဓာတ်ငွေ့ကို မရပါက ၎င်း၏ စက်မှုလုပ်ငန်းများကို ထိခိုက်စေနိုင်သည်။
မြန်မာသည် သဘာဝဓာတ်ငွေ့ကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းများမှ တင်ပို့သည်။ ထိုနှစ်နိုင်ငံလုံးကလည်း ဓာတ်ငွေ့တင်သွင်းမှု ထိန်းချုပ်ရန် မစဉ်းစားကြပေ။ တင်ပို့မှုနှင့် လုပ်ပိုင်ခွင့် အခကြေးငွေများ ပေးချေမှုကို MOGE သို့ ဆက်လက် ပေးနေသမျှ ဥရောပ အရေးယူပိတ်ဆို့မှုများသည် မြန်မာစစ်ကောင်စီ ဝင်ငွေအပေါ်တွင် ထိရောက်မှု အကန့်အသတ်ဖြင့်သာ ရှိမည်ဖြစ်သည်။
ရှယ်ယာရှင်သစ်များ ခေါ်ယူခြင်းသည် မြန်မာစစ်ကောင်စီကို ကူညီသည့်သဘော ဖြစ်နေကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်သော Earthrights International က သတိပေးထားသည်။
ယနေ့အချိန်အထိ အမေရိကန် ပြည်ထောင်စုသည် MOGE ကို ပစ်မှတ်ထားသည့် ပြစ်ဒဏ်များ မချမှတ်သေးပေ။ ဝါရှင်တန်က ထိုသို့သော အရေးယူမှုမျိုး လုပ်ဆောင်ပါက ဒေါ်လာအခြေခံသည့် ပေးချေမှုများသည် ထုံးစံအားဖြင့် အမေရိကန်ဘဏ်များမှ ဖြတ်သန်းရသောကြောင့် အကျပ်အတည်း ကျရောက်စေမည် ဖြစ်သည်။ EU ၏ အရေးယူပိတ်ဆို့မှုများဖြင့် ပေါင်းစပ်လိုက်ပါက MOGE သည် ဓာတ်ငွေ့လုပ်ကွက်များ လည်ပတ်ရန် လိုအပ်သော ပစ္စည်းများကို ဝယ်ယူနိုင်တော့မည် မဟုတ်ပေ။
သို့တိုင် ယခင်က မြန်မာစစ်အုပ်စုသည် အမေရိကန်နှင့် အခြားနိုင်ငံများက ၂၀၁၁ ခုနှစ်အထိ ပိတ်ဆို့ အရေးယူထားသော်လည်း ဓာတ်ငွေ့ ဆက်လက် ထုတ်လုပ်နိုင်ကြသည်။
ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာသော်လည်း ဓာတ်ငွေ့လုပ်ကွက်များသည် ဒေါ်လာ မဟုတ်သည့် အခြားငွေကြေးများဖြင့် ငွေပေးငွေယူလုပ်ကာ အဟန့်အတားမရှိ ဆက်လက် လည်ပတ်နိုင်ကြောင်း ထိုလုပ်ငန်းမှ အတွင်းလူများက ပြောသည်။
မြန်မာစစ်ကောင်စီခန့် ဗဟိုဘဏ်သည် မြန်မာကျပ်ငွေနှင့် တရုတ် ယွမ်ငွေ၊ ထိုင်း ဘတ်ငွေများ တိုက်ရိုက်လဲလှယ်ခွင့်ကို မကြာမီက ခွင့်ပြုခဲ့သည်။
ကိုးကား။ ။ Nikkei Asia မှ Asian majors keep Myanmar gas pumping despite EU sanctions
You may also like these stories:
တယ်လီနောမြန်မာကို M1 နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ လက်လွှဲ
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်း PTTEP ဦးဆောင်မည်
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ
လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ