အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်သည် တယ်လီနော မြန်မာကို ဝယ်ယူခွင့်ရရှိခဲ့သည့် Investcom PTE Ltd ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားကြောင်း ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
Investcom ကုမ္ပဏီသည် လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီအုပ်စုနှင့် စီးပွားရေး လုပ်ငန်းရှင် ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်ထူထောင်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။
Investcom ကုမ္ပဏီတွင် ရှယ်ယာ ၈၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ခွင့်ရလာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီ၌ ဒေါ်ခင်သီရိသက်မွန် က ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်ကြောင်း ထိုအကြောင်းကို သိသော စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
အခြားသော စီးပွားရေးလုပ်ငန်းရှင် ၂ ဦးကလည်း ရွှေဗျိုင်းဖြူကုမ္ပဏီ အနေဖြင့် တယ်လီနောမြန်မာကို ဝယ်ယူရန် တပ်ချုပ်သမီးဖြစ်သူက ငွေကြေးရင်းနှီးမြှုပ်နှံလိုက်သည်ဟု သိရှိထားကြောင်း ဆိုကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သမီး ဒေါ်ခင်သီရိသက်မွန်သည် အနုပညာနှင့် ဖျော်ဖြေရေးလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်၍ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်သည့် Seventh Sense Company Limited ကို ၂၀၁၇ တွင် ထူထောင်ကာ နှစ်စဉ် ကျပ်သိန်းပေါင်းသောင်းချီ ရင်းနှီးမြှုပ်နှံပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းကဏ္ဍ၏ ထိပ်တန်းကုမ္ပဏီတခုအဖြစ် နေရာဝင်ယူလာခဲ့သည်။
Seventh Sense ကုမ္ပဏီသည် ထိုအချိန်က မြန်မာ့ရုပ်ရှင်လောက၏ နာမည်ကြီး ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး အတော် များများကို စာချုပ်ချုပ်ဆိုထားနိုင်သည့် တခုတည်းသောကုမ္ပဏီဖြစ်ပြီး အဆိုပါ ရုပ်ရှင်အနုပညာဖျော်ဖြေရေးကုမ္ပဏီနှင့် အတူ တပ်ချုပ်၏သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်သည် လူသိရှင်ကြား စီးပွားရေးလုပ်ကိုင်သူအဖြစ် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် မြန်မာစစ်တပ်က ရှယ်ယာပါဝင်ထားသော ဆက်သွယ်ရေးကုမ္ပဏီ Mytel အပါအဝင် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာများအတွက် တာဝါတိုင်များ တည်ဆောက်ပေးနေသော စင်ကာပူအခြေစိုက် Pinnacle Asia ကုမ္ပဏီတွင်လည်း ဒေါ်ခင်သီရိသက်မွန်က ရှယ်ယာရှင်တဦးအဖြစ် ပါဝင်သည်။
တပ်ချုပ်မိသားစုသည် စီးပွားရေးလုပ်ငန်းများတွင် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တချို့ကို ရှေ့ထွက်လုပ်ခိုင်းပြီး နောက်ကွယ်ကနေ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ် လုပ်ဆောင်လျက် ရှိသည်။
ထိုစီးပွားရေးလုပ်ငန်းရှင်တချို့ထဲမှ Amazing Hotels & Resorts ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်နှင့် Sky One ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်နိုင်တို့သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ လုပ်ကိုင်ချင်သော စီးပွားရေးလုပ်ငန်းများတွင် ရှေ့ထွက်လုပ်ပေးရသူများ ဖြစ်သည်။
ယခုအခါ တပ်ချုပ်မိသားစုအတွက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပေးရန် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်လည်း ပါဝင်လာပြီ ဖြစ်သည်။
“စက်သုံးဆီလုပ်ငန်း အဓိကလုပ်ကိုင်တဲ့သူ ဖြစ်တဲ့အတွက် ငွေကြေးအများအပြား သူ့လက်ထဲမှာ ရှိဖို့မလွယ်ဘူး။ ဘာလို့ ဆိုရင် ပြည်ပကနေ ဆီတင်သွင်းရတာက အကြွေးနဲ့မရဘူး။ လက်ငင်းငွေချေ ရှင်းရတာလေ။ သူ့တယောက်တည်းအားနဲ့ တယ်လီနောကို ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု စက်သုံးဆီ တင်သွင်းသည့်လုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။
နော်ဝေးအခြေစိုက် တယ်လီနောအုပ်စုသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က သုံးစွဲသူများ ၏ အချက်အလက်အား တောင်းခံခြင်း၊ ကြားဖြတ်နားထောင်နိုင်ရန် ဆော့ဖ်ဝဲများ တပ်ဆင်ခိုင်းခြင်း၊ ဝန်ထမ်းအကြီးအကဲ တချို့ကို နိုင်ငံပြင်ပသို့ ထွက်ခွာ၍မရရှိအောင် ထိန်းသိမ်းထားခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာ နိုင်ငံမှ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောမြန်မာကို ၂၀၂၁ ဇူလိုင်လအတွင်း၌ လက်ဘနွန်အခြေစိုက် M1 သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့သည်။
သို့သော် စစ်ကောင်စီဘက်က တယ်လီနောမြန်မာကို M1 ကုမ္ပဏီတဦးတည်းဆီသို့ ရောင်းချမှုကို ခွင့်မပြုပေးခဲ့ဘဲ ၎င်းတို့ နှင့် နီးစပ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီကို ပါဝင်ခွင့်ပေးရန် ဖိအားပေးခဲ့ခြင်းကြောင့် တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စ သည် ယခု ၂၀၂၂ မတ်လအတွင်းမှ အပြီးသတ်နိုင်ခဲ့သည်။
ထို့သို့ အပြီးသတ်သွားရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အတည်ပြုပေးလိုက်ခြင်းသည်လည်း တပ်ချုပ်မိသားစုက ရှယ်ယာထည့်ဝင်ထားသည်ကို MIC က သိရှိသွား၍ဖြစ်ကြောင်း ထိုအရောင်းအဝယ်ကိစ္စနှင့် နီးစပ်သော ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တချို့၏ အဆိုအရ သိရသည်။
ဦးသိန်းဝင်းဇော်သည် စက်သုံးဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်သူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရေတပ်ဦးစီးချုပ်ဟောင်းများ ဖြစ်ကြသည့် ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) စိုးသိန်းနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း (လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး) တို့ အပါအဝင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။
ယခုသတင်းနှင့် ပတ်သက်ပြီး ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
တယ်လီနောမြန်မာ၏ အဓိကရှယ်ယာရှင်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်နေသော စစ်အုပ်စုနှင့် နီးစပ်သည့်ကုမ္ပဏီ ဖြစ်လာမည့်အခြေအနေရှိပြီး သုံးစွဲသူပေါင်း ၁၈ သန်းအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိလာနိုင်၍ ယခုလက်လွှဲရောင်းချမှုကို ရပ်ဆိုင်းရန် နော်ဝေးအစိုးရ ရှယ်ယာအများစုပါဝင်သော တယ်လီနောအုပ်စုကို အရပ်ဘက်အဖွဲ့ အစည်းများက ဖိအားပေး တောင်းဆိုလျက် ရှိသည်။
You may also like these stories:
တယ်လီနောမြန်မာကို M1 နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ လက်လွှဲ
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
တယ်လီနော မြန်မာရောင်းချမှု ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်လေ့လာနေ
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ
အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့