ဂျပန်အဖျော်ယမကာ လုပ်ငန်းကြီး ကီရင်က မြန်မာမှလုပ်ငန်းများကို လွန်ခဲ့သောလက ရပ်ဆိုင်းသောအခါ အခြား ယမကာသမား အများအပြားကဲ့သိုပင် ကိုကျော်ကြီးသည် မြန်မာစစ်အုပ်စု၏ လုပ်ငန်းစုနှင့် ပူးပေါင်း ထုတ်လုပ်သော ထိုဘီယာကို သပိတ်မှောက်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ထူးခြားသည့် သတင်းမဟုတ်ပေ။
နှစ်ပေါင်းများစွာ ကြာအောင် မြန်မာဘီယာသည် စားသောက်ဆိုင်များနှင့် ဆူပါမားကတ်များတွင် လွှမ်းမိုးခဲ့ပြီး ထိုလုပ်ငန်းကို ဂျပန်က ကျောထောက်နောက်ခံ ပေးထားခြင်းသည်။ ၂၀၁၁ ခုနှစ်တွင် စစ်အုပ်စုက မြန်မာကို ချုပ်ကိုင်မှု ဖြေလျှော့ပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ သင်္ကေတ ဖြစ်ခဲ့သည်။
သို့သော် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဗိုလ်ချုပ်များက ဖြုတ်ချလိုက်ပြီးနောက် လူအများအပြားက ထိုဘီယာကို ဆပ်ပြာမှ ကော်ဖီအထိပါသော စစ်အုပ်စုနှင့် ပတ်သက်သည့် ကုမ္ပဏီများက ထုတ်လုပ်သည့် အခြားပစ္စည်းအများအပြားနှင့်အတူ ကျောခိုင်းလိုက်ကြသည်။
“တခြား ဘီယာတွေက စစ်အုပ်စုကို အခွန်ဆောင်နေမှန်း ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ငွေတွေ အားလုံး သူတို့လက်ထဲ ရောက်သွားတာမျိုးကို မလိုလားဘူး” ဟု ရန်ကုန်မှ လူသိများသည့် စားသောက်ဆိုင် နေရာဖြစ်သော ရန်ကုန်မြို့၊ ၁၉ လမ်းမှ ဘားတခုပြင်ပတွင် ထိုင်နေသော သင်္ဘောသား ကိုကျော်ကြီးက ပြောသည်။
“အဲဒီ ဘီယာကို ကျနော်တို့ ရှောင်တယ်။ ဆိုင်မှာ မြန်မာဘီယာပဲ ရှိတယ်ဆိုရင် ကျနော်တို့ ဘီယာ မသောက်ဘူး” ဟု ကိုကျော်ကြီးဟု အမည်လွှဲထားသူက ပြောသည်။
၎င်းတို့ အသိုက်အဝန်းသည် အယ်လ်ကိုဟော ၅ ရာခိုင်နှုန်းပါသည့် အပျော့စား ထိုဘီယာကို လွန်ခဲ့သော ဧပြီလက စတင်ပြီး မရောင်းတော့ကြောင်း ရန်ကုန်၏ စည်ကားသော မြို့လယ် လမ်းတခုမှ စားသောက်ဆိုင် မန်နေဂျာ ကိုဇော်နိုင်က ပြောသည်။
၎င်းတို့သည် ထိုဘီယာ အမှာစာများကို ပယ်ဖျက်လိုက်ရုံသာမက ၎င်း၏ ကုန်အမှတ်တံဆိပ်ဖြစ်သော အနီရောင်၊ အဖြူရောင်နှင့် ရွှေရောင်တံဆိပ်ပါသည့် ထိုင်ခုံများ၊ စားပွဲများ၊ ထီးများကိုပါ ပြန်ယူသွားရန် ပြောခဲ့သည်ဟု သူကပြောသည်။
“ကျနော်တို့ ဆိုင်နာမည်နဲ့ မြန်မာဘီယာ အမှတ်တံဆိပ်ကိုတွေ့ရင် လူတွေက မလာကြတော့ဘူး” ဟုလည်း သူက ပြောသည်။
ဝယ်လိုအားကျဆင်း
စစ်ကောင်စီက အတိုက်အခံများကို ဖြိုခွဲခြင်းအတွက် ဒေါသများ ဆူပွက်နေသောကြောင့် ထိုဘီယာကို ဆက်လက် ရောင်းချနေသည့် အသိုက်အဝန်းများသည် ပြင်းထန်သော အကျိုးဆက်များကို ခံကြရသည်။ စစ်ကောင်စီသည် ထိုဖြိုခွဲမှုအတွင်း လူ ၁,၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ပြည်တွင်းမှ လေ့လာစောင့်ကြည့်နေသည့် အဖွဲ့တခုက ပြောသည်။
မတ်လအစောပိုင်းက ထိုဘီယာကို ရောင်းချနေဆဲဖြစ်သော ရန်ကုန်ရှိ ဘားဆိုင်နှစ်ခုနှင့် ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမှ စားသောက်ဆိုင်တခု ပြင်ပတွင် ဗုံးများပေါက်ကွဲကြောင်း ပြည်တွင်း မီဒီယာများ၏ အဆိုအရ သိရသည်။
နိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသတွင် ထိုဘီယာကို ပို့ဆောင်နေသည့် ယာဉ်မောင်းများကို ဒေသခံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများက ရပ်တန့်စေပြီး ဘီယာများကို ဖျက်ဆီးကြောင်းလည်း ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။
ကီရင်နှင့် စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့ စီးပွားရေး ဦးပိုင်တို့ စီမံသည့် Myanmar Brewery သည် ဈေးကွက် ဝေစု ၈၀ ရာခိုင်နှုန်းအထိ ရခဲ့ကြောင်း ကီရင်က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
၂၀၂၁ ခုနှစ်တွင် ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းများ အဟန့်အတား ဖြစ်ပြီးနောက် ထိုလုပ်ငန်း၏ နှစ်ကုန် လုပ်ငန်းလည်ပတ်မှု အမြတ်မှာ ယန်း ၆ ဒသမ ၆ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၅၄ သန်း) သာ ရှိတော့သည်။ ယခင်တနှစ်က အမြတ်ငွေ ယန်း ၁၃ ဒသမ ၈ ဘီလီယံနှင့် ယှဉ်ပါက သိသိသာသာ ကျဆင်းသွားသည်။
လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအား မြင့်မားလာသောကြောင့် စစ်တပ် ကျောထောက်နောက်ခံပြု လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းရန် လပေါင်းများစွာ ကြိုးစားပြီးနောက် လွန်ခဲ့သော ဖေဖော်ဝါရီလတွင်မူ ၎င်းတို့သည် မြန်မာမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ထိုသို့ သပိတ်မှောက်ခြင်းနှင့် မြန်မာမှ ထွက်ခွာရခြင်းကြောင့် ၎င်း၏ ပြိုင်ဘက်များဖြစ်သော Heineken, Carlsberg နှင့် ထိုင်းနိုင်ငံမှ Chang ဘီယာတို့သည် လစ်ဟာသွားသော နေရာကို ရယူရန် ရည်မှန်းနေကြသည်။
အဆိုပါ ယမကာလုပ်ငန်း ၃ ခုတို့သည် မြန်မာဘီယာထံမှ ဈေးကွက်ဝေစုများ၊ အထူးသဖြင့် မြို့ကြီးများမှ ဈေးကွက် ဝေစုများကို ရယူလိုက်ကြသည်ဟု အမည်မဖော်လိုသော ရန်ကုန်အခြေစိုက် ဘီယာဈေးကွက် လေ့လာသူတဦးက ပြောသည်။
တစုံတရာ ဝေဖန်ပြောကြားပေးရန် AFP သတင်းဌာနက Carlsberg ကို ဆက်သွယ်ခဲ့သည်။
Heineken မှ အမည် မဖော်လိုသည့် ကိုယ်စားလှယ်တဦးကမူ စားသုံးသူများ၏ အလေ့အထကို အကဲဖြတ် မှတ်ချက်ပေးရန် စောလွန်းသေးကြောင်းပြောသည်။
သောက်သူတွေလည်း ဆက်သောက်ကြ
ရန်ကုန်မြို့ ၁၉ လမ်းတွင် ဖောက်သည်များသည် စစ်အုပ်စု ကျောထောက်နောက်ခံ မရှိသည့် ဘီယာဖြစ်သော Chang, Heineken က ပိုင်သည့် Tiger နှင့် Carlsberg ၏ Tuborg ဘီယာများကို ပြောင်းသောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ကိုအောင်မျိုးက ပြောသည်။
“အရသာ ကောင်းတာတောင်မှ လူတွေက မြန်မာဘီယာကို မသောက်ကြတော့ဘူး” ဟု AFP သတင်းဌာနသို့ သူက ပြောသည်။
“ဝယ်လိုအားက လုံးဝကျဆင်းသွားတယ်” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေတွင် ဖောက်သည်များ အနေဖြင့် မြန်မာဘီယာကို ငြိမ်းချမ်းစွာ သောက်သုံးနိုင်သည့် နေရာအချို့လည်း ရှိနေသည်။
စစ်အုပ်စုက တည်ဆောက်ထားသည့် နေပြည်တော်ရှိ လူကျပ်သော ဘားများသည် မကြာသေးမီ စနေည တညအထိ ထိုဘီယာကို ဆက်လက် ရောင်းချနေသလို စစ်အာဏာသိမ်းမှုနှင့် ဆက်စပ် အကြမ်းဖက်မှု နည်းသည့် ဝေးလံသော ဒေသများတွင် ရနိုင်သေးသည်။
ထိုသို့ သပိတ်မှောက်ခြင်းကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း ဝေဖန်ကြသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသော ရက္ခိုင့်တပ်တော် (AA) အကြား အပစ်အခတ် ရပ်စဲထားသောကြောင့် နိုင်ငံ၏ ကျန်အစိတ်အပိုင်းများတွင် ဖြစ်ပေါ်နေသည့် ဖရိုဖရဲအခြေအနေများမှ ရခိုင်ပြည်နယ်သည် ကင်းလွတ်နေသည်။
“ဒီမှာတော့ ဘာသပိတ်မှောက်တာမှ မတွေ့ဘူး” ဟု ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဘားတခုတွင် အသက် ၂၈ နှစ်အရွယ် အစိုးရဝန်ထမ်း ကိုထွန်းထွန်းက ပြောသည်။ စစ်တွေတွင် မြန်မာဘီယာ ကြော်ငြာဘုတ်ကြီးများသည် လမ်းဘေးတွင် ရှိနေဆဲဖြစ်သည်။
“ဒါကြောင့် ကျနော်တို့ကတော့ ဆက်သောက်နေတာပဲ။ အယ်လ်ကိုဟောလည်း နည်းပြီး အရသာလည်း ကောင်းတယ်လေ” ဟု သူက ပြောသည်။
စစ်အုပ်စုသည် တနိုင်ငံလုံးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို လိုက်လံစစ်ဆင်နေချိန်တွင် AA သည် ထိုတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သီးခြားတရားရုံးနှင့် အုပ်ချုပ်ရေးများ ထူထောင်ကာ ပြည်နယ်အတွင်း အင်အားတိုးချဲ့နေသည်ဟု သုတေသီများက ပြောသည်။
၂၀၁၉ ခုနှစ်တွင် စတင်သည့် AA နှင့် စစ်အုပ်စုအကြား တိုက်ပွဲများကြောင့် တနိုင်ငံလုံးတွင် အဆင်းရဲဆုံး ဖြစ်သော ပြည်နယ်အတွင်း လူပေါင်း ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည်။
လက်ရှိငြိမ်းချမ်းရေး တည်ရှိနေချိန်တွင် သူ့အနေဖြင့် အပြောင်းအလဲ လုပ်မည်မဟုတ်ကြောင်း အသက် ၂၇ နှစ် အရွယ် ကိုညီညီက ပြောသည်။
“စစ်တပ်နဲ့ ပြဿနာမရှိရင် ကျနော်တို့က ထုံးစံအတိုင်း မြန်မာဘီယာကိုပဲ ဆက်ရွေးချယ်နေမှာပဲ” ဟု သူက ပြောသည်။
ကိုးကား။ ။ AFP သတင်း Military-Linked Myanmar Beer’s Sales Tumble Amid Boycott
You may also like these stories:
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်
ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်သမားနှင့် အမေရိကန်ဒေါ်လာလက်ဝယ်ရှိသူများ ထိခိုက်နိုင်
မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထား၍ သွင်းကုန်ဈေးနှုန်းများ မြင့်လာနိုင်
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း