မြန်မာကို ရှောင်ရန် ကမ္ဘာလှည့်ခရီးသည်များကို တိုက်တွန်း
စစ်ကောင်စီက ပြန်ပေးဆွဲမှုများနှင့် သတ်ဖြတ်မှုများ၊ အစားအစာ မလုံလောက်မှုများနှင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း အပါအဝင် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်များအတွက် လမ်းဖွင့်ပေးရန် ပြင်ဆင်လာပြီးနောက် ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန် တိုက်တွန်းမှုများ ဖြစ်ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချအာဏာသိမ်းပြီး တနှစ်ကျော်ကြာသောအချိန်တွင် မြန်မာ စစ်ကောင်စီက ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်ရန်နှင့် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ရန် ကြေညာသည်။
“မြန်မာကို သွားဖို့ ဘယ်သူ့ကိုမှ အကြံပေးမှာမဟုတ်ဘူး” ဟု Burma Humanitarian Mission ဥက္ကဋ္ဌနှင့် Backpack Medics ပရဟိတလုပ်ငန်းမှ အစီအစဉ် ဒါရိုက်တာ မိုက်ကယ် အစ်ရှာဝုဒ်က ပြောသည်။ “ခရီးသည်တွေအတွက် မြန်မာက ပြန်တံခါးဖွင့်လိုက်ရင် ပြည်သူကို ဖိနှိပ်နေတဲ့ စစ်ကောင်စီကိုပဲ အဓိက အကျိုးဖြစ်စေမယ်” ဟု သူက ဆက်ပြောသည်။
ကမ္ဘာလှည့်ခရီးသည်များကို ပြန်လည်ဖွင့်ပေးမည့် သတင်းအနည်းငယ် လွန်ခဲ့သော နှစ်ကုန်က ထွက်လာသောအခါ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယခုအချိန်သည် ရှုမျှော်ခင်းကြည့်ရမည့် အချိန်မဟုတ်ကြောင်း The Straits Times သတင်းစာသို့ ပြောကြားပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းမပြုရန် ကမ္ဘာလှည့် ခရီးသည်များကို တိုက်တွန်းခဲ့သည်။
အခြားနိုင်ငံ အများအပြားကဲ့သို့ပင် မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း ကူးစက်မှုကို တားဆီးရန် နယ်စပ်များကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ပိတ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရ (NLD) သည် နိုင်ငံကို အုပ်ချုပ်နေဆဲ ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် ထိုအာဏာကို ဆုံးရှုံးသွားသည်။ ခုခံရေးအင်အားစုများ ပေါ်ပေါက်လာပြီး ထိုအချိန်မှစတင်ကာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ ဆန္ဒပြပွဲများနှင့် စီးပွားရေး ပြိုလဲမှုဖြစ်နေသည်။
ကုလသမဂ္ဂ မဟာမင်းကြီး မစ်ရှဲလ် ဘက်ရှလက်က မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းသည် စစ်ကောင်စီတပ်များ၏ စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများအတွင်း ဆက်လက် ကျယ်ပြန့်နေကြောင်း လွန်ခဲ့သောလ ပြောကြားခဲ့သည်။
ယခု မြန်မာတွင် လူပေါင်း ၁၄ ဒသမ ၄ သန်း ကျော်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု သတ်မှတ်ထားရကြောင်း သူက ဆက်လက်ပြောကြားပြီး လာမည့်လများအတွင်း ရိက္ခာရှားပါးမှုသည် အကြီးအကျယ် ပိုမိုဆိုးရွား လာမည်ဖြစ်ကြောင်း သူက ခန့်မှန်းသည်။
အငြင်းပွားဖွယ် ဖမ်းဆီးခံရနိုင်သည့် အန္တရာယ် ရှိသောကြောင့် ဗြိတိန်နိုင်ငံက မြန်မာသို့ မသွားမဖြစ် အရေးပါသည့် ခရီးများမှအပ ကျန်ခရီးများ သွားရောက်ခြင်း မပြုရန် အကြံပြုထားသည်။
မြန်မာနိုင်ငံ ပုံမှန်အခြေအနေသို့ ပြန်မရောက်သေးချိန်တွင် ခရီးသွားလုပ်ငန်း ပြန်လည် ဖွင့်လှစ်ခြင်းသည် ပုံမှန်အခြေအနေ ရောက်နေသယောင် ထင်သွားစေနိုင်ကြောင်း အစ်ရှာဝုဒ် ပြောပြီး ထင်သလို ဖမ်းဆီးမှုများ၊ ကျေးရွာများကို မီးရှို့မှုများ၊ တိုင်းရင်းသား နယ်စပ်ဒေသများမှ အဓမ္မပြုကျင့်မှုများ၊ တရားလက်လွတ် သတ်ဖြတ်မှုများကို ကိုးကားဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ အဆိုအရ စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် လူပေါင်း ၁,၆၀၀ ကျော်သေဆုံးပြီး ၁၂,၅၀၀ ကျော်အဖမ်းခံရကာ လူပေါင်း ၄၄,၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး လူ ၁၄ သန်းကျော်မှာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ငွေညှစ်ရန်အတွက် ရာနှင့်ချီသော ကလေးများကိုလည်း အတိအကျမသိရသည့် နေရာများတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စစ်ကောင်စီနှင့်အတူ လွန်ခဲ့သောနှစ်က ကြိုးစားခဲ့သော်လည်း တိုးတက်မှုမရှိပေ။
ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်းသည် အခြေအနေကို ထိန်းချုပ်နိုင်ကြောင်း လုပ်ဇာတ်ခင်းရန် အားထုတ်မှု တရားဝင်သည့် သဘောမျိုး နိုင်ငံကို ထိန်းချုပ်ထားသူအဖြစ် အခွင့်အာဏာ ထူထောင်ရန် အားထုတ်မှုသာ ဖြစ်သည်ဟု မြန်မာတွင် နေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသော ပရဟိတလုပ်သား တဦးက ပြောသည်။
ခရီးသွားလုပ်ငန်းသည် တည်ငြိမ်မှုကို သင်္ကေတပြုကြောင်း မြန်မာအခြေစိုက် အဆင့်မြင့် ခရီးသွား လုပ်ငန်း Sampan Travel မှ အမှုဆောင်အရာရှိချုပ် ဘာတီ အလက်ဇန္ဒား လော်ဆန် ပြောပြီး တည်ငြိမ်မှုရှိသည်ဆိုသည့် အနေအထားသည် မြန်မာအာဏာပိုင်များ ပြသလိုသည့် အနေအထား ဖြစ်ကြောင်းလည်း ပြောသည်။
လုံခြုံရေး အခြေအနေသည် လွန်ခဲ့သော နှစ်နှစ်ကနှင့်ယှဉ်လျှင် လွန်စွာပိုမိုဆိုးရွားနေကြောင်း၊ ကျရောက်နိုင်သည့် အန္တရာယ်ကို အထူး အလေးအနက်ထားသည့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းနှင့် ခရီးသွားပါက အန္တရာယ်ကင်းသော ခရီးဖြစ်နိုင်ကြောင်းလည်း သူကပြောသည်။
သို့သော် ၎င်းတို့ ရင်ဆိုင်ရမည့် အခြေအနေကို ခရီးသည်များအား ရှင်းပြသင့်ကြောင်း၊ မြန်မာလူမှု အသိုက်အဝန်းများအတွက် ကောင်းကျိုးဖြစ်စေခြင်း ရှိ၊ မရှိကို ထည့်သွင်းတွက်ချက်စရာလိုကြောင်း သူက ပြောသည်။
ရန်ကုန်အခြေစိုက် ခရီးသွာလုပ်ငန်းတခုဖြစ်သည့် Uncharted Horizons Myanmar ကို တည်ထောင်သူ ဂျိုချန် မစ်ဆနာက မြန်မာသို့ ခရီးသွားခြင်းကို ဆန့်ကျင်သည့် အကြံပေးသည်။ “ရန်ကုန်မှာတောင်မှ နေ့တိုင်း ဗုံးတွေကွဲ၊ လုပ်ကြံသတ်ဖြတ်မှုတွေဖြစ်ပြီး လမ်းပေါ်မှာ စစ်သားတွေ အများကြီးရောက်နေတယ်”ဟု သူက ပြောသည်။
စစ်ကောင်စီသည် ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာ အဓိကနေရာများကို လုံခြုံအောင်လုပ်မည် ဖြစ်သော်လည်း မြန်မာသို့ သွားရောက်လည်ပတ်ရန် မည်သူ့ကိုမျှ အားပေးမည် မဟုတ်ကြောင်း မစ်ဆနာက ပြောသည်။
ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိုးထားသူများကိုသာ နိုင်ငံတွင်သို့ ဝင်ရောက်ခွင့်ပေးပြီး တပတ်ကြာ သီးခြား ကွာရင်တင်းဝင်ကာ PCR စမ်းသပ်မှုနှစ်ကြိမ် ခံရန်လိုသည်။ ကမ္ဘာလှည့်ခရီးသည်များ ရင်ဆိုင်ရမည့် အခြား စိန်ခေါ်မှုများတွင် ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ငွေသား ရှားပါးခြင်းနှင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတို့ ပါဝင်သည်။
“ညဆိုရင် ရန်ကုန်မှာ မှောင်မဲနေတဲ့ နေရာတွေက အကျယ်ကြီးတွေ။ ဒါကြောင့် ခရီးသွားလုပ်ငန်း အဆင်ပြေမယ့် အခြေအနေလို့ မထင်ဘူး” ဟုလည်း အထက်တွင် ဖော်ပြခဲ့သည့် ပရဟိတလုပ်သားက ပြောသည်။
ယခင်က ကမ္ဘာလှည့် ခရီးသည်များအကြား ရေပန်းစားသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ် အပါအဝင် နိုင်ငံ၏ အစိပ်အပိုင်းအချို့သို့ ခရီးသည်များ သွာရောက်နိုင်မည် မဟုတ်ကြောင်း လော်ဆန်က ပြောသည်။ ထိုဒေသများတွင် ရေ၊ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက် ဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်သာ ရပြီး လူနေမှု အခြအနေ ဆိုးရွားနေသည်။
“ဒီ (မြန်မာ) မှာ ဘာမှ အဆင်မပြေဘူး” ဟု မစ်ဆနာက ပြောသည်။
ကိုးကား။ ။ The Guardian သတင်း Tourists urged to avoid Myanmar as junta prepares to reopen to world
You may also like these stories:
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း
ရန်ကုန်သူရန်ကုန်သားများ၏ ဘဝခါးခါး
ခိုးဆိုးလုနှိုက် အန္တရာယ်နှင့် လုံခြုံမှုကင်းမဲ့လာသည့် မြို့ပြများ
လုံခြုံရေးစိုးရိမ်သောကြောင့် ဦးပိုင်ရုံးချုပ် နေပြည်တော်ပြောင်းမည်