စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှ မီတာဘောက်များ ဝယ်ယူရန် တင်ဒါခေါ်ယူရာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် အကျိုးတူဆောင်ရွက်နေသော Same Sky ကုမ္ပဏီကသာ နှစ်စဉ် တင်ဒါအောင်မြင်နေသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဝန်ကြီးဌာနအတွက် မီတာဘောက် အလုံးရေ ၅ သိန်းဝယ်ယူရန် တင်ဒါခေါ်ခဲ့ရာတွင် Same Sky ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး မကြာခင် ထပ်မံ ဝယ်ယူမည့် မီတာဘောက်အလုံးရေ ၂ သန်းနီးပါးအတွက် တင်ဒါခေါ်ရာတွင်လည်း Same Sky ကုမ္ပဏီကသာ ဝယ်ယူခွင့်တင်ဒါအောင်မြင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသည့်အရာရှိကြီးတစ်ဦးက ပြောသည်။
“လုပ်ထုံးလုပ်နည်းနဲ့ညီအောင်သာ တင်ဒါခေါ်တာ ဘယ်ကုမ္ပဏီပဲ ဝင်ပြိုင် ဝင်ပြိုင် Same Sky ပဲရမှာ၊ အဲလိုရအောင်လည်း လူကြီးတွေက လုပ်ပေးထားတာ အဲဒါကိုသိလို အရင်အစိုးရတုန်းက တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေဆို တင်ဒါ ဝင်မဆွဲတော့ဘူး အခုဝင်ပြိုင်တဲ့ကုမ္ပဏီ သုံးခုကလဲ Same Sky ရဲ့ပါတနာတွေပဲ” ဟု လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌါနမှ အရာရှိကြီးတဦးကဆိုသည်။
၂၀၂၂ ခုနှစ်အတွက် မီတာဘောက်အလုံးရေ နှစ်သန်းနီးပါးဝယ်ယူရန် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌါနက ဖေဖော်ဝါရီလတွင် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ်သည်အထိ ဝင်ပြိုင်သည့်ကုမ္ပဏီ ၃ ခုသာရှိပြီး အဆိုပါကုမ္ပဏီ သုံးခုတွင် Same Sky ကုမ္ပဏီနှင့် ကျန်နှစ်ခုမှာ Same Sky ကုမ္ပဏီ၏ မိတ်ဖက်များဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကောင်စီလက်ထက် မီတာဘောက်များ ဝယ်ယူခွင့်ရရှိသော Same Sky ကုမ္ပဏီမှ ဝန်ကြီးဌါနသို့ရောင်းချပေးသော မီတာဘောက်ဈေးနှုန်းများမှာ NLD အစိုးရလက်ထက်က ဝယ်ယူသည့်ဈေးနှုန်းထက် ဈေးပိုကြီးနေသည်ဟုလည်း သိရသည်။
NLD အစိုးရလက်ထက်တွင် တင်ဒါအောင်သော ကုမ္ပဏီထံမှာ အိမ်သုံးမီတာ ဘောက်များဝယ်ယူသည့် ဈေးနှုန်းမှာ မီတာဘောက်တခု ကျပ်သုံးသောင်းဝန်ကျင်သာ ရှိခဲ့သည်။
ဦးမျိုးအောင် ဦးစီးသော Same Sky ကုမ္ပဏီသည် မြန်မာစီးပွါးရေးဦးပိုင်လီမီတက်ပိုင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုံအတွင်း မီတာထုတ်လုပ်သည့် စက်ရုံအား ၂၀၁၆ ခုနှစ်တွင် ငှါးရမ်းကာ Ever အမှတ်တံဆိပ်ဖြင့် အိမ်သုံးမီတာနှင့် စက်မှုလုပ်ငန်းသုံးမီတာတို့ကိုထုတ်လုပ်ခဲ့သည်။ မည်သည့်ဈေးဖြင့် ဦးပိုင်သို့ ပေးပြီးငှားရမ်းသည်ကိုမူ အတိအကျမသိပါ။
ဦးမျိုးအောင်သည် လျှပ်စစ်ဆိုင်ရာ စက်မှုလုပ်ငန်းတွင် ယခင် စစ်အစိုးရလက်ထက်ကတည်းက လုပ်ကိုင်ကျင်လည်လာခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထက် အစိုးရပိုင် စက်ရုံများ ပုဂ္ဂလိကပိုင် ပြုလုပ်ချိန် မြန်မာ့စီးပွားရေးဦးပိုင်လက်ထဲမှ စက်ရုံကို ငှားရမ်းကာ မီတာဘောက်များ စတင် ထုတ်လုပ်လာပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ အများဆုံး ရောင်းချခဲ့ရသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင်လည်း လျှပ်စစ်မီတာ ဘောက်များဝယ်ယူရာတွင် ဝန်ကြီးဌါနအနေဖြင့် ဦးပိုင်ကုမ္ပဏီတခုတည်းထံမှ ဝယ်ယူခဲ့သည်။
သို့သော် NLD အစိုးရတက်လာပြီး ၂၀၁၆ ခုနှစ်တွင် ဈေးပြိုင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူ ရာတွင် ဦးမျိုးအောင်၏ Ever အမှတ်တံဆိပ်ဖြင့် မီတာဘောက်များသည် အခြားပစ္စည်းများထက် ဈေးပိုမြင့်နေပြီး အရည်အသွေးမကောင်းသောကြောင့် မဝယ်ရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာမှာပင် အစိုးရဝယ်မှ ရောင်းချရသည့်အတွက် ဦးမျိုးအောင်၊ Same Sky နှင့် ဦးပိုင်တို့သည် အစိုးရမှ မဝယ်သည့်အခါ စက်ရုံပိတ်ရကိန်းကြုံခဲ့သည်။ ထိုအခါ ဦးမျိုးအောင်သည် ထိုအချိန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ၂ ဦးဖြစ်သော ဦးဝင်းခိုင်နှင့် ဒေါက်တာထွန်းနိုင်တို့ကို အဂတိလိုက်စားမှုကော်မတီတွင် တိုင်ကြားစာ ပို့ခဲ့သည်။ နောက်ဆုံး လွှတ်တော်ထဲတွင် ဆွေးနွေးတင်ပြရသည်အထိ ဖြစ်ခဲ့ပြီး ဝန်ကြီးဌာန၏ ရွေးချယ်မှု မှန်ကန်ကြောင်း ရှင်းလင်းစေခဲ့သည်။
ယမန်နှစ် စစ်အာဏာသိမ်းမှုက ဦးမျိုးအောင်တို့ကို အသက်ရှုချောင်သွားစေသည်။ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းထုတ်ထုတ်ကုန်များအား ဦးစားပေးရေး ပေါ်လစီကြောင့် စက်ရုံလည်း ပိတ်စရာမလိုတော့ပေ။
မီတာဘောက် ရောင်းချသည့်လုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်သုံးမီတာ တပ်ဆင်ရန် အလုံးရေ သန်း ၂၀ နီးပါး လိုအပ်နေသေးသည့်အတွက် မီတာဘောက်တလုံး ကျပ် ၂ ထောင်အမြတ်ရရှိပါက ကျပ်သန်းပေါင်း လေးသောင်း အမြတ်ရရှိမည်ဖြစ်သည်။
ဝေဖန်သူများကမူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွင်း အကျင့်ပျက်ခြစားမှု ပြန်လည်မြင့်တက်လာနေကြောင်း ပြောဆိုနေကြသည်။ သို့သော် အများပြည်သူနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီးကို ဖူလုံအောင် ပေးနိုင်စွမ်း မရှိတော့ပေ။
You may also like these stories:
လောင်စာဆီအခက်ခဲ စားသုံးသူကို အကျပ်အတည်းဖြစ်စေ
စက်သုံးဆီများ ထုတ်ရောင်းရန် လုပ်ငန်းရှင်များကို စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး
ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်
စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်ခိုင်းသော်လည်း ကြည့်ရှုသူ မရှိ