စစ်အာဏာသိမ်းပြီးနောက် လိုအပ်လာသော ဘတ်ဂျက်လိုငွေ နှင့် ဈေးကွက်အတွင်း ကျပ်ငွေ လည် ပတ်စီးဆင်းအကျပ်အတည်းကို ဖြေရှင်းရန် စစ်ကောင်စီက ကျပ် နှစ်သောင်းတန် ငွေစက္ကူ ရိုက်ထုတ် ရန် စီစဉ်နေသော သတင်းများထွက်ပေါ်နေမှုကို ဗဟိုဘဏ်ဘက်က ယတိပြတ်ငြင်း ဆိုခြင်း မရှိပေ။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က “ ငွေစက္ကူအသစ်ကိုပဲ ရိုက်ရိုက်၊ လက်ရှိ ရှိပြီးသား ငွေစက္ကူကိုပဲ ပုံစံပဲပြောင်းပြောင်း ကျနော်တို့က ပြည်သူလူထုကို ကြေညာပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီတော့ အခုက ကြေညာထားတာ ဘာမှမရှိသေးပါဘူး ” ဟု ဧရာဝတီသို့ပြောသည်။
သို့သော်လည်း ဧရာဝတီသတင်းဌာန၏ နှစ်သောင်းတန်စက္ကူ ရိုက်ထုတ်ရန် အစီအစဉ်မရှိကြောင်း ဆိုလိုခြင်းလားဟု ထပ်မံမေးမြန်းရာ သူက “ အဲဒီလိုလုပ်မယ်ဆိုရင် ကျနော်တို့ ကြေညာပါတယ်လို့ ကျနော်ပြောပြီးပြီလေ။ ကျနော်တို့ ကြေညာထားတာ မရှိပါဘူး။ ဘာမှ တရားဝင်မကြေညာသေးတာ ဒီအပေါ်ကို ကျနော်က ဘယ်လိုပြောရမလဲ ” ဟု ဆိုသည်။
စစ်ကောင်စီသည် ယခု မြန်မာ့နှစ်သစ်ကူးကာလအလွန်တွင် ကျပ် နှစ်သောင်းတန်ငွေ စက္ကူ ကို ကျပ် သန်း ၄၀ ပမာဏအထိ ရိုက်ထုတ်ရန် စီစဉ်လျက်ရှိကြောင်း ဗဟိုဘဏ် နှင့် နီးစပ်သည့် ဧရာဝတီ၏ သတင်းရင်းမြစ်တချို့ နှင့် ထိပ်တန်းစီးပွားရေးရှင်တချို့က ပြောဆိုကြသည်။
ကျပ် နှစ်သောင်းတန် ငွေစက္ကူများ ရိုက်ထုတ်ရန် လိုအပ်သည့် ကုန်ကြမ်းများကို စစ်ကောင်စီက ရရှိထားပြီးဖြစ်သလို ထုတ်လုပ်ရေးလုပ်ငန်းစဉ်တချို့ပင် စတင်နေပြီဖြစ်ကြောင်း ဗဟိုဘဏ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
ဧရာဝတီသတင်းဌာနသို့ ပေးပို့လာသော ငွေစက္ကူအသစ်ရိုက်နှိပ်ရာတွင် အသုံးပြုနေသော ကုန်ကြမ်း ပစ္စည်းစာရင်းတချို့ကို ၎င်း၏ လုံခြုံရေး အခြေအနေအရ အသေးစိတ်ဖော်ပြနိုင်ခြင်းမရှိပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့ငွေစက္ကူများ ရိုက်နှိပ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုရသော စက္ကူ နှင့် မင်များကို တင်သွင်းပေးသော ဂျာမနီကုမ္ပဏီ Giesecke Devrient က တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။
ထို့နောက် ရုရှားနှင့် နီးစပ်သော အရှေ့ဥရောပနိုင်ငံတချို့ထံမှ စစ်လက်နက်ပစ္စည်းများ နှင့် ငွေစက္ကူ အသစ်ရိုက်နှိပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသည်ဟု ယူဆရသော အငြင်းပွားဖွယ် အီရန် ကုန်တင်လေယာဉ်သည်လည်း စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်သို့ ၄ ကြိမ်ထက် မနည်း ဆင်းသက်ခဲ့သေးသည်။
“ တသောင်းတန် ၂ ရွက်ရိုက်မယ့်အစား နှစ်သောင်းတန် ၁ ရွက် ထုတ်မယ်ဆိုတာမျိုးလည်း ဖြစ်နိုင် တာပဲ။ စက္ကူဖိုးတို့ မင်ဖိုးတို့ ပိုသက်သာသွားမှာပေါ့ ” စီးပွားရေးပညာရှင် တဦးက မှတ်ချက်ပြုသည်။
သို့သော်လည်း စစ်ကောင်စီ အနေဖြင့် ငွေစက္ကူအသစ်ရိုက်ထုတ်လာနိုင်ခြင်းကိုမူ အတိအကျ ပြောရန် ခက်ခဲကြောင်း၊ ငွေစက္ကူအသစ်ရိုက်နှိပ်လာပါက ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွနှုန်းမြင့် တက်လာမည်ဖြစ်ကြောင်း သူက ဆိုသည်။
လတ်တလောတွင် ဗဟိုဘဏ်၏ ပြည်ပမှ ပြည်တွင်းဘဏ်များသို့ နည်းလမ်းတခုခုဖြင့် ဝင်လာသော အမေရိကန်ဒေါ်လာများကို ၁ ရက်အတွင်း သတ်မှတ်နှုန်းထား ကျပ်ငွေ အတိုင်း ရောင်းချခိုင်းသည့် ညွှန် ကြားချက် ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ နှင့် ဘဏ်များကြား အကျပ်အတည်း ဖြစ်လျက်ရှိသည်။
အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ပြင်ပ ပေါက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်း နည်းပါးသော ၁ ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းဖြင့် သတ်မှတ်ပြီး နေ့ချင်းပြီး ငွေလဲခိုင်းလိုက်သော ဧပြီလ ၃ ရက်နေ့တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များရှိ နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်လှစ်ထားသူများ၏ ငွေ တန်ဖိုး စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ ရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
“အဓိက သွင်းကုန်သမားတွေ ပိုထိကုန်ကြတာ၊ ပို့ကုန်သမားတွေကိုက အရင်ကတည်းက ဒေါ်လာ ဝင် လာတာနဲ့ ပြန်ရောင်းဖို့ ညွှန်ကြားထားတော့ အများစုက ပို့ကုန်သမားတွေဆီကို ပြန်ရောင်းကြတယ်။ သွင်းကုန်သမားတွေရဲ့ အကောင့်တွေထဲမှာပဲ ဒေါ်လာအများစုရှိနေတာပေါ့။ အဲဒီမှာ ဗဟိုဘဏ်က အခု လို ဈေးသတ်မှတ်လိုက်တော့ သူတို့ဝယ်ထားတာ အကုန်ရှုံးကုန်တာပေါ့ ” ဟု ပို့ကုန်လုပ်ငန်းရှင် တဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “အခုချိန်က မြန်မာနိုင်ငံမှာ စီးပွားရေးတောင် မလုပ်ချင်တော့ဘူး။ စီးပွားရေးလုပ် ငန်းတွေအတွက် ဘာမှ စိတ်အားတက်ကြွစရာကို လုံးဝမရှိတော့တာ ” ဟု ပြောဆိုသည်။
ဗဟိုဘဏ်၏ ယခု အမေရိကန်ဒေါ်လာ အပေါ် တင်းကျပ်လိုက်ခြင်း၏ အဓိက အကြောင်းအရင်းသည် နိုင်ငံခြားသုံးငွေ အရန်ပမာဏလျော့နည်းခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ပြောသည်။
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေမူဝါဒအသစ်ထွက်လာပြီးနောက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ နှင့် ပြည်ပမှ နည်းလမ်းအမျိုးမျိုးဖြင့် ဒေါ်လာရရှိသူများသည် ပြည်တွင်းဘဏ်စာရင်းများသို့ လွှဲပြောင်း မှု လျော့နည်းသွားပြီး ပြည်ပနိုင်ငံတခုခုရှိ ဘဏ်စာရင်းများထဲသာ သိမ်းထားလျက် ရှိကြသည်။
ထို မူဝါဒအသစ်ကြောင့် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ ရှားပါးမှုကို ပို၍ဖြစ်ပေါ်လာစေပြီး ဒေါ်လာ မှောင်ခိုဈေးကွက်ကို အကြီးအကျယ်ဖြစ်လာနိုင်သည်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိခြင်း နှင့် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းသွားပြီး ယခင်ကတည်းက ပြည်ပမှ သွင်းကုန်များကို အမှီ ပြု နေရသော နိုင်ငံဖြစ်ခြင်းကြောင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် အမြင့်ဆုံး အခြေအနေ များအထိ တရှိန်ထိုး တက်သွားခဲ့သည်။
ထိုအခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို နိုင်ငံ၏ အဓိက သွင်း ကုန်များဖြစ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ ဝယ်ယူတင်သွင်းသော လုပ်ငန်းများကို ပြည်တွင်း ဘဏ်များမှ တဆင့်ထုတ်ရောင်းပေးလျက်ရှိရာ ယခုစစ်အာဏာသိမ်းမှု ၁ နှစ်ကျော် ကာလ (၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ၂၀၂၂ ခုနှစ် မတ်လအထိ) အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် အထိ ထုတ်ရောင်းပေးခဲ့သည်။
သို့သော်လည်း ဈေးကွက်အတွင်း လိုအပ်ချက်ရှိသော ပမာဏကို ပြည့်မီအောင် ရောင်းချနိုင်ခြင်း မရှိ၍ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၂၀၀၀ ကျော်မှ ကျဆင်းသွားခြင်း မရှိပေ။
You may also like these stories:
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း
ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ
ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ