မြန်မာနိုင်ငံ၏ စားအုန်းဆီ တင်သွင်းရာတွင် အားထားနေရသည့် အင်ဒိုနီးရှားနိုင်ငံက ၎င်းနိုင်ငံတွင်း ဈေးနှုန်းကျဆင်းရေး ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုနှင့် ကုန်ကြမ်းတင်ပို့မှုကို ရပ်ဆိုင်းပြီး နောက်ပိုင်း မြန်မာ့ပြည်တွင်းစားအုန်းဆီဈေး အနည်းငယ်မြင့်တက်သွားခဲ့သည်။
ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းကို အဓိကဆောင်ရွက်နေသော နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသည် ၎င်းတို့၏ ပြည်တွင်းဈေးနှုန်းကျဆင်းရေးအတွက် ရည်ရွယ်ပြီး ပြည်ပသို့ တင်ပို့မှုကို ယခု ဧပြီလ ၂၈ ရက်မှ စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့သည့် တပတ်က ကြေညာခဲ့သည်။
ပြည်တွင်း စားအုန်းဆီတင်သွင်းသူ လုပ်ငန်းရှင် တဦးက “လက်ရှိကတော့ ဒီသတင်းကြားပြီးတော့ လူတွေက ကြောက်လန့် ပြီး ဝယ်တော့ ဈေးကွက်လှုပ်သွားတယ်။ အနည်းငယ် တက်သွားတယ်။ ဒါပေမယ့် ကျနော်တို့ စားဆီကတော့ နှစ်ပတ်၊ သုံးပတ်စာ ဈေးကွက် ထဲမှာ အလုံအလောက် ရှိပါတယ်။ ပြီးတော့ အခု အင်ဒိုနီးရှား ပိတ်လိုက်တော့ တခြားဘက် ဖြစ်တဲ့ မလေးရှားက လှည့်သွင်းဖို့ လုပ်နေတယ်။ အဲလိုမျိုး plan ထားတယ်။ ဒီနေ့လည်း အစည်းဝေးတွေ လုပ်ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက ဒေါ်လာလဲလှယ်နှုန်းကို အမေရိကန် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနှင့် သတ်မှတ်ထားသောကြောင့် စားအုန်းဆီဈေးနှုန်းများကိုလည်း ယင်းသတ်မှတ်ချက်နှင့် ဈေးနှုန်းသတ်မှတ်ကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များ အသင်းက ၁ ပိဿာ ၅၆၀၀ ကျပ် နှုန်းနှင့် မြို့နယ်အလိုက် ကားနှင့် လှည့်လည်၍ မြို့နယ်အလိုက် ရောင်းချပေးသော်လည်း ပြင်ပ ပေါက်ဈေးမှာ ၁ ပိဿာ ၆၀၀၀ ကျပ် ကျော်နှင့် အထက်မှ စရှိနေသည်။
“တချို့ နေရာတွေမှာ ဈေးတင်ရောင်းတဲ့သူတွေလည်း ရှိတာပေါ့နော်။ ဒါကတော့ အခု ဈေးတင် ရောင်းရင် အရေးယူမယ်လို့ ပြောထားတော့ အရေးယူခံရမှာတွေလည်း ရှိတယ်။ အခုက ဒေါ်လာ ပြန်ဝယ်တဲ့ နေရာမှာ စက်သုံးဆီနဲ့ စားအုန်းဆီက ဦးစားပေးကဏ္ဍထဲ ပါတော့ နည်းနည်းပါးပါးတော့ ပြန်ဝယ်လို့ ရတာရှိပါတယ်။ ဒါပေမယ့် ကြန့်ကြာတာတွေလည်း ရှိနေပါတယ်။ နှစ်ပတ်၊ သုံးပတ်စာတော့ ဆီလက်ကျန်က ရှိသေးတယ်။ အခြားပြောင်းသွင်းတော့ ဈေးနည်းနည်းမြင့်နိုင်တယ်”ဟု လည်း အဆိုပါ လုပ်ငန်းရှင်က ရှင်းပြသည်။
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုမှာ တလလျှင် တန်ချိန် ၅ သောင်းတင်သွင်းရသဖြင့် တနှစ် တန်ချိန် ၆ သိန်း ပျမ်းမျှခန့် ကန့်သတ်ချက်နှင့်တင်သွင်းနေရသည်။ ယင်းနှုန်းထားသည် စစ်ကောင်စီက ကန့်သတ်တင်သွင်းခြင်းကြောင့်သာ ဖြစ်ပြီး ပုံမှန် တင်သွင်းပါက တနှစ်လျှင် တန်ချိန် ၁၂ သိန်း နီးပါးအထိ ပြည်တွင်း စားသုံးမှု ရှိကြောင်း စားအုန်းဆီ တင်သွင်းသူများထံက သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှု ပိတ်လိုက်ခြင်းက ကမ္ဘာ့စားနပ်ရိက္ခာဖောင်းပွမှုကို ခြိမ်းခြောက်လာနိုင်ပြီး စိုက်ခင်းလက်ကျန်နည်းပါးချိန်တွင် ကမ္ဘာ့ စားအုန်းဆီဈေး ၇ ရာခိုင်နှုန်းခန့် မြင့်တက်သွားကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများ အနေနှင့်လည်း ဈေးနှုန်း မြင့်တက်လာနိုင်သည့် အခြေအနေရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ထို့ပြင် အင်ဒိုနီးရှား နိုင်ငံအစား မလေးရှားနိုင်ငံမှ တင်သွင်းမည်ဆိုလျှင် တင်သွင်းစရိတ် မြင့်နိုင်သဖြင့် စားသုံးသူဈေးကွက်တွင် စားဆီဈေးနှုန်း မြင့်နိုင်သည့် အခြေအနေရှိမည် ဖြစ်ကြောင်း ဆီကုန်သည်များက သုံးသပ်သည်။
မလေးရှားနိုင်ငံက တင်သွင်းခွင့် ရနိုင်၊ မနိုင် မသေချာခြင်း၊ ပြည်တွင်းဆီဖြစ်သော ဆီစက်ပိုင်ရှင်၊ ဆုံဆီပိုင်ရှင်များလည်း လက်ရှိတွင် လျှပ်စစ်မီးပျက်တောက်မှုများကြောင့် ညည်းတွားနေရသည့် အခြေအနေဖြစ်သောကြောင့် စားဆီဈေးများမှာ ဆက်လက် မြင့်တက်မည့် အခြေအနေတွင် ရှိနေသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ပြည်တွင်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသာမာသော လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည် ဝန်ဆောင်မှု ဥပဒေနှင့် အရေးယူမည်ဟု ကြေညာထားသည်။
လက်ရှိတွင် စားအုန်းဆီ လက်ကျန် တန်ချိန် ၃ သောင်း ၁ ထောင်ကျော်နှင့် ပိဿာချိန် ၁၉ သန်းကျော်ရှိသည့် အတွက် ပြည်တွင်း စားသုံးမှုအတွက် လုံလောက်ပြီး ပြည်ပမှ စားအုန်းဆီ သင်္ဘောများလည် ပုံမှန် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ပြည်တွင်းမှ စားသောက်ကုန်များကို ချက်ပြုတ်ပြီး ထုပ်ပိုးရောင်းချသူတဦးက “စားဆီ အရင်က ၁ ပိသာမှ ၅၀၀၀ ကျပ် ပတ်ချာလည်ရယ်။ အခု တလ နှစ်လအတွင်းကို ကျပ် ၈၀၀၀ ဝန်းကျင်အထိ မြန်မြန်ဆန်ဆန်ကို တက်သွားတာ။ အခု အခြေအနေအရ ထပ်တက်လာဖို့ရှိတာပေါ့။ နောက်နေကြာဆီ မတ်လ ကုန်တုန်းက 5 liter တဗူးကို ၁၉၀၀၀ ကျပ်ကနေ အခု ၂၄၀၀၀ ကျပ် ဝန်းကျင်နဲ့ ဝယ်ရတယ်။ အခုဆို ထပ်တက်ဖို့များတယ်။ ဆီဈေးတွေ တက်ပေမယ့် ကိုယ့် စားသောက်ကုန်ကျ အများကြီးလိုက်တက်လို့ မရဘူး။ အမြတ်ပါးပါးကို မကျန်ပါဘူး။အလုပ်ဖြစ်ရုံ လုပ်ငန်းလည်ပတ်ရုံသာ ဆက်သွားနေရတာ။ ဒီနေ့ဝယ်တဲ့ပစ္စည်းဈေးက နောက်ရက် အဲ့ဒီဈေးနဲ့မရတော့ဘူး”ဟု လက်ရှိ ဈေးနှုန်း မြင့်လာမှုနှင့် ပတ်သက်ပြီး ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ရွှေနှင့် စက်သုံးဆီဈေးကွက် ကောင်းစွာ မလည်ပတ်နိုင်သေး
ကျပ် နှစ်သောင်းတန် ငွေစက္ကူ ဗဟိုဘဏ် ရိုက်ထုတ်မလား
လောင်စာဆီအခက်ခဲ စားသုံးသူကို အကျပ်အတည်းဖြစ်စေ
ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်